COVID-19 စိန်ခေါ်မှုအသစ်နှင့် ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံ

COVID-19 စိန်ခေါ်မှုအသစ်နှင့် ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံ
မောင်တောမြို့နယ် ရွှေဇားကျေးရွာအုပ်စုအတွင်း ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်စဉ် (Photo:Rakhine Fire Force)
မောင်တောမြို့နယ် ရွှေဇားကျေးရွာအုပ်စုအတွင်း ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်စဉ် (Photo:Rakhine Fire Force)
Published 14 June 2020
အိသဥ္ဇာကျော်

မေ ၂၅ ရက်က တွေ့ရှိခဲ့သော အိန္ဒိယနိုင်ငံသို့ ခရီးသွားရာဇဝင်ရှိသူ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်နေ အသက် ၄၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး (Case-203) တွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ပြီး နောက်ပိုင်းမှစ၍ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လာသော ပြည်တော်ပြန်များတွင် COVID-19 ရောဂါပိုးတွေ့ရှိမှုများ နေ့စဉ်နီးပါးရှိလာခဲ့သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အချက်အလက်အရ မေ ၂၅ ရက်က တွေ့ရှိခဲ့သော Case-203 မှစ၍ ဇွန် ၁၂ ရက်အထိ တွေ့ရှိထားသော Case-261 အထိ (Case-207,230,231,232,233,242,243,249 လူနာများမှလွဲ၍) ကျန်လူနာ ၄၉ ဦးစလုံးမှာ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ ပြန်လာသော ပြည်တော်ပြန်များဖြစ်သည်။ ထိုပိုးတွေ့လူနာအားလုံးမှာ သက်ဆိုင်ရာဒေသအသီးသီးတွင် အသွားအလာ ကန့်သတ်ထားသူများဖြစ်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ပြီးခဲ့သည့် ဇွန်လ ပထမပတ်အတွင်းက ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသူ အမျိုးသားတစ်ဦးတွင် COVID-19 ပိုးတွေ့ရှိခဲ့ပြီး ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သူများကို Quarantine ပြုလုပ်ခဲ့ရသည်ဟု ဆိုသည်။

အဆိုပါ အတည်ပြုလူနာသစ်တစ်ဦးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဇွန် ၃ ရက်က နယ်စပ်ဖြတ်ကျော် ခိုးဝင်လာခြင်းဖြစ်ပြီး မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာတွင် နေထိုင်သူ ၂၅ နှစ်အရွယ်ရှိ ဟိန္ဒူအမျိုးသားတစ်ဦးဖြစ်သည်ဟု သိရသည်။ ၎င်းကို ဇွန် ၄ ရက်က သက်ဆိုင်ရာက ခေါ်ယူကာ လှဖိုးခေါင်စခန်း၌ အသွားအလာကန့်သတ် စောင့်ကြည့်ထားခဲ့ခြင်းဖြစ်ပြီး ဓာတ်ခွဲစစ်ဆေးချက်အ‌ဖြေမှာ ရောဂါပိုးတွေ့ရှိကြောင်း ဇွန် ၈ ရက် ညပိုင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါပိုးတွေ့လူနာအား Quarantine လုပ်ထားသည့် လှဖိုးခေါင်စခန်းမှ ‌မောင်တောခရိုင်ပြည်သူ့ဆေးရုံသို့ ဇွန် ၈ ရက်က ညတွင်းချင်း ပြောင်းရွှေ့ထားကြောင်းနှင့် ၎င်းနှင့် ထိတွေ့ခဲ့သူများကို စုံစမ်းခဲ့ရာ ဇွန် ၉ ရက် ညနေ ၃ နာရီအထိ လူနာ၏ ဆွေမျိုးများအပါအဝင် ထိတွေ့ခဲ့သူ ၁၉ ဦးကို လှဖိုးခေါင်စခန်းသို့ ပို့ဆောင်၍ Quarantine ထားရှိကြောင်း မောင်တောခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

“ ပိုးတွေ့တဲ့သူက ဇွန် ၃ ရက်က ဝင်လာတာဖြစ်ပြီး ကြိမ်ချောင်းမှာ တစ်ရက်ရှိခဲ့တယ်။ ဇွန် ၄ ရက်မှာ လှဖိုးခေါင်ကိုပို့ပြီး Quarantine လုပ်တယ်။ ဇွန် ၄ ရက်မှာပဲ Swab ယူပြီး ပို့ခဲ့တာဖြစ်တယ်။ မနေ့က ဓာတ်ခွဲအ‌ဖြေ Positive ထွက်လာတာပါ။ သူနဲ့ထိတွေ့ခဲ့တဲ့လူတွေကို စုံစမ်းနေပါတယ်။ အခ‌ု‌လောလောဆယ် ၁၉ ယောက်ကို ဖော်ထုတ်ရရှိပါတယ်။ သူတို့ကို လှဖိုးခေါင်မှာ Quarantine ထားဖို့ ခေါ်လာပါပြီ” ဟု မောင်တောခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါက်တာနုကေသီစံက ဆိုသည်။

မောင်တောမြို့နယ်သို့ မေ ၃၀ ရက်တွင် တစ်ဖက်နိုင်ငံမှ မိသားစုဝင်ငါးဦးတို့ တရားမဝင် ဝင်ရောက်လာကြသည့်အထဲတွင် အမျိုးသားတစ်ဦး၌ ကိုဗစ်ရောဂါပိုးတွေ့ခဲ့ကြောင်း၊ ယင်းသို့ ပိုးတွေ့ရှိသူ လူနာအမှတ် ၂၃၄ နှင့် ထိတွေ့ဆက်ဆံခဲ့သူ ၃၄ ဦးအား Quarantine ထားရှိပြီး ဓာတ်ခွဲစစ်ဆေးခဲ့ရာ ၎င်းတို့၏အဖြေမှာ ‌ရောဂါပိုးမတွေ့ကြောင်း မောင်တောခရိုင် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ထို့ပြင် ဇွန်လပထမပတ်အတွင်း ဘင်္ဂလားဒေ့ရှ်မှ မောင်တောခရိုင်အတွင်းသို့ ခိုးဝင်လာသူ ၁၂ ဦးအထိ ရှိကြောင်း မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ဇွန် ၁၁ ရက် ညပိုင်းက ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံမှ ပြန်လာပြီး အသွားအလာကန့်သတ်ထားသူများအနက် ၁၁ ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

ဇွန် ၁၁ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ ၆၅၂ ခု၊ ဆေးသုတေသနဦးစီးဌာနမှ ဓာတ်ခွဲနမူနာ ၁၉၃ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ ၃၅၈ ခုနှင့် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ ၉၄ ခု စုစုပေါင်း ၁၂၉၇ ခုအား စစ်ဆေးပြီးစီးခဲ့ရာ အတည်ပြုလူနာသစ် ၁၁ ဦး တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ညပိုင်းတွင် ထပ်မံတွေ့ရှိခဲ့သည့် အတည်ပြုလူနာ ၁၁ ဦးအနက် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှ အမျိုးသားတစ်ဦးသာ ပါဝင်ပြီး ကျန်သူများမှာ ရန်ကုန်တိုင်းဒေသကြီးမှ ဖြစ်သည်။

ရောဂါပိုးထပ်မံတွေ့ရှိခဲ့သည့် ရန်ကုန်တိုင်းမြို့နယ်များမှာ တာမွေ၊ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်များမှ ဖြစ်ပြီး ဆယ်ကျော်သက်အရွယ် ငါးဦးပါဝင်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည်။

နိုင်ငံတကာမီဒီယာများတွင် ဖော်ပြချက်အရ ဘင်္ဂလားဒေ့ရှ်တွင် ဇွန် ၁၁ ရက်အထိ COVID-19 အတည်ပြုလူနာသစ် ၃၁၈၇ ဦးရှိသောကြောင့် နိုင်ငံတစ်ဝန်းအတည်ပြု လူနာစုစုပေါင်း ၇၈၀၅၂ ဦးအထိ မြင့်တက်လာခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဇွန် ၁၁ တွင် ၃၇ ဦး ထပ်မံသေဆုံးခဲ့သောကြောင့် သေဆုံးသူစုစုပေါင်း ၁၀၄၉ ဦးအထိ မြင့်တက်လာခဲ့သည်။ ပြန်လည်သက်သာလာသူ ၈၄၈ ဦးရှိသောကြောင့် ပြန်လည်သက်သာလာသူစုစုပေါင်း ၁၆၇၄၇ ဦးရှိလာခဲ့သည်။ လူဦးရေ ၁၆၅ သန်းရှိသော ဘင်္ဂလားဒေ့ရှ်တွင် ဇွန် ၉ ၌ သေဆုံးသူ ၄၅ ဦးအထိ ရှိခဲ့သောကြောင့် မတ် ၁၈ တွင် ပထမဆုံးသေဆုံးမှုအပြီး နေ့အလိုက် သေဆုံးမှုတွင် စံချိန်တင်ခဲ့ပြီး ဇွန် ၁၀ တွင်မူ အတည်ပြုလူနာသစ် ၃၁၉၀ ဖြင့် စံချိန်တင်ခဲ့သည်။

အိန္ဒိယတွင် ဇွန် ၁၁ ရက်၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရှစ်ဦးထပ်မံသေဆုံးခဲ့သောကြောင့် သေဆုံးသူစုစုပေါင်း ၈၁၁၆ ဦးရှိလာခဲ့သည်။ အတည်ပြုလူနာများအနက် ပြန်လည်သက်သာလာသူ နောက်ထပ် ၁၅၀ ရှိသောကြောင့် ပြန်လည်သက်သာလာသူ စုစုပေါင်း ၁၄၁၁၂၉ ဦး ရှိလာခဲ့သည်။

ခုနစ်ရက်အတွင်း မြန်မာနိုင်ငံဘက်ခြမ်း၊ မောင်တောခရိုင်အတွင်း ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ပြန်လည်ဝင်ရောက်လာသူ ငါးဦးတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိခဲ့ပြီး ၎င်းတို့နှင့်ထိတွေ့ခဲ့သူ ၉၀ ကျော်ကို အသွားအလာစောင့်ကြည့် ကန့်သတ်ထားခဲ့ရသည်။

မောင်တောခရိုင်အတွင်း ဘင်္ဂလားဒေ့ရှ်မှ ပြန်လည်ဝင်ရောက်လာသူ ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း ဇွန် ၄ ရက် နံနက်ပိုင်းက ထုတ်ပြန်ခဲ့သည်။ ဇွန် ၈ ရက်တွင် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးတွင်လည်းကောင်း၊ ဇွန် ၁၀ ရက်တွင် ၄၆ နှစ်အရွယ်အမျိုးသမီး တစ်ဦးနှင့် ၃၂ နှစ်အရွယ် အမျိုးသား တစ်ဦး စုစုပေါင်းနှစ်ဦးတွင်လည်းကောင်း၊ ဇွန် ၁၁ ရက်တွင် ၂၆ နှစ် အရွယ်အမျိုးသား တစ်ဦးတွင်လည်းကောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုစဉ်က ပိုးတွေ့လူနာလေးဦးအား မောင်တောခရိုင် ပြည်သူ့ဆေးရုံတွင်လည်းကောင်း၊ ပိုးတွေ့လူနာ တစ်ဦးကို ဘူးသီးတောင် ပြည်သူ့ဆေးရုံတွင်လည်းကောင်း ကုသပေးလျက်ရှိပြီး ၎င်းတို့နှင့်ထိတွေ့ခဲ့သူ ၉၀ ကျော်ကိုလည်း လှဖိုးခေါင်စခန်းတွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသည်ဟု ဆိုသည်။

“ အခုဆိုရင် ပိုးတွေ့လူနာတွေနဲ့ ထိတွေ့သူတွေက ၉၀ ကျော်မယ်။ ဒါတွေကို လှဖိုးခေါင်မှာ အသွားအလာ စောင့်ကြည့်ထားတယ်။ မနေ့ကဆိုရင် ပိုးတွေ့လူနာတွေ နေသွားတဲ့ ရွှေဇားကျေးရွာအုပ်စု ကျေးရွာနှစ်ရွာမှာ နှစ်ရွာလုံးကလူတွေကို ကိုယ်အပူချိန်တိုင်း ပေးတယ်။ နောက်ပိုးသတ်ဆေးလိုက်ဖျန်းပေးတယ” ဟု မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ဆိုသည်။

လတ်တလောကာလတွင် နိုင်ငံအတွင်း အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်သို့ ခရီးသွားရာဇဝင်ရှိသူများတွင် COVID-19 ပိုးတွေ့ရှိမှု နေ့စဉ်နီးပါးတွေ့ရှိလာပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုးဝင်လာသူများတွင် COVID-19 ရောဂါပိုး တွေ့ရှိသည့်အတွက် ‌မောင်တောမြို့တွင် ရောဂါကူးစက်မှု များပြားလာမည်ကို ဒေသခံများ စိုးရိမ်လျက်ရှိသည်။

ထို့ကြောင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူများကို ဥပဒေနှင့်အညီ အရေးယူပေးရေးနှင့် နယ်စပ်လုံခြုံရေး တာဝန်ကျသူများအား တာဝန်လစ်ဟင်းမှုအတွက် အရေးယူပေးရေးအပါအဝင် အချက်လေးချက်ကို ဇွန် ၁၂ ရက်က မောင်တောမြို့တွင် လူလေးဦးက တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့သည်။

ဆန္ဒထုတ်ဖော်ရာတွင် တောင်းဆိုချက်များမှာ တရားမဝင် ခိုးဝင်လာသူများကို တားဆီးကာကွယ်ပေးရေး၊ မြန်မာနယ်စပ် လုံခြုံမှုရှိစေရေး၊ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူများအား ဥပဒေနှင့်အညီ အရေးယူပေးရေးနှင့် နယ်စပ်လုံခြုံရေး တာဝန်ကျသူများအား တာဝန်လစ်ဟင်းမှုအတွက် အရေးယူပေးရေး စသည့်အချက်များကို တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

လတ်တလောတွေ့ရှိရသော COVID-19 လူနာအများစုမှာ ပြည်ပနိုင်ငံများမှ ပြန်လာသူများဖြစ်ပြီး အသွားအလာ ကန့်သတ်ခံရသူများအနေဖြင့် သတ်မှတ်စည်းကမ်းများကို လိုက်နာဆောင်ရွက်ရန် ယခုအချိန်တွင် အထူးအရေးကြီးကြောင်း ဇွန် ၁၂ ရက်က ပြုလုပ်သည့် COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများအတွက် လှူဒါန်းပွဲအခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပြောကြားထားသည်။

မြန်မာနိုင်ငံသည် အခြားနိုင်ငံများနှင့် မတူသော ထူးခြားသည့်အခြေအနေတစ်ခုမှာ အိမ်နီးချင်းနိုင်ငံများ၊ ပြည်ပနိုင်ငံများမှ ပြန်လာသော မြန်မာနိုင်ငံသား ပြည်တော်ပြန်များ အစုလိုက် လူဦးရေ ထောင်သောင်းချီ၍ ပြန်လည်ဝင်ရောက်လာမှုများ ရှိနေဆဲဖြစ်ပြီး ထိုသူများမှတစ်ဆင့် ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေရခြင်းသည် စိန်ခေါ်မှုတစ်ရပ်အဖြစ် ရှိနေသည်။

COVID-19 ရောဂါသည် ရောဂါပျိုးချိန်၏ နှစ်ဆတာကာလ ဖြစ်သောရက်ပေါင်း ၂၈ ရက်အတွင်း ရောဂါဖြစ်ပွားသူတစ်ဦးမျှမရှိမှသာ ရောဂါကူးစက်ဖြစ်ပွားခြင်းမရှိဟု ယူဆနိုင်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးအသိပညာပေး နှိုးဆော်ချက်များနှင့် လမ်းညွှန်ချက်များအား ဆက်လက်လိုက်နာဆောင်ရွက်ကြရန် ဝန်ကြီးဌာနက ထပ်မံအသိပေး နှိုးဆော်ထားသည်။

ကူးစက်ရောဂါတစ်ခုခုကြောင့် ဖြစ်ပွားသော ကပ်ရောဂါ၏ သဘောသဘာဝဆိုသည်မှာ ဖြစ်ပွားမှုနှုန်း တဖြည်းဖြည်းမြင့်တက်လာခြင်း သို့မဟုတ် ဖြစ်ပွားမှုနှုန်းတန့်နေခြင်း သို့မဟုတ် တဖြည်းဖြည်းကျဆင်းလာခြင်း သို့မဟုတ် ရုတ်တရက် ထပ်မံမြင့်တက်လာခြင်းမျိုးရှိနိုင်ကြောင်း၊ ယခုလိုကာလအချိန်မျိုး၌ မည်သည့်ဘက်သို့ ဦးတည်သွားမည်ကို တစ်ထစ်ချခန့်မှန်းပြောဆိုရန် အချိန်အနည်းငယ်စောလွန်းနေပြီး ပြည်သူများ သိရှိရမည့်အချက်တစ်ချက်မှာ ရောဂါဖြစ်ပွားသူများ နေရာအနှံ့အပြားမှ အစုလိုက်အပြုံလိုက် တစ်ပြိုင်နက်တည်းနီးပါး ပေါ်လာခြင်းမျိုးရှိနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယခုလောလောဆယ်ကာလတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ဆောင်ရန်၊ ရှောင်ရန်အချက်များကို မလိုက်နာသူများရှိနေနိုင်ခြင်းနှင့် ရောဂါပျိုးချိန်ကာလအတွင်း၌ ရှိနေပြီး ရောဂါလက္ခဏာမပြသေးသူများ၊ ရောဂါမဖြစ်သေးသူများ ရှိနေနိုင်ခြင်းတို့ကြောင့် တစ်ချိန်တည်း တစ်ပြိုင်နက်နီးပါး ရောဂါကူးစက်ပြန့်ပွားမှုများ အများအပြားဖြစ်လာနိုင်ကြောင်းနှင့် ထိုကဲ့သို့ ရောဂါကူးစက်မှုများသည် နေရာအနှံ့အပြား၌ တစ်ပြိုင်နက် ပေါ်ပေါက်လာပါက ရောဂါထိန်းချုပ်ရန် ခက်ခဲပြီး မနိုင်မနင်း ဖြစ်လာမည်ဖြစ်ကြောင်းလည်း သိရသည်။

ရောဂါတစ်ခုသည် ရောဂါပျိုးချိန် ရှည်ကြာလျှင်ရှည်သလောက် ပိုမိုအန္တရာယ်ရှိနိုင်ပြီး နေရာဒေသတစ်ခုတွင် ကပ်ရောဂါတစ်ခု၏ ရောဂါပျိုးချိန်အရှည်ကြာဆုံးကာ လ၏ နှစ်ဆတာကာလအတွင်း ရောဂါဖြစ်ပွားသူ တစ်ဦးတစ်ယောက်မျှမရှိမှ သာလျှင် အဆိုပါနေရာဒေသ၌ ရောဂါကူးစက်ဖြစ်ပွားခြင်းမရှိတော့ဟု ကောက်ချက်ချနိုင်ကြောင်း နှင့် ယခု COVID-19 ရောဂါတွင် ရောဂါပျိုးချိန်၏ နှစ်ဆတာကာလဖြစ်သော ၂၈ ရက်အတွင်း ရောဂါဖြစ်ပွားသူ တစ်ဦးတစ်ယောက်မျှမရှိမှသာ ရောဂါကူးစက်ဖြစ်ပွားခြင်းမရှိတော့ဟု ယူဆနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားချက်အရ သိရသည်။

ထိုသို့ ရောဂါဖြစ်ပွားမှုမရှိတော့ဟု ကောက်ချက်ချနိုင်သောအခြေအနေသို့ ရောက်ရှိပါကလည်း မိမိတို့အနေဖြင့် ကပ်ရောဂါတစ်ခုခု၏ အတိမ်အနက်ကို လုံးဝလျှော့တွက်၍မရကြောင်း၊ အဘယ်ကြောင့်ဆိုသော် COVID-19 ရောဂါသည် ကမ္ဘာ၌ အသစ်ဖြစ်ပေါ်သောရောဂါ ဖြစ်သည့်အပြင် ရောဂါ၏ကူးစက်ပြန့်ပွားမှုပုံသဏ္ဌာန်၊ ပျံ့နှံ့မှုအရှိန်အဟုန်၊ ရောဂါပြင်းထန်မှုအတိုင်းအတာစသည့် ရောဂါ၏ သဘောသဘာဝများကို အပြည့်အဝ မသိရှိရသေးသဖြင့်ဖြစ်ကြောင်း၊ ကူးစက်မြန်သည့် ရောဂါတစ်ခုဖြစ်သော COVID-19 ကာကွယ် ထိန်းချုပ်မှုလုပ်ငန်းများကို ကူးစက်ရောဂါ ဗေဒရှုထောင့်၊ လူမှုစီးပွားရေးရှုထောင့်နှင့် ရှုထောင့်ပေါင်းစုံမှ သုံးသပ်၍ တစ်ဆင့်ချင်း တဖြည်းဖြည်းသာ လျှော့ချပြီး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကပ်ရောဂါအသွင် ဖြစ်နေသော ရောဂါတစ်ခု၏ ထိန်းချုပ်မှုလုပ်ငန်းများကို ရုတ်ချည်းလွှတ်လိုက်ပါက စပရိန်တစ်ခုသဖွယ် အရှိန်ဖြင့် ပြန်တွန်းကန်တတ်သည့် သဘောရှိသဖြင့် တဖြည်းဖြည်းချင်းသာ လျှော့ချရမည်ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်၍ ပြည်သူများနှင့် အသွားအလာကန့်သတ်ခံထားရသူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးအသိပညာပေး နှိုးဆော်ချက်များနှင့် လမ်းညွှန်ချက်များအား အရှိန်အဟုန်မပျက် ဆက်လက်လိုက်နာ ဆောင်ရွက်ကြပါရန်နှင့် လုံးဝမပေါ့ဆကြပါရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထပ်မံတိုက်တွန်းနှိုးဆော်ထားသည်။

လက်ရှိအချိန်တွင် မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် နေရပ်ပြန်လာသူများ၊ မလွှဲတောင် စစ်ဆေးရေးဂိတ်မှတစ်ဆင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း ဝင်ရောက်လာသူများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နယ်စပ်ဖြတ်ကျော် ခိုးဝင်လာသူများလည်း ရှိနေဆဲဖြစ်သည်။

လက်ရှိ COVID-19 လူနာတွေ့ရှိမှုများနှင့်ပတ်သက်၍ နေပြည်တော် ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက “ လက်ရှိမှာ စိတ်ချရတဲ့အခြေအနေတွေရှိနေပြီလို့ ပြောလို့ မရသေးပါဘူး။ Lockdown ဖြေလိုက်တဲ့ တချို့နိုင်ငံတွေမှာဆိုရင် ရောဂါဖြစ်ပွားမှုတွေ ပြန်ထကြွလာတာကို တွေ့ရပါတယ်။ အခုမေးကြတယ်။ ဒုတိယလှိုင်း ပြန်စတော့မလားဆိုပြီး။ ဒုတိယလှိုင်း မပြောနဲ့ ပထမလှိုင်းတောင် မပြီးသေးဘူး။ လှိုင်းတစ်ခုဆိုတာက တက်သွားမယ် ပြန်ကျမယ်ပေါ့။ အခုကျွန်မတို့ဆီမှာက စကျတဲ့အဆင့်ပဲ ရှိသေးတယ်။ ဆက်ကျနေဖို့လည်း လိုတယ်။ ဒါပေမဲ့ ကျွန်မတို့မှာ တခြားနိုင်ငံတွေနဲ့မတူတဲ့ ကျွန်မတို့နိုင်ငံရဲ့ စိန်ခေါ်မှုက ပြည်ပက ပြန်ဝင်လာတဲ့ နယ်စပ်က ပြန်ဝင်လာတဲ့ အစုလိုက်အပြုံလိုက် သောင်းနဲ့ချီ သိန်းနဲ့ချီတဲ့ ပြည်သူတွေပြန်ဝင်လာတာမျိုး တခြားနိုင်ငံတွေမှာမရှိပေမဲ့ ကျွန်မတို့နိုင်ငံမှာ ဒီအခြေအနေကို ရင်ဆိုင်နေရတယ်။ ဒါကြောင့်မို့ သူများနဲ့မတူတဲ့ စိန်ခေါ်မှုလည်း ဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်မတို့ ပိုပြီးတော့ ပေါ့ဆလို့မရပါဘူး။ လက်ရှိအခြေအနေမှာ ထိန်းနိုင်တယ်ဆိုတာကလည်း နိုင်ငံတော်မှာ ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေရဲ့ တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက်မှု၊ ခေါင်းဆောင်မှုပေးမှု၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရဲ့ လမ်းညွှန်မှုတွေ၊ ကျန်းမာရေးဝန်ထမ်းတွေရဲ့ တက်တက်ကြွကြွပါဝင်မှု၊ ပြည်သူတွေရဲ့ သူတို့ရဲ့ ပူးပေါင်း ပါဝင်ဆောင်ရွက်မှုကြောင့်သာ ဒီလိုအခြေအနေအထိ ကျွန်မတို့နိုင်ငံက အခြေအနေကောင်းတယ်လို့ ပြောလို့ရတဲ့အနေအထားမှာ ရှိနေတာ ဖြစ်ပါတယ်။ ဒါကို အရှိန်မလျှော့ဖို့လိုပါတယ်။ အခုက ပျော်ရမယ့် အချိန်လည်း မဟုတ်သေးပါဘူး။ ရောဂါကင်းစင်ပြီလို့ ကြေညာနိုင်ဖို့ မြန်မြန်ကြုံချင်တယ်ဆိုရင် လိုက်နာရမယ့် စည်းကမ်းတွေကို စနစ်တကျ လိုက်နာဖို့လိုပါတယ်။ သံသယရှိတဲ့သူဆိုရင်လည်း ချက်ချင်းသတင်းပေးပို့ဖို့ လိုပါတယ်” ဟု ဆိုသည်။

“ ပြည်သူပြည်သားတွေကို ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်တာကတော့ ဒီရောဂါကို လျှော့ပြီး မတွက်ကြပါနဲ့။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ထက် အဆပေါင်းများစွာ ကျန်းမာရေးစနစ်တွေ အရမ်းကောင်းတဲ့ နိုင်ငံတွေ စီးပွားရေး ဖွံ့ဖြိုးတဲ့နိုင်ငံတွေ ကမ္ဘာ့ထိပ်တန်းနိုင်ငံတွေမှာ ဖြစ်ပွားမှုတွေဆိုရင် လူဦးရေသန်းနဲ့ချီပြီး သိန်းနဲ့ချီသေ နေကြပါတယ်။ ကိုယ့်နိုင်ငံလိုမျိုး အစစအရာရာမှာ လိုအပ်ချက်တွေ ရှိနေတယ်။ တိုးတက်ဖို့အတွက် ကြိုးစားပမ်းစား ၀ိုင်းဝန်းကြိုးစားနေရတဲ့အချိန်မှာ ကိုယ့်နိုင်ငံမှာ လူအင်အားကအစ ပစ္စည်းအင်အားအဆုံး လိုအပ်ချက်တွေ ရှိနေတာဖြစ်ပါတယ်။ တကယ်ဖြစ်လာပြီဆိုရင်တော့ ကျန်းမာရေးဝန်ထမ်းတွေကတော့ ဖြစ်သမျှကို အကောင်းဆုံးလုပ်ပေးဖို့ အစီအမံတွေတော့ ပြင်ဆင်ထားပြီးသား ဖြစ်ပါတယ်။ သို့သော် အဲဒီအဆင့်အထိတော့ ဘယ်သူမှ မရောက်လိုပါဘူး။ ရောက်လို့လည်း မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲ ကိန်းဂဏန်းအရ လူခြောက်ဦးသေတယ်ဆိုပေမဲ့ သေသွားတဲ့သူ တစ်ယောက်စီတစ်ယောက်စီတိုင်းရဲ့ မိသားစုတွေမှာ ရာနှုန်းပြည့်ဆုံးရှုံးမှုတွေ ဖြစ်ပါတယ်။ အစားဘယ်လိုမှ ပြန်မရတဲ့ဆုံးရှုံးမှုတွေ ဖြစ်ပါတယ်။ အဲဒီလိုပဲ ပြည်သူပြည်သား တစ်ယောက်စီတစ်ယောက်စီမှာလည်း မိသားစုတွေရှိတယ်။ ဘယ်သူကိုမှ အပွန်းပဲ့မခံစေချင်ပါဘူး” ဟု နေပြည်တော် ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ ဒေါက်တာ ခင်ခင်ကြီးက အကြံပြုထားသည်။

Most Read

Most Recent