ဘတ်ဂျက်သည် ပြည်သူ့ချွေးနှဲစာ

ဘတ်ဂျက်သည် ပြည်သူ့ချွေးနှဲစာ
Published 10 June 2020

လတ်တလောတွင် အစိုးရအာဏာပိုင်အဖွဲ့အစည်းများ၏ ဘတ်ဂျက်တောင်းခံမှုများနှင့်ပတ်သက်၍ လူအများကြား ဝေဖန်စရာများဖြစ်ခဲ့သည်။ ဌာနများက ဘတ်ဂျက်တောင်းခံသည့်နေရာတွင် သုံးသည့်တွက်ချက်မှုများ ပြင်ပပေါက်စျေးနှင့် မဆီလျော်ခြင်း၊ လက်ရှိပေါက်စျေးနှင့် ကွာခြားနေခြင်း၊ မြေပြင်စျေးနှုန်းနှင့် အလွန်ကွာခြားနေခြင်း၊ ယခင်နှစ်များထက် နှစ်ဆမှ သုံးဆ ပိုမိုတောင်းခံထားခြင်း စသည်တို့ကို ပြည်သူ့ငွေစာရင်းကော်မတီ စိစစ်ရေးပူးပေါင်းအဖွဲ့များ၏ အစီရင်ခံစာများတွင် မကြာခဏ တွေ့နေရသည်။ ထိုအခြေအနေများကြောင့် လွှတ်တော်ကိုယ်စားလှယ်အချို့အနေဖြင့်လည်း ပြင်းပြင်းထန်ထန် ထောက်ပြဝေဖန်မှုများပြုလုပ်ကြသည်။ လက်ဆေးဆပ်ပြာတစ်တုံး ကျပ် ၂၅၀၀ သတ်မှတ်ထားသည်ဆိုသည့် ကိစ္စ၊ သံစုံတီးဝိုင်းဝယ်ယူရန် ကျပ် ၁၇၃ သန်းကျော်တောင်းခံခဲ့သည်ဆိုသည့်ကိစ္စများသည် ဘတ်ဂျက်စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ ဝေဖန်စရာများဖြစ်ခဲ့သည်။ ထို့ ပြင် ငွေလုံးငွေရင်းဖြင့် အသုံးပြုသင့်သည့်ကိစ္စရပ်များကို သာမန်အသုံးစရိတ်များအဖြစ် တင်တောင်းထားခြင်းကိစ္စများသည် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများဖြင့် မညီခြင်း၊ အသေးစိတ်စိစစ်ဆောင်ရွက်မှု အားနည်းခြင်း၊ တင်ဒါဖြင့် ဆောင်ရွက်ရမည့်အကန့်အသတ်များကို အလွယ်တကူကျော်လွှားနိုင်ခြင်းနှင့် Quality Control ကင်းလွှတ်သွားနိုင်ခြင်းတို့သည် အဂတိအတွက်ပါ မေးခွန်းထုတ်စရာဖြစ်နေသည်ကို ဥပဒေပြုမဏ္ဍိုင်မှ လွှတ်တော်ကိုယ်စားလှယ်အချို့က အာဏာပိုင်အဖွဲ့ကို ထောက်ပြနေကြရသည်။

ဘတ်ဂျက်ဆိုသည်မှာ စားရန်ဝါးရန် ခင်းကျင်းထားသည့် ဘူဖေးမဟုတ်ဟု ဝေဖန်လာကြသည်။ အစိုးရတစ်ရပ်အနေဖြင့် ပြည်သူလူထုထံမှ ကောက်ခံရရှိသော အခွန်ဘဏ္ဍာများဖြင့် ရပ်တည်ရသည်မှာ မှန်သကဲ့သို့ လူထု၏ချွေးနှဲစာဖြစ်သော ဘတ်ဂျက်အပေါ် စိစစ်ဆောင်ရွက်ရေးသည်လည်း အထူးအရေးကြီးသည်။ ပြည်သူတို့က ကြည်ဖြူစွာဖြင့် အခွန်ငွေပေးဆောင်လျှင် အစိုးရအနေဖြင့် ပြည်သူ့ချွေးနှဲစာဖြစ်သော ဘဏ္ဍာငွေများ အလေအလွှင့်မရှိအောင် လုပ်ဆောင်ရမည့် တာဝန်ရှိသည်။ ထိုသို့လုပ်ဆောင်ရာတွင် အတိမ်းအစောင်း၊ အချွတ်အချော်မရှိ တာဝန်ယူတတ်ရမည်။ သို့မဟုတ်ပါက စီမံခန့်ခွဲမှုကောင်းသော အစိုးရမဖြစ်နိုင်။ ပြည်သူအနေဖြင့် ကြည်ဖြူစွာ အခွန်ပေးလိုစိတ်နှင့် အခွန်ယဉ်ကျေးမှုတစ်ရပ်ကို ထူထောင်နိုင်မည်မဟုတ်ပေ။ ပြည်သူ့ဘဏ္ဍာငွေ အလေအလွှင့် မဖြစ်စေရန် အစိုးရက နိုင်ငံပိုင်လုပ်ဆောင်နေသော လုပ်ငန်းများကို စနစ်တကျ ထိန်းကျောင်းနိုင်ရန်လည်း အရေးကြီးသည်။ နှစ်စဉ်ဘတ်ဂျက် ချထားမှုကို တတ်နိုင်သမျှစိစစ်ပြီး အမြဲတစေ အရှုံးပေါ်နေသော လုပ်ငန်းများကို ပြန်လည်သုံးသပ်သင့်သည်။ အချို့နိုင်ငံပိုင်လုပ်ငန်းများ အနေဖြင့် ဘဏ္ဍာနှစ်များစွာအတွင်း အမြတ်မပြနိုင်ဘဲ အရှုံးပေါ်နေခြင်းများကို အကောင်းဆုံး စီမံခန့်ခွဲမှုရှိသည့် အစိုးရအနေဖြင့် ခွင့်မပြုသင့်ပေ။

ထို့ပြင် အုပ်ချုပ်ရေးအာဏာရရှိသော ပြည်ထောင်စု၊ ဒေသဆိုင်ရာ အစိုးရအကြီးအကဲများသည် ပြည်သူ့ဘဏ္ဍာငွေမှ ခွဲတမ်းချထားပြီးသော ဘတ်ဂျက်များအပေါ် မိမိတို့၏ ကိုယ်ပိုင်ဝင်ငွေများထက်ပင် စိစစ်လုပ်ဆောင်နိုင်ရန်လိုသည်။ သို့မှသာ အခွန်ထမ်းပြည်သူတို့၏ ယုံကြည်မှုကို တည်ဆောက်နိုင်မည်ဖြစ်ပြီး ပြစ်တင်ခံရမှုမှ လွတ်ကင်းနိုင်ပေလိမ့်မည်။ သက်ဆိုင်ရာ လွှတ်တော်များအနေဖြင့် အစိုးရအဖွဲ့မှ တင်ပြလာသော ဘတ်ဂျက်အသုံးပြုမှုများအပေါ် စိစစ်လျှော့ချမှုများ ပြုလုပ်သည်မှာ မှန်သော်လည်း ဘတ်ဂျက်ကို အမှန်တကယ် စီမံခန့်ခွဲရသော ပုဂ္ဂိုလ်တို့၏ ဆင်ခြင်တုံတရားသည် အခရာကျသည်။

ဖွံ့ဖြိုးမှုနောက်ကျပြီး ဆင်းရဲသောနိုင်ငံ တစ်နိုင်ငံတွင် အစိုးရ၏ ဘတ်ဂျက်ခွဲဝေသုံးစွဲမှု ကဏ္ဍသည် အရေးကြီးလှသည်။ အစိုးရဘတ်ဂျက်သည် ပြည်သူ့ချွေးနှဲစာဟုဆိုရမည်ဖြစ်သဖြင့် ပွင့်လင်းမြင်သာပြီး ကောင်းမွန်သော စီမံခန့်ခွဲနိုင်မှုသည် အမြဲတစေလိုအပ်သည်။ သို့ဖြစ်ရာ ပြည်သူ့ဘဏ္ဍာငွေများ အလေအလွှင့်မရှိစေရေးနှင့် ဘတ်ဂျက်စီမံခန့်ခွဲမှုအပေါ် သုံးစွဲသူ အာဏာပိုင်အဖွဲကအစည်းတို့၏ လုပ်ဆောင်ချက်များကိုဥပဒေပြုမဏ္ဍိုင်မှ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အထူးတာဝန်တစ်ရပ်အဖြစ် ထောက်ပြတည့်မတ်သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(ဇွန် ၁၁ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

 

Most Read

Most Recent