UFC၏ဒုတိယအကောင်းဆုံးဟု မက်ဂရီဂေါ်မှ သူ့ကိုယ်သူ သတ်မှတ်ခဲ့မှုကို ခါဘစ် တုံ့ပြန်

UFC၏ဒုတိယအကောင်းဆုံးဟု မက်ဂရီဂေါ်မှ သူ့ကိုယ်သူ သတ်မှတ်ခဲ့မှုကို ခါဘစ် တုံ့ပြန်
Published 26 May 2020

UFCပြိုင်ပွဲ၏ဒုတိယအကောင်းဆုံးအားကစားသမားဟု အိုင်ယာလနMMAကစားသမား မက်ဂရီဂေါ်မှ သူ့ကိုယ်သူသတ်မှတ်ခဲ့မှုကို UFC လိုက်ဝိတ်တန်းချန်ပီယံ ခါဘစ်က တုံ့ပြန်ခဲ့ကြောင်း သိရသည်။

မက်ဂရီဂေါ်သည် ပြီးခဲ့သည့်စနေနေ့က Twitterတွင် ၎င်းမှာ အန်ဒါဆန်ဆေးလ်ဗား ပြီးနောက် UFC သမိုင်းတွင် ဒုတိယအကောင်းဆုံးဟု သူ့ကိုယ်သူ အမွှမ်းတင်ရေးသားခဲ့ခြင်း ဖြစ်သည်။

(၄၅)နှစ်အရွယ်ရှိပြီဖြစ်သူ ဘရာဇီးလ်-အမေရိကန် MMAအားကစားသမား အန်ဒါဆန်ဆေးလ်ဗားသည် UFCမစ်ဒယ်ဝိတ်ချန်ပီယံဟောင်းတစ်ဦးဖြစ်ပြီး UFC သမိုင်းတွင် အရှည်ကြာဆုံး ချန်ပီယံဘွဲ့ကို ထိန်းသိမ်းနိုင်သူအဖြစ် ရွှေခါးပတ်ကို (၂၄၅၇)ရက်ကြာ ပိုင်ဆိုင်ခဲ့သည်။

မက်ဂရီဂေါ်က သူအနားမယူမီ အန်ဒါဆန်ကို ကျော်ဖြတ်သွားလိမ့်မည်ဟုလည်း ကြုံးဝါးခဲ့သည်။

မက်ဂရီဂေါ်သည် MMA မှတ်တမ်းတွင် (၂၂)ပွဲနိုင်၊ (၄)ပွဲရှုံးနိမ့်ထားပြီး UFCပြိုင်ပွဲတွင် လိုက်ဝိတ်တန်းနှင့် ဖယ်သာဝိတ်တန်းစသည့် မတူညီသည့်ဝိတ်တန်း(၂)ခုတွင် ပထမဆုံးချန်ပီယံအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

၎င်းမှာ ပြီးခဲ့သည့်ဇန်နဝါရီလက UFC246ပြိုင်ပွဲအဖြစ် ဆယ်ရိုနီနှင့် နောက်ဆုံးထိုးသတ်ကာ အနိုင်ယူထားခဲ့သည်။

''ခင်ဗျားဟာ ဖယ်သာဝိတ်တန်း၊ လိုက်ဝိတ်တန်း၊ ဝယ်လ်တာဝိတ်တန်းတွေမှာ တန်းမရှိတော့ပါဘူး။ ပြီးတော့ ခင်ဗျားဟာ UFC သမိုင်းမှာ ဘယ်တော့မှလည်း ချန်ပီယံဘွဲ့ကို မကာကွယ်နိုင်ပါဘူး။ Twitter သမိုင်းမှာတော့ ခင်ဗျားဟာ UFCရဲ့အကောင်းဆုံးပါပဲ''ဟု ခါဘစ်က မက်ဂရီဂေါ်၏ပြောကြားမှုကို တုံ့ပြန်ခဲ့သည်။

ရုရှားနာမည်ကြီး MMAအားကစားသမား ခါဘစ်သည် ထိုးသတ်ခဲ့သည့် MMA ပွဲစဉ်(၂၈)ပွဲစလုံးကို အနိုင်ယူထိုးသတ်ထားသူဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent