၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အပါအဝင် မည်သည့်မဲဆန္ဒနယ်မှ မချန်လှပ်ရန် ရခိုင်အမျိုးသားပါတီ တောင်းဆို

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အပါအဝင် မည်သည့်မဲဆန္ဒနယ်မှ မချန်လှပ်ရန် ရခိုင်အမျိုးသားပါတီ တောင်းဆို
Published 13 June 2020
ဉာဏ်လင်းထွန်း

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ရခိုင်ပြည်နယ်အပါအဝင် မည်သည့်မဲဆန္ဒနယ်ကိုမှ မချန်လှပ်ဘဲ  တစ်နိုင်ငံလုံးအတိုင်းအတားဖြင့် ကျင်းပပေးစေလိုသည်ဟု ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးနှင့် ပက်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အစိုးရအဖွဲ့နှင့် ပြည်ထဲရေးဝန်ကြီးဌာန၏ သဘောထား မေးမြန်းထားမှုအပေါ် ANP ပါတီ၏ သဘောထားကို  ပြောကြားခြင်းဖြစ်သည်။

မြန်မာ့နိုင်ငံရေးအပြောင်းအလဲတွင် ပြည်သူများ ပါဝင်ခွင့်ရှိရန်လိုအပ်ပြီး မဲပေးခြင်းသည်  နိုင်ငံရေးအပြောင်းအလဲတွင် ပြည်သူပါဝင်ခြင်းဖြစ်သည်ဟု ANP ပါတီ ဥက္ကဋ္ဌက ပြောကြားသည်။

“ မဲပေးတယ်ဆိုတာ နိုင်ငံရေးအပြောင်းအလဲမှာ ပြည်သူတွေ ပါဝင်တာပဲ။ အဲဒီလို ပြည်သူတွေပါဝင်တဲ့ နိုင်ငံရေးအခင်းအကျင်းမျိုး ဖြစ်စေချင်တယ်။ အဲဒါကြောင့် မြန်မာတစ်နိုင်ငံလုံးမှာ ရွေးကောက်ပွဲ ဖြစ်စေချင်တယ်လို့ ပြောတာ” ဟု ANP ပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောကြားသည်။

ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုများ ဆက်လက်ပြင်းထန်နေပါက ရွေးကောက်ပွဲ ဖြစ်မြောက်ရေး အခက်အခဲရှိ၍ ရွေးကောက်ပွဲ မကျင်းပမီကြားကာလအတွင်း တိုက်ပွဲများ ရပ်စဲကာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ANP အပါအဝင် ရခိုင်နိုင်ငံရေးပါတီအချို့ ဆန္ဒရှိနေသည်။

လက်နက်ကိုင်ပဋိပက္ခ ပိုမိုများပြားလာခြင်းက ပြည်သူအတွက် ကောင်းမွန်သည့် အခြေအနေမဟုတ်၍ လက်နက်ကိုင်ပဋိပက္ခတွင် ပါဝင်သည့် အဖွဲ့အစည်းများအနေဖြင့် နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်လိုအပ်သည်ဟု ANP ပါတီ ဥက္ကဋ္ဌက ဆိုသည်။

“ နိုင်ငံရေးပြဿနာကို လက်နက်ကိုင် နည်းလမ်းနဲ့ဖြေရှင်းလို့ အဖြေမရှိဘူးဆိုတာ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးတည်းက ဒီနေ့ဆိုရင် နှစ်ပေါင်း ၇၀ ကျော်လာပြီ။ အဲဒါကြောင့် ဒီနိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းဖို့ကြိုးစားစေချင်တယ်” ဟု ANP ပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်စခန်းရောက် ပြည်သူ ၆၀၀၀၀ ဝန်းကျင်ရှိပြီး စစ်ဘေးရှောင်စခန်းပြင်ပရောက် ပြည်သူ ၁၀၀၀၀၀ ဝန်းကျင်ရှိကြောင်း  ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းရုံး၏ ဇွန် ၈ ရက် ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာတွင် ကျင်းပရန် စီစဉ်လျက်ရှိသော်လည်း ရခိုင်ပြည်နယ်နှင့် “၀” ဒေသတွင် လုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲ ကျင်းပနိုင်ခြေ ရှိ မရှိ အပေါ် အစိုးရအဖွဲ့နှင့် ပြည်ထဲရေးဝန်ကြီးဌာန၏ သဘောထားမေးမြန်းထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ဇွန် ၄ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေ ပုဒ်မ ၁၀ (စ) အရ သဘာဝဘေးအန္တရာယ်နှင့် နယ်မြေလုံခြုံရေး အခြေအနေအရ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသော မဲဆန္ဒနယ်များ၏ ရွေးကောက်ပွဲများကို ရွှေ့ဆိုင်းခြင်းနှင့် ပယ်ဖျက်ခြင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ဆောင်ရွက်ခွင့်ရှိသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းအတွင်းရှိ မြို့နယ်စုစုပေါင်း ၃၀ ကျော်တွင်  နယ်မြေလုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent