ပရီးမီးယားလိဂ်၏ စတုတ္ထအကြိမ်ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှု၌ စုစုပေါင်း(၁,၁၃၀)ဦးကို စစ်ဆေးခဲ့ရာတွင် ရောဂါပိုးကူးစက်ခံရသူမရှိ

ပရီးမီးယားလိဂ်၏ စတုတ္ထအကြိမ်ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှု၌ စုစုပေါင်း(၁,၁၃၀)ဦးကို စစ်ဆေးခဲ့ရာတွင် ရောဂါပိုးကူးစက်ခံရသူမရှိ
Photo : Transfermarkt
Photo : Transfermarkt
Published 1 June 2020

Photo : Transfermarkt

ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည်မကစားမီ စတုတ္ထ အကြိမ်မြောက်အဖြစ် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးခဲ့ရာတွင် ရောဂါပိုးကူးစက်ခံရသူ တစ်ဦးမျှမရှိခဲ့ကြောင်း သိရှိရသည်။

ပရီးမီးယားလိဂ်မှ ကစားသမား၊ နည်းပြနှင့် ဝန်ထမ်းစုစုပေါင်း (၁,၁၃၀)ဦးကို စစ်ဆေးခဲ့ခြင်းဖြစ်ပြီး၊ စစ်ဆေးခံရသူအားလုံး ရောဂါပိုးကင်းရှင်းသည်ဟု ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ကြေ ညာချက်ထုတ်ပြန်ခဲ့သည်။

ယခုတစ်ကြိမ်စစ်ဆေးမှုမှာ ယခင်(၃)ကြိမ်စစ်ဆေးစဉ်ကထက် အရေအတွက် ပိုများပြားခဲ့ပြီး တစ်သင်းတွင် ပျမ်းမျှ လူ(၆၀)ခန့်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။  

ပြီးခဲ့သည့်စစ်ဆေးမှုများတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ ရှိမှု (Positive) စုစုပေါင်း (၁၂)ကြိမ်အထိရှိခဲ့ပြီး စတုတ္ထအကြိမ်စစ်ဆေးမှုတွင် ရောဂါပိုးကင်းစင်ကြောင်းပြခဲ့သဖြင့် ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည်စတင်ရန်စီစဉ်ရာ၌ တာဝန်ရှိသူများကို ယုံကြည်ချက် ပိုရှိသွားစေခဲ့သည်။

(ယခင် ၃ ကြိမ်စစ်ဆေးမှုတွင် စစ်ဆေးမှုစုစုပေါင်း ၂,၇၅၂ ကြိမ်ရှိခဲ့ပြီး ယင်းထဲ၌ ပိုးတွေ့ရှိသူ ၁၂ ဦးရှိခဲ့ခြင်းဖြစ်သည်)        

ပထမအကြိမ်စစ်ဆေးမှု (၇၄၈)ဦးတွင် ပိုးတွေ့ရှိသူ (၆)ဦးရှိခဲ့ပြီး၊ ဒုတိယအကြိမ်စစ်ဆေးမှု (၉၉၆)ဦးတွင် ပိုး တွေ့ရှိသူ (၂)ဦးရှိခဲ့သည်။

ထို့နောက် တတိယအကြိမ်စစ်ဆေးမှု (၁,၀၀၈)ဦးတွင် ပိုးတွေ့ရှိသူ (၄)ဦးရှိခဲ့သည်။

ပရီး မီးယားလိဂ်ပြိုင်ပွဲကို ယခုဇွန်(၁၇)ရက် (ဗုဒ္ဓဟူးနေ့)တွင် ပရီးမီးယားလိဂ်ပွဲကျန်တစ်ပွဲဖြစ်သည့် မန်စီးတီး-အာဆင်နယ်ပွဲဖြင့် စတင်မည်ဖြစ်ပြီး ယခုအခါ ကလပ်အသင်းများမှာ အသင်းလိုက်လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်နေပြီဖြစ်သည်။

သို့သော် အချို့သောကစားသမားများမှာမူ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးအပေါ် စိုးရိမ်မှုလွန်ကဲနေကြပြီး လေ့ကျင့်ခန်းဆင်းရန် ငြင်းဆန်မှုများရှိသကဲ့သို့ တစ်ဦးချင်း ကိုယ်ပိုင်အစီအစဉ်ဖြင့် လေ့ကျင့်သူများလည်း ရှိနေသည်။

ချယ်လ်ဆီးအသင်း၏ ပြင်သစ်ကွင်းလယ်လူ ကွန်တေမှာ အသင်း၏ ကော့ဘ်ဟမ်းလေ့ကျင့်ရေးကွင်းတွင် တစ်ဦးတည်းလေ့ကျင့်မှုများ ပြန်လည်ပြုလုပ်လျက်ရှိနေပြီး၊ အသင်းနှင့်လေ့ကျင့်ခန်းဆင်းရန် ငြင်းဆန်ခဲ့သည့် ဝက်ဖို့ဒ် အသင်းခေါင်းဆောင် ဒီးနီမှာလည်း မကြာမီအသင်း၏ လေ့ကျင့်မှုများတွင် ပြန်လည်ပူးပေါင်းလိမ့်မည်ဟု ဝက်ဖို့ဒ်အသင်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးစစ်ဆေးမှုကို တစ် ပတ်လျှင် (၂)ကြိမ်နှုန်းဖြင့် ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

ပရီးမီးယားလိဂ်အမှုဆောင်ချုပ် ရစ်ချတ်မာစတာစ်က ဘောလုံးပွဲများပြန်လည်စတင်ရေးကို ကြိုးပမ်းလုပ်ဆောင်နေသကဲ့သို့ ပရီးမီးယားလိဂ်နှင့်ပတ်သက်သူအားလုံး ကျန်းမာရေးဆိုင်ရာ လုံခြုံစိတ်ချရမှုအတွက်လည်း များစွာလုပ်ဆောင်ရဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

Most Read

Most Recent