နှစ်မကုန်ခင် စတင်မယ့် KMIC ၊ တရုတ်ကုမ္ပဏီရဲ့ ရွှေနဲ့ ကြေး ထုတ်ခွင့် မြေဧကနှစ်သိန်းလောက်က စီမံကိန်းဧရိယာလျှော့ချပေးဖို့ တောင်းဆိုမှု၊ ပြန်လည်စတင်မယ့် ပြည်တွင်းခရီးသွား

နှစ်မကုန်ခင် စတင်မယ့် KMIC ၊ တရုတ်ကုမ္ပဏီရဲ့ ရွှေနဲ့ ကြေး ထုတ်ခွင့် မြေဧကနှစ်သိန်းလောက်က စီမံကိန်းဧရိယာလျှော့ချပေးဖို့ တောင်းဆိုမှု၊ ပြန်လည်စတင်မယ့် ပြည်တွင်းခရီးသွား
သတ္တုစူးစမ်းရှာဖွေခွင့်ရရှိခဲ့သော ဝန်းသို (၃) ဧရိယာတွင် တစ်ခုအပါအဝင်ဖြစ်သည့် ပင်လည်ဘူးမြို့နှင့် ဝန်းသိုမြို့အစပ်ကြားရှိ မှန်ကင်းတောင်ကို တွေ့ရစဉ်
သတ္တုစူးစမ်းရှာဖွေခွင့်ရရှိခဲ့သော ဝန်းသို (၃) ဧရိယာတွင် တစ်ခုအပါအဝင်ဖြစ်သည့် ပင်လည်ဘူးမြို့နှင့် ဝန်းသိုမြို့အစပ်ကြားရှိ မှန်ကင်းတောင်ကို တွေ့ရစဉ်
Published 14 June 2020
ဖြိုးဝေ

ဘင်္ဂလားဒေ့ရှ်နဲ့  အိန္ဒိယက ပြန်လာသူတွေမှာ COVID-19 ပိုးတွေ့ခဲ့တာကြောင့် ပိုးတွေ့လူနာစာရင်း ၂၆၀ ကျော်လာခဲ့တဲ့ ဒီတစ်ပတ်မှာဆိုရင် ကျောင်းတွေလည်း ပြန်ပြီးဖွင့်လှစ်ဖို့ စိုင်းပြင်းနေပါတယ်။

Local Transmission ဟာ ရပ်တန့်နေတယ်လို့ ဆိုနိုင်ပေမဲ့လည်း ပြည်တွင်းပြန်ဝင်လာသူတွေကို စစ်ဆေးပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေပါ ကူးစက်ခံရပြီးတော့ ထပ်ဆင့်ဖြန့်ဝေသူမဖြစ်ရေး လိုအပ်နေတဲ့ အခြေအနေမှာ ရွေးကောက်ပွဲကျင်းပရေးအတွက် တာစူနေတာကိုလည်း မြင်ခဲ့ရတော့ ရောဂါပိုးတစ်ဖက်၊ ရွေးကောက်ပွဲတစ်ဖက်မှာ ထိထိရောက်ရောက်သာ မစီမံ၊ မခန့်ခွဲနိုင်ရင် ရောဂါကူးစက်မှု ပိုဆိုးမလားလို့လည်း တွေးစရာဖြစ်လာပါတယ်။

ဒီလိုအခြေအနေမှာ အခြေခံလူတန်းစားတွေကို ထောက်ပ့ံမယ်ဆိုတဲ့ ကျပ်လေးသောင်းပတ်လည်ကို ပေးအပ်နိုင်မှု မရှိသေးချိန်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က COVID-19 ရောဂါဟာ ဘယ်လောက်ကြာမယ်ဆိုတာ ခန့်မှန်းမရနိုင်လို့ အခြေခံလူတန်းစားတွေအပေါ် တောက်လျှောက်ပ့ံပိုးဖို့ ခက်တဲ့အကြောင်း ပြောလာမှုတွေလည်း ရှိနေပါတယ်။

ကျောင်းဖွင့်ရေး၊ ရွေးကောက်ပွဲနဲ့ အလုပ်လက်မဲ့အခြေအနေတွေကြားမှာ အစိုးရဘက်က ထောက်ပံ့တော့မှာမဟုတ်ဘူးလို့ ဆိုခဲ့တာမျိုးဟာ COVID-19 ကြောင့် အလုပ်ပြုတ်သွားသူတွေကို အားလျှော့စေနိုင်တာတော့ အမှန်ပါပဲ။

တစ်ဖက်မှာဆိုရင်လည်း AA အကြမ်းဖက်သောင်းကျန်းသူတွေက  မြို့ပေါ်မှာတောင် ပေါ်ပေါ်ထင်ထင် တိုက်ခိုက်သတ်ဖြတ်လာတာ၊ ကမ္ဘာ့အမွေအနှစ်ဒေသတွေမှာ ဌာပနာတွေ၊ ရှေးဟောင်းအမွေအနှစ်တွေ ဖျက်ဆီးခိုးယူခံနေရတဲ့ ဂယက်တွေနဲ့ ဒီတစ်ပတ်မှာဆိုရင် နှစ်မကုန်ခင် စတင်မယ့် KMIC ၊ တရုတ်ကုမ္ပဏီရဲ့ ရွှေနဲ့ ကြေး ထုတ်လုပ်ခွင့် မြေဧက နှစ်သိန်းလောက်က စီမံကိန်းဧရိယာ လျှော့ချပေးဖို့ တောင်းဆိုမှုနဲ့ ပြန်လည်စတင်မယ့် ပြည်တွင်းခရီးသွားလုပ်ငန်းတွေအကြောင်းကို တင်ပြချင်ပါတယ်။

 

နှစ်မကုန်ခင် စတင်မယ့် မြန်မာ- ကိုရီးယား စီးပွားရေးပူးပေါင်းမှု စက်မှုဇုန်

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ညောင်နှစ်ပင်မှာရှိတဲ့ မြေ ၅၅၅ ဧကကျော်ပေါ် အကောင်အထည်ဖော်မယ့် မြန်မာ-ကိုရီးယား စီးပွားရေးပူးပေါင်းမှု စက်မှုဇုန်စီမံကိန်း (KMIC) ကို ဒီနှစ်မကုန်မီမှာ လုပ်ငန်းတွေ စတင်အကောင်အထည်ဖော်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

“ ဒီစီမံကိန်းမှာ ကိုရီးယားက ရာခိုင်နှုန်း ၆၀၊ မြန်မာနိုင်ငံက ရာခိုင်နှုန်း ၄၀ နဲ့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ကိုရီးယားက Korea Land and Housing Corporation နဲ့ မြန်မာနိုင်ငံက ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက Developer အနေနဲ့ ဖက်စပ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောကြားပါတယ်။

COVID-19 ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တွန့်ဆုတ်နေချိန်မှာ ကိုရီးယားလိုနိုင်ငံမျိုး ရင်းနှီးမြှုပ်နှံမယ့် Korea Myanmar Industrial Complex (KMIC) ဟာဆိုရင် မြန်မာနိုင်ငံအတွက် အလုပ်အကိုင် အခွင့်အလမ်းတင်မက ပြည်ပရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကိုပါ တိုးမြင့်စေမှာဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာ လျှော့ချမျှော်မှန်းနေရတဲ့ လျာထား FDI ပြည့်မီဖို့တောင် မနည်းလုပ်နေရတဲ့ အခြေအနေမှာ ကိုရီးယားတွေမြှုပ်နှံတဲ့ KMIC သာ ဂျပန်မြှုပ်နှံတဲ့ သီလဝါလို ဖြစ်လာမယ်ဆိုရင် မြန်မာနိုင်ငံတိုးတက်ရေးအတွက် တတပ်တအားဖြစ်လာစေမှာပါ။

 

ရွှေနဲ့ကြေးထုတ်ခွင့် မြေဧကနှစ်သိန်းလောက်ကို စီမံကိန်းဧရိယာလျှော့ချပေးဖို့ တောင်းဆိုမှု

စစ်ကိုင်းတိုင်း ကောလင်း-ဝန်းသို-ပင်လည်ဘူး-ဗန်းမောက်ဒေသတွေမှာ တရုတ်ပိုင် သြစတြေးလျကုမ္ပဏီ PanAust က မြေဧရိယာ နှစ်သိန်းနီးပါးကို ရွှေနဲ့ ကြေးနီ သတ္တု စမ်းသပ်တိုင်တာ ရှာဖွေခွင့်ရရှိခဲ့မှုအပေါ် စီမံကိန်းမြေဧရိယာ လျော့ပေါ့ပေးဖို့ မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းချုပ်က အစိုးရကို တိုက်တွန်းချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်ချက်မှာဆိုရင် မြန်မာနိုင်ငံအတွင်း တိုင်းနဲ့ ပြည်နယ်အသီးသီးက တိုင်းရင်းသားဒေသတွေမှာ သယံဇာတရှာဖွေ တူးဖော်မှုတွေ ပြုလုပ်မယ့် PanAust ကုမ္ပဏီအနေနဲ့ မိမိတို့တိုင်းရင်းသားလူမျိုးတွေ၊ ဒေသခံတွေနဲ့ ကြိုတင်ဆွေးနွေးညှိနှိုင်းဖို့ လိုအပ်မယ်ဆိုတာနဲ့ တိုင်းရင်းသားဒေသတွေအတွက် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုအခြေအနေ၊ သယံဇာတ တန်ဖိုးငွေအပေါ် အကျိုးခံစားရရှိမှု အလုပ်အကိုင်အခွင့်အလမ်း စတာတွေကို အမှန်တကယ် အကျိုးရှိ/မရှိ ကြိုတင်ဆွေးနွေးသင့်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံတော်က တိုင်းရင်းသား လူမျိုးစုတွေရဲ့ အခွင့်အရေးတွေ မဆုံးရှုံးစေရေးနဲ့ တိုင်းရင်းသားဌာနေ လူမျိုးစုတွေရဲ့ သဘောထားကို ကြိုတင်ရယူသင့်ပြီး လက်ရှိအခြေအနေအရ ကြိုတင်ရယူမှု သဘောထားညှိနှိုင်းမှုတွေမရှိဘဲ လုပ်ခဲ့တဲ့အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၄၇ နဲ့ ၃၄၉ တို့အရ နိုင်ငံသားတွေ အခွင့်အရေးမဆုံးရှုံးစေဖို့၊ ဒေသခံရှမ်းနီတိုင်းရင်းသားအများစုရဲ့ စားဝတ်နေရေး အခက်အခဲမဖြစ်ပေါ်စေဖို့၊ သဘာဝပတ်ဝန်းကျင်နဲ့ တိုင်းရင်းသားအကျိုးစီးပွားတွေ ဆုံးရှုံးမှုလျော့နည်းစေဖို့တွေ ရှေးရှုထောက်ထားပြီး သင့်တင့်မျှတတဲ့ မြေဧရိယာအဖြစ် ပြန်လည်စိစစ်သတ်မှတ်ပေးပါလို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ခွင့်ပြုဧရိယာနှစ်သိန်းခန့် (၁၈၀၀၀၀) ကနေ လျှော့ပေါ့ခွင့်ပြုပေးသင့်ပြီး ဌာနေတိုင်းရင်းသားတွေရဲ့ အရေးကို ထည့်သွင်းစဉ်းစားပြီး လုပ်ပိုင်ခွင့်တွေ တန်းတူရရှိရေး ပြန်လည်စိစစ်ခွင့်ပြုပေးနိုင်ဖို့အတွက် သက်ဆိုင်ရာနဲ့ တွေ့ဆုံဆွေးနွေးခွင့်ပြုသင့်တယ်လို့ ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

သတ္တုစူးစမ်းရှာဖွေခွင့်လိုင်စင် (Exploration) ရရှိခဲ့တဲ့ PanAust ကုမ္ပဏီဟာ လက်ရှိအစိုးရလက်ထက် သတ္တုတူးဖော်ရေးဥပဒေကို ပြဋ္ဌာန်းအပြီး ၂၀၁၈ ခုနှစ်မှာ သတ္တုရှာဖွေရေးလိုင်စင်ကို ပထမဆုံးရရှိခဲ့တဲ့ ကုမ္ပဏီဖြစ်ပြီး အဲဒီစီမံကိန်း မတိုင်ခင်ကလည်း သတ္တုရှာဖွေရေး လိုင်စင်သုံးခုကို ၂၀၁၆ ခုနှစ်အတွင်းက ရရှိထားပါတယ်။

သြစတြေးလျနိုင်ငံမှာ ရုံးခန်းဖွင့်လှစ်ထားပြီး တရုတ်အစိုးရပိုင် Guandoungasses Company က ပိုင်ဆိုင်တဲ့ PanAust ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ သတ္တုရှာဖွေရေး လုပ်ငန်းတွေအတွက် ပြည်တွင်းမိတ်ဖက်ကုမ္ပဏီဖြစ်တဲ့ Myanmar Energy Resources Group International Company Limited (MERG) နဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ရော ဒေသခံလွှတ်တော် ကိုယ်စားလှယ်တွေရော PanAust ရဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အသေးစိတ်မသိရှိဘူးလို့ ဖြေကြားထားတဲ့ ဒီစီမံကိန်းဟာ လက်ရှိအချိန်မှာ မြန်မာနိုင်ငံအတွက် စိုးရိမ်စရာကောင်းလွန်းတဲ့ အခြေအနေအဖြစ် ရှုမြင်ခံနေရတဲ့ စီမံကိန်းလည်းဖြစ်ပါတယ်။       

ဘာကြောင့်လဲဆို တောင်သူ ဒေါ်ခင်ဝင်းကို သေနတ်ထိမှန် သေဆုံးစေတဲ့အပြင် သံဃာတော်တွေကိုပါ မီးလောင်ဗုံးလား၊ မီးခိုးဗုံးလား အငြင်းပွားနေဆဲဖြစ်တဲ့ ဗုံးနဲ့ ဖြိုခွင်းခဲ့တာကြောင့် နိုင်ငံတစ်ဝန်းလုံးမှာ ကန့်ကွက်သံညံခဲ့တဲ့အပြင် လက်ရှိအချိန်အထိ ဆန္ဒပြမှုပဋိပက္ခတွေ ဖြစ်ပွားနေဆဲဖြစ်တဲ့ လက်ပံတောင်းတောင် ကြေးနီထုတ်လုပ်ရေးစီမံကိန်းလိုဖြစ်မှာ စိုးရိမ်နေကြလို့ဖြစ်ပြီး ခွင့်ပြုပေးခဲ့တဲ့ ဧရိယာကလည်း လက်ပံတောင်းတောင် စီမံကိန်းထက် အဆ ၂၀ ကျော်၊ ၃၀ နီးပါးလောက် ပိုမိုကြီးမားနေလို့ပဲ ဖြစ်ပါတယ်။

လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းမှာ သာသနိကနယ်မြေတွေ ပါဝင်ခဲ့လို့ ကန့်ကွက်သံဆူညံခဲ့သလိုမျိုး PanAust ရဲ့ စီမံကိန်းမှာလည်း သာသနိကအဆောက်အအုံတွေပါ ဝင်နေတယ်လို့ ဆူညံနေတာကြောင့် အစိုးရအနေနဲ့ ဘယ်လိုအတွေးနဲ့များ ဒီလိုဧကသိန်းနဲ့ချီ ထုတ်လုပ်ခွင့်ပြုခဲ့တယ်ဆိုတာ ရှင်းလင်းဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း မြန်မာပြည်သူတွေရဲ့ တရုတ်အစိုးရပိုင်ကုမ္ပဏီကလုပ်မယ့် စီမံကိန်းဆိုတာနဲ့ လက်မခံတော့ဘူးဖြစ်ရတဲ့အထိ တရုတ်နဲ့ ပတ်သက်တဲ့ စိုးရိမ်မှု ကြီးမားနေဆဲဖြစ်တာကို မြင်နေရပြီး တရုတ်အစိုးရကျင့်သုံးလာနေတဲ့ အလွှာစုံဆက်ဆံရေး မအောင်မြင်သေးတာကို မြင်နေရပါတယ်။ တရုတ်အစိုးရဟာ သူ့နိုင်ငံပိုင်ကုမ္ပဏီတွေအနေနဲ့ လူမှုကျင့်ဝတ်စံနှုန်းတွေကို ဒီထက်ပိုပြီး လေးစားလိုက်နာအောင် လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။ ဒီလိုလုပ်ဆောင်မှလည်း မကြာမီမှာ စတင်မယ့် BRI မှာ မြန်မာလူထုရဲ့ အကြီးအကျယ်ကန့်ကွက်မှုက ကင်းဝေးမှာဖြစ်ပါတယ်။

         

ပြန်လည်စတင်ရေးလုပ်ဆောင်မယ့် ပြည်တွင်းခရီးသွား

ခရီးသွားလုပ်ငန်းကဏ္ဍတစ်ခုလုံးဟာ ကမ္ဘာနဲ့့ချီ ပျက်ယွင်းသွားချိန်မှာ မြန်မာနိုင်ငံလည်း အထိနာခဲ့ပါတယ်။ မီးခိုးမထွက်တဲ့ စက်ရုံတွေ ပျက်သုဉ်းသွားမှုနဲ့အတူ ခရီးသွားလုပ်ငန်းကဏ္ဍတစ်ခုလုံးလည်း အထိနာခဲ့တာကြောင့် ပြည်ပခရီးသွားကို မျှော်လင့်လို့ မရသေးချိန်မှာ ပြည်တွင်းခရီးသွားလာမှုတွေ ပြန်လည် အသက်ဝင်လာအောင်လုပ်ရေးက မှန်ကန်တဲ့ လုပ်ဆောင်မှုပါ။

ဒါပေမဲ့ ပြည်တွင်းခရီးသွားလုပ်ငန်းတွေကို ပြန်လည်စတင်ရာမှာဆိုရင် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်၊ ချိုသာတဲ့ တည်းခိုခန်းခ၊ ခရီးသွားကုန်ကျစရိတ်လျှော့ချနိုင်ရေးအပြင် ကူးစက်ရောဂါ COVID-19 ကို စိုးရိမ်စရာမလိုတဲ့ အခြေအနေဖြစ်ဖို့တွေအတွက် ကြိုတင်ပြင်ဆင်ရမှာ ဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာ ပြည်တွင်းခရီးသွားလုပ်ငန်းတွေကို ပြန်လည်စတင်နိုင်ဖို့ ဘုရား၊ စေတီပုထိုးတွေအပြင် ပြတိုက်တွေ၊ ပန်းခြံတွေကိုပါ ကျန်းမာရေး ညွှန်ကြားချက်နဲ့အညီ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ညှိနှိုင်းသွားမယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ဆိုပါတယ်။

ဒီလိုမျိုးပြောကြားခဲ့တယ်ဆိုပေမဲ့ ပြည်တွင်းမှာ ကားခတွေစျေးနှုန်းမြှင့်တင့်မှု လျှော့မချရသေးတာနဲ့ ဟိုတယ်တွေကို မြင့်မားလွန်းတဲ့ အခန်းခတွေ လျှော့ချပေးဖို့ ညှိနှိုင်းတာမျိုး၊ ၀ါးတားဂိတ်တွေလို့ တင်စားကြတဲ့ မြို့ဝင်ဂိတ်ပေါင်းစုံက အခကြေးငွေကောက်ခံမှုတွေ လျှော့ချဖို့ လုပ်ဆောင်မှုတွေ မမြင်ရသေးတာက COVID-19 ကြောင့် ဝင်ငွေကျဆင်းနေတဲ့ လူတွေရဲ့ ခရီးသွားလာ ငွေဖြုန်းလိုစိတ်ကို လျော့ကျစေနိုင်ပါတယ်။ သေချာတာက ပြည်တွင်းခရီးသွားတွေ ပြန်စလည်း အမြတ်ရရေးထက် ပြည်တွင်းမှာ ငွေကြေးစီးဆင်းမှု လည်ပတ်ရေးကို ဦးစားပေးရမှာဖြစ်ပြီး ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းရှင်တွေကလည်း ဒါတွေကို သဘောပေါက်မှ ပြည်တွင်းခရီးသွားနဲ့ ပြန်လည်စတင်ရေးကြိုးပမ်းမှုက အောင်မြင်နိုင်မှာပါလို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Most Read

Most Recent