COVID-19 ရောဂါကာကွယ်ရေးနှင့် ပြည်တွင်းထုတ်လုပ်မှု

COVID-19 ရောဂါကာကွယ်ရေးနှင့် ပြည်တွင်းထုတ်လုပ်မှု
Published 13 June 2020

ကိုရိုနာဗိုင်းရပ်စ်ကို ရင်ဆိုင်တွန်းလှန်နေချိန်တွင် နှာခေါင်းစည်းများနှင့် ဆေးဝါးများကို ရရှိရန်ဆောင်ရွက်ရာ၌ ဥရောပသည် ပို၍အမှီအခိုကင်းရန် လိုအပ်ကြောင်း ဂျာမနီကျန်းမာရေးဝန်ကြီးက ဇွန် ၁၂ ရက်တွင် ပြောကြားခဲ့သည်။ “ ဒါက ဂလိုဘယ်လိုက်ဇေးရှင်းအကြောင်း မေးခွန်းထုတ်တာ မဟုတ်ပါဘူး။ ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ မှန်ကန်တဲ့အချိန်အဆကို ရှာဖွေဖို့ ပြောတာပါ” ဟု ကျန်းမာရေးဝန်ကြီး ယန်းစဖန်းက ပြောကြားခဲ့သည်။ “ နှာခေါင်းစည်းတို့၊ တချို့‌ဆေးဝါးတို့ နဲ့ပတ်သက်လာရင် ကျွန်တော်တို့ဟာ ကမ္ဘာ့ စျေးကွက်ကို အလုံးစုံ မှီခိုလို့မရဘူးဆိုတာ မြင်တွေ့နေရပါတယ်။ ၀ါဆော၊ ဘာလင်နဲ့ အမ်စတာဒမ်က ဆရာဝန်တွေ ကျန်းမာရေးသူနာပြုတွေအတွက် ကျွန်တော်တို့မှာ အကာအကွယ် နှာခေါင်းစည်းတွေ ရှိ၊ မရှိ ဆိုတာကို တရုတ်က အဆုံးအဖြတ် ဖြစ်နေတာမျိုး မဖြစ်သင့်ပါဘူး” ဟု စဖန်းက ပြောကြားခဲ့သည်။ ဥရောပသည် အခြားဆေးဘက်ဆိုင်ရာ ပစ္စည်းများအတွက် နိုင်ငံရပ်ခြားကို အမှီအခိုပြုလွန်းကြောင်း ကိုရိုနာဗိုင်းရပ်စ်က ထင်ရှားစေခဲ့သည်ဟု ဂျာမနီစီးပွားရေးဝန်ကြီး ပီတာအယ်မိုင်ရာက ပြောကြားခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ ကုန်ထုတ်လုပ်ဖြန့်ဖြူးမှု ကွင်းဆက်ဖြစ်စဉ်ကို ကွဲပြားစုံလင်မှုရှိရန် ဥရောပနိုင်ငံများ အတူတကွ လက်တွဲဆောင်ရွက်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကြောင့် ကုန်ထုတ်လုပ်မှု ရပ်ဆိုင်းနေချိန်တွင် တရုတ်သည် ဆေးဘက်ဆိုင်ရာပစ္စည်းများ ထုတ်လုပ်ဖြန့်ချိပေးနိုင်သည့် တစ်ခုတည်းသောနိုင်ငံအဖြစ် ပေါ်ထွက်လာခဲ့သည်။ တရုတ်သည် မတ်လက နေ့စဉ်နှာခေါင်းစည်း ၁၁၆ သန်း ထုတ်လုပ်ခဲ့ပြီး ယခင်က ထုတ်လုပ်မှုထက် ၁၂ ဆကျော် မြင့်တက်ခဲ့ကြောင်း အစိုးရမီဒီယာ ဆင်ဟွာက ဖော်ပြခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို တိုက်ဖျက်ရန်အတွက် တစ်နှစ်လျှင် ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း ၃.၅ ဘီလျံ လိုအပ်နိုင်သည်ဟု အမေရိကန်တာဝန်ရှိသူများက ခန့်မှန်းထားသည်။ ကိုရိုနာဗိုင်းရပ်စ် မဖြစ်မီက တရုတ်သည် ကမ္ဘာက လိုအပ်သော နှာခေါင်းစည်း ထက်ဝက်ကျော်ကို ထုတ်လုပ်နေခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အကြီးအကျယ်ဖြစ်ပွားခဲ့ပြီးနောက် တရုတ်တွင် နှာခေါင်းစည်း ထုတ်လုပ်သည့်ကုမ္ပဏီ ၂,၅၀၀ ကျော် ရှိလာခဲ့သည်။ သို့‌သော် တရုတ်တွင် ပြည်တွင်း လိုအပ်ချက်ကလည်း ကြီးမားလာခဲ့သည်။ ကျန်းမာရေးစောင့်ရှောက်မှု၊ သယ်ယူပို့ဆောင်ရေး၊ ကုန်ထုတ်လုပ်မှုကဏ္ဍများတွင် လုပ်ကိုင်နေသူ ၃၈ သန်းရှိကြောင်း တရုတ်ဘဏ္ဍာရေးအတိုင်ပင်ခံလုပ်ငန်း Huachuang Securities က ခန့်မှန်းခဲ့သည်။ တရုတ်တွင် လူတစ်ဦးက နေ့စဉ်နှာခေါင်းစည်းတစ်ခု အသုံးပြုလျှင် နှာ‌ခေါင်းစည်း ၂၃၈ သန်း နေ့စဉ် လိုအပ်မည်ဟု ဆိုသည်။

သို့သော် တရုတ်တွင် ထုတ်လုပ်သော ဆေးဘက်ဆိုင်ရာ ကိရိယာများ၏ဘေးကင်း စိတ်ချရမှုနှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံများက စိုးရိမ်နေကြသည်မှာ ကြာပြီဖြစ်သည်။ နယ်သာလန်နိုင်ငံသို့ ပေးပို့ခဲ့သော N-95 နှာခေါင်းစည်းများ၏ ထက်ဝက်ကျော်သည် ဘေးကင်းမှုဆိုင်ရာ စံနှုန်းများကို လိုက်နာထားခြင်းမရှိကြောင်းနှင့် မစစ်မှန်သော နှာခေါင်းစည်း ၆၀၀,၀၀၀ ကျော်ကို ပြန်လည်သိမ်းဆည်းရန် နယ်သာလန်အစိုးရက ဧပြီလက ကြေညာခဲ့သည်။ စပိန်အစိုးရကလည်း တရုတ်နိုင်ငံမှ စစ်ဆေးရေးကိရိယာ ၃၄၀,၀၀၀ ကို ဝယ်ယူခဲ့ပြီးနောက် ယင်းတို့အနက် စစ်ဆေးရေးကိရိယာ ၆၀,၀၀၀ ကျော်သည် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုကို တိကျစွာ ဆောင်ရွက်နိုင်ခြင်းမရှိဟု ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေ၊ COVID-19 ရောဂါကာကွယ်ရေးမှာ ရေရှည်ပြုလုပ်ရမည့် အလားအလာသာ များနေသောကြောင့် နှာခေါင်းစည်းများအပြင် အချို့‌သော ဆေးဝါးများအတွက် တရုတ်နိုင်ငံအပါအဝင် ကမ္ဘာ့စျေးကွက်ကိုသာ အလုံးစုံ မှီခိုနေခြင်းထက် ပြည်တွင်းထုတ်လုပ်မှုကို စတင်ရန်နှင့် မြှင့်တင်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

■ (ဇွန် ၁၄ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent