ဖြူးမြို့ Quarantine Center တွင် ဖဲရိုက်သူ ခုနစ်ဦးကို အမှုဖွင့် အရေးယူ

ဖြူးမြို့ Quarantine Center တွင် ဖဲရိုက်သူ ခုနစ်ဦးကို အမှုဖွင့် အရေးယူ
Published 8 June 2020
ဇော်ဝင်းချစ်

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့ Quarantine Center တွင် အုပ်စုဖွဲ့ ဖဲရိုက် လောင်းကစားပြုလုပ်သူ အမျိုးသား ခုနစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး လောင်းကစားဥပဒေပုဒ်မဖြင့် ဇွန် ၇ ရက် နံနက်ပိုင်းက အမှုဖွင့်အရေးယူထားကြောင်း ဖြူးမြို့မရဲစခန်းမှ သိရသည်။

ယင်းအခြေအနေနှင့် ပတ်သက်ပြီး ဖြူးမြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက “ညက ဖဲရိုက်လို့ အမှုဖွင့်တယ်ဆိုတာ ဟုတ်ပါတယ်။ သူတို့အားလုံးက ပြည်ပနိုင်ငံက ပြန်လာတဲ့ သူတွေပါပဲ။ ပြည်ပနိုင်ငံက ပြန်လာတဲ့သူတွေက အကုန်လုံး  Quarantine ဝင်ရတာလေ။ စောင့်ကြည့်ကာလ ပြီးဆုံးသွားတာနဲ့ သူတို့ကို တရားစွဲဖို့ လုပ်သွားမှာပါ”ဟု ပြောကြားသည်။

ဖြစ်စဉ်မှာ ဇွန် ၆ ရက် ည ၁၁ နာရီ ၄၅ မိနစ်ခန့်က ဖြူးမြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော တာဝန်ရှိသူများက ဖြူးမြို့ ဆေးရုံရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ  အထက (၁) ဖြူးမြို့ စာသင်ကျောင်းဝင်းအတွင်း ပြည်ပနိုင်ငံမှ ပြန်ရောက်လာသူများအား Quarantine ထားရှိသည့် စာသင်ကျောင်းဆောင်များကို လိုက်လံစောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့စစ်ဆေး၍ ကျောင်းဝင်း ဂိတ်ပေါက်၌ ရှိနေစဉ် ကြည်ပြာကျောင်းဆောင် အောက်ထပ်မှ ဆူညံသံများ ကြားရသဖြင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ ကျောင်းဆောင် အောက်ထပ်ရှိ Grade 9 (F) အခန်းအတွင်း ဖဲရိုက် လောင်းကစားပြုလုပ်နေသူ ခုနစ်ဦးကို တွေ့ရှိဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

စာသင်ခန်းအတွင်း ဖဲရိုက် လောင်းကစားပြုလုပ်နေသူများမှာ ကျန်တားကူးမား ၃၄ နှစ် လယ်ပြင်ကြီးကျေးရွာ၊ ရဲဝင်းထွန်း ၂၀ နှစ် ရင်းတိုက်စိန်ကျေးရွာ၊ နိုင်ဇော် ၂၉ နှစ် ရေအိုးစဉ်ကျေးရွာ၊ မာနီးပရာဆပ်၂၃ နှစ် လယ်ပြင်ကြီးရွာ၊ မင်းခိုင် ၃၀ နှစ် လင်းယောခင်ကျေးရွာ၊ အောင်ကိုကို ၂၅ နှစ် ညောင်ပင်သာကျေးရွာနှင့် ချစ်စန်းမောင် ၁၉ နှစ် ပျဉ်းမပင်ကျေးရွာ၊ ဖြူးမြို့နယ်တွင် နေထိုင်ကြသူများဖြစ်ကြပြီး ၎င်းခုနစ်ဦးထံမှ ဖဲရိုက် လောင်းကစားပစ္စည်းများနှင့်အတူ လောင်းကြေးငွေ စုစုပေါင်း ကျပ် ၂၂၄၅၀၀ ကျပ်တိတိအား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ဖြူးမြို့မရဲမှတ်တမ်းများအရ သိရသည်။

Quarantine ဝင်နေသူများ ထားရှိရာ စာသင်ကျောင်းဆောင်အတွင်း ဖဲရိုက် လောင်းကစားပြုလုပ်နေကြသော ကျန်တားကူးမားပါ ခုနစ်ဦးအဖွဲ့အား ဖြူးမြို့မရဲစခန်းက (ပ) ၂၃၀/၂၀၂၀၊ လကစဥပဒေ ပုဒ်မ ၁၅ (က)ဖြင့် အမှုဖွင့်ထားပြီး ကျန်းမာရေးစောင့်ကြည့်ကာလ ပြီးဆုံးချိန်မှသာ တရားစွဲဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent