ယူရို-၂၀၂၀ နှင့် ချန်ပီယံလိဂ်ပြိုင်ပွဲများတွင် ဗိုလ်စွဲရေးမှာ မိမိ၏ရည်မှန်းချက်ဖြစ်ပြီး တစ်ဦးချင်းထက် အသင်းလိုက်အောင်မြင်မှုကို ပိုလိုလားကြောင်း ဘာပေ ပြောကြား

ယူရို-၂၀၂၀ နှင့် ချန်ပီယံလိဂ်ပြိုင်ပွဲများတွင် ဗိုလ်စွဲရေးမှာ မိမိ၏ရည်မှန်းချက်ဖြစ်ပြီး တစ်ဦးချင်းထက် အသင်းလိုက်အောင်မြင်မှုကို ပိုလိုလားကြောင်း ဘာပေ ပြောကြား
Published 28 May 2020

PSG တိုက်စစ်မှူး ဘာပေက ယူရို-၂၀၂၀ ပြိုင်ပွဲနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲများတွင် ဗိုလ်စွဲရေးမှာ မိမိ၏ရည်မှန်းချက်ဖြစ်ပြီး တစ်ဦးချင်းဆုတံဆိပ်ရရှိရေးထက် အသင်းလိုက်အောင်မြင်မှုကို ပိုလိုလားကြောင်း ပြောကြားခဲ့သည်။

ဘာပေသည် အသက် (၂၁)နှစ်သာရှိသေးသော်လည်း မိုနာကို၊ PSG အသင်းများနှင့်အတူ လီဂူးချန်ပီယံဆုကို (၄)နှစ်ဆက်ရရှိထားသလို၊ ပြင်သစ်အသင်းနှင့်အတူ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည်။

ထို့ပြင် ဘာပေသည် တစ်ဦးချင်းအောင်မြင်မှုအနေဖြင့် ၂၀၁၇ Golden Boys၊ Kopa Trophy တို့အပါအဝင် ဆုတံဆိပ်များစွာကို ရရှိထားသူဖြစ်သည်။

သို့သော် ဘာပေအနေဖြင့် ကမ္ဘာ့ဘောလုံးလောကတွင် ဂုဏ်သိက္ခာအကြီးမားဆုံးဖြစ်သည့် FIFA The Best နှင့် Ballor d'Or ဆုများကို မရရှိသေးပေ။

ဘာပေ၏ ရည်မှန်းချက်နှင့်ပတ်သက်ပြီး ဗြိတိန်သတင်းစာ Mirror က မေးမြန်းခဲ့ရာ ဘာပေက ယူရိုနှင့် ချန်ပီယံလိဂ် ပြိုင်ပွဲများတွင် ဗိုလ်စွဲလိုကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဘာပေက ''ကျွန်တော့်အနေနဲ့ နိုင်ငံအသင်းနဲ့ အောင်မြင်မှုကို ဆက်လက်ထိန်းထားချင်ပါတယ်။ ၂၀၂၁ ခုနှစ်မှာကျင်းပမယ့် ယူရို-၂၀၂၀ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့က ကျွန်တော့်ရဲ့ အကြီးမားဆုံးရည်မှန်းချက်ပါ။ PSG အသင်းရဲ့ ပထမဆုံးချန်ပီယံလိဂ်ဖလား အောင်ပွဲမှာ ကျွန်တော့်အနေနဲ့ အသင်းရဲ့အစိတ်အပိုင်းတစ်ခု အဖြစ်သာ ပါဝင်ခွင့်ရခဲ့မယ်ဆိုရင် အရမ်းပျော်မိမှာပါ''ဟု ပြောကြားခဲ့သည်။

ဘာပေအနေဖြင့် ချန်ပီယံလိဂ်တွင် ဗိုလ်စွဲရေးမှာ ရည်မှန်းချက်ဖြစ်သည်ဟု ပြောကြားခြင်းမှာ ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ရန် အရိပ်အမြွက်ပြောဆိုခဲ့ခြင်းဖြစ်နိုင်သည်ဟု စပိန်မီဒီယာများက သုံး သပ်ဖော်ပြနေကြသည်။

 

Most Read

Most Recent