ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လျှင် ပရိသတ်များနှင့်အတူ အောင်ပွဲခံမည်ဟု ကလော့ပ် ကတိပြုခဲ့ပြီး အချိန်ကာလ မည်မျှကြာလျှင်ပင် ပြဿနာမရှိဟုဆို

ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လျှင် ပရိသတ်များနှင့်အတူ အောင်ပွဲခံမည်ဟု ကလော့ပ် ကတိပြုခဲ့ပြီး အချိန်ကာလ မည်မျှကြာလျှင်ပင် ပြဿနာမရှိဟုဆို
Published 8 June 2020

ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လျှင် ပရိသတ်များနှင့်အတူ အောင်ပွဲခံသွားမည့်အစီအစဉ်ရှိကြောင်း လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ် ကတိပြုပြောကြားခဲ့ပြီး အချိန်ကာလ မည်မျှစောင့်ဆိုင်းရလျှင်ပင် ပြဿနာမရှိကြောင်း ပြောကြားခဲ့သည်။ 

လီဗာပူးလ်အသင်းသည် လက်ရှိတွင် နှစ်(၃၀)ကြာ အမှတ်ပေးချန်ပီယံဆုနှင့်ဝေးကွာနေမှုကို အဆုံးသတ်ရန် သေချာနေပြီဖြစ်ပြီး ဗိုင်းရပ်စ်ကပ်ဘေး၏ Social Distancingစည်းမျဉ်းအရ လတ်တလော၌ ပရိသတ်များနှင့်အတူ အောင်ပွဲခံခွင့်ရှိမည်မဟုတ်ကြောင်း သိရသည်။

သို့သော် ကလော့ပ်က ပရိသတ်များနှင့်အတူ မာဆေးဆိုက်ဒ်ဒေသဝန်းကျင်တွင် အမိုးဖွင့်ဘတ်စ်ကားဖြင့် လှည့်လည်အောင်ပွဲခံမည့်အစီအစဉ်ကို လများစွာစောင့်ဆိုင်းရလျှင်လည်း ပြုလုပ်သွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ 

''အခုချိန်က ခင်ဗျားတို့ အမြဲတမ်းစိတ်ကူးထားတဲ့ နည်းလမ်းနဲ့ အောင်ပွဲခံခွင့်ရမှာ မဟုတ်ပါဘူး။ ဒါဟာ ကောင်းတဲ့အရာတော့ မဟုတ်ပါဘူး။ ကျွန်တော့်အနေနဲ့ ဒါကို အပြည့်အဝ နားလည်သဘောပေါက်ပါတယ်။ ကျွန်တော်လည်းပဲ အဲဒီလို ခံစားမိပါတယ်။ ကွင်းထဲမှာ တသီးတခြား အောင်ပွဲခံပြီး အိမ်ကိုပြန်ကြတာဟာ စိတ်ကူးယဉ်ထားတဲ့အရာ မဟုတ်ပါဘူး။ တစ်စုံတစ်ယောက်က ကာကွယ်ဆေးတွေ့ရှိချိန်၊ တစ်စုံတစ်ယောက်က ဒီပြဿနာကို ဖြေရှင်းနိုင်တဲ့အချိန်၊ ကူးစက်မှုနှုန်း သုညအမှတ်အထိ ရောက်သွားတဲ့အချိန်ဟာ အဆုံးသတ်မှာ ရောက်ရှိလာမှာပါ။ အဲဒီအခါကျရင် ကျွန်တော်တို့ အောင်ပွဲခံ ချင်တဲ့ပုံစံမျိုး ရရှိလာပါလိမ့်မယ်။ ဒီအခမ်းအနားက လာမယ့်ရာသီ ပွဲစဉ်(၁၂) ဒါမှ မဟုတ် (၁၃)ကစားတဲ့အချိန်ထိ ရောက်သွားခဲ့ရင်လည်း ကျွန်တော်တို့ အောင်ပွဲခံလိုပါတယ်။ ဘယ်သူက ဒါကို ရပ်တန့်နိုင်မှာလဲ။ တခြားသူတွေက ကျွန်တော်တို့ လုံးဝရူးသွားပြီလို့ ထင်ကောင်းထင်နိုင်ပါတယ်။ အရိုးသားဆုံးပြောရရင် ကျွန်တော် ဂရုမစိုက်ပါဘူး''ဟု ကလော့ပ်က ပြောကြားခဲ့သည်။ 

ထို့ပြင် ကလော့ပ်က အပြောင်းအရွှေ့စျေးကွက်တွင် တန်ဖိုးမြင့်ကစားသမားခေါ်ယူမည်မဟုတ်ဟု မှတ်ချက်ပြုခဲ့သည်။ 

''လက်ရှိအခိုက်အတန့်မှာ ကလပ်အသင်းအားလုံး ငွေကြေး ဆုံးရှုံးနေရတယ်။ လစာလျှော့ဖို့ ကစားသမားတွေနဲ့ဆွေးနွေးနေရချိန်မှာ တစ်ဖက်က ပေါင်သန်း ၅၀-၆၀ ကြားကစားသမား ခေါ်ယူဖို့ဆိုတာ အကြောင်းပြချက်ရှိရပါမယ်''ဟု ကလော့ပ်က ပြောကြားခဲ့သည်။