လေ့ကျင့်ရေးလမ်းညွှန်ချက် ဒုတိယအဆင့်အဖြစ် ပရီးမီးယားလိဂ်ကလပ်များနှင့် ထိပ်တန်းအလွှာမှကစားသမားများကို အနီးကပ်ထိတွေ့မှုရှိသည့် လေ့ကျင့်မှုများ စတင်ပြုလုပ်ရန် ဗြိတိန်အစိုးရ ခွင့်ပြု

လေ့ကျင့်ရေးလမ်းညွှန်ချက် ဒုတိယအဆင့်အဖြစ် ပရီးမီးယားလိဂ်ကလပ်များနှင့် ထိပ်တန်းအလွှာမှကစားသမားများကို အနီးကပ်ထိတွေ့မှုရှိသည့် လေ့ကျင့်မှုများ စတင်ပြုလုပ်ရန် ဗြိတိန်အစိုးရ ခွင့်ပြု
Photos: Liverpool, Man Utd, Chelsea, Tottenham Facebook
Photos: Liverpool, Man Utd, Chelsea, Tottenham Facebook
Published 26 May 2020

ဗြိတိန်အစိုးရသည် လေ့ကျင့်ရေးလမ်းညွှန်ချက်ဒုတိယအဆင့်အဖြစ် ပရီးမီးယားလိဂ်အသင်းများအပါအဝင် ထိပ်တန်းအလွှာမှ အားကစားသမားများအား အနီးကပ်ထိတွေ့မှုရှိသည့် လေ့ကျင့်မှုအစီအစဉ်များ စတင်ပြုလုပ်ရန် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

လေ့ကျင့်ရေးလမ်းညွှန်ချက် ဒုတိယအဆင့်ကို မေ ၂၅ ရက်တွင် ဗြိတိန်အစိုးရက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ''အဆင့် ၂ လေ့ကျင့်မှုအရ အနီးကပ်ထိတွေ့မှုရှိသည့် လေ့ကျင့်မှုအစီအစဉ်များကို အတွဲလိုက်၊ အစုအဖွဲ့ငယ် (သို့မဟုတ်) အသင်းလိုက် ပိုမိုနီးကပ်စွာဆောင်ရွက်ခွင့်ရမည်ဖြစ်သည်။ (ဥပမာ-အစုအဖွဲ့လေးခု နီးကပ်စွာ လေ့ကျင့်ခြင်း၊ တိုက်ခိုက်ရေးအားကစားနည်းများ လေ့ကျင့်ဖော်နှင့်လေ့ကျင့်ခြင်း၊ အသင်းလိုက်အားကစားနည်းများ ပြိုင်ဘက်ထံမှ လုယူရှင်းထုတ်ခြင်း၊ နည်းပညာ ဆိုင်ရာ ပစ္စည်းကိရိယာများ မျှဝေသုံးစွဲခြင်း ပြုလုပ်ခွင့်ရမည်)''ဟု ဖော်ပြထားသည်။

ပရီးမီးယားလိဂ်ကလပ်များအနေဖြင့် ပထမအဆင့်အဖြစ် ငါးဦးထက်မပိုသော အစုအဖွဲ့ငယ်ဖြင့် လေ့ကျင့်မှုအစီအစဉ်ကို မေ ၁၉ ရက်မှစ၍ ပြုလုပ်နေပြီ ဖြစ်ပြီး ဒုတိယအဆင့်အတွက် မေ ၂၇ ရက်တွင် ဆွေးနွေးမည်ဖြစ်သည်။

ဒုတိယအဆင့် လမ်းညွှန်ချက်နှင့်ပတ်သက်၍ ဒစ်ဂျစ်တယ်၊ ယဉ်ကျေးမှု၊  မီဒီယာနှင့် အားကစားဝန်ကြီးဌာနမှ ခရီးသွားလာရေးဝန်ကြီး နီဂယ်လ်ဟတ်ဒယ်စတုန်းက ''ဒါက အားလုံးအတွက်တော့မဟုတ်ဘူး။ ထိပ်တန်းအလွှာအဖြစ် သတ်မှတ်ထားတဲ့ အားကစားသမားတွေအတွက်ပါ။ သူတို့ရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေက ဘေးကင်းပြီး ကျန်းမာရေးနဲ့ပတ်သက်လို့ စိုးရိမ်စရာအချက်တွေကို လျော့နည်းအောင် ဆောင်ရွက်ထားတာဖြစ်လို့ အားရဖွယ်အနေအထားနဲ့ တွေ့ရှိရပါတယ်။ ဒါကြောင့် အဆင့် ၂ လေ့ကျင့်မှုအစီအစဉ်ကို ခွင့်ပြုပေးခဲ့တာပါ။ ကစားသမားတစ်ဦးချင်းအနေနဲ့ ရှေ့ဆက်ပြီး ဂရုတစိုက်နေထိုင်သွားဖို့လည်း လိုပါတယ်။ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေကလည်း လေ့ကျင့်ခန်းအစီအစဉ်တွေ၊ ကွင်းပိတ်ပွဲစဉ်တွေ ပြန်စတင်ချိန်တွေမှာ လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ဖြစ်အောင် ကူညီပေးဖို့ လိုပါတယ်''ဟု သုံးသပ်ပြောကြားသည်။

■ ထိပ်တန်းအလွှာအဖြစ် သတ်မှတ်ခံရသည့် အချက်များ

-    သက်ဆိုင်ရာအားကစားနည်းကို  အသက်မွေးဝမ်းကျောင်းအဖြစ်ကစားနေပြီး ဘဝရပ်တည် နေထိုင်ရေးအတွက် လုံလောက်သည့် ဝင်ငွေရရှိထားသူများ

-    သက်ဆိုင်ရာအားကစားနည်းတွင် ထဲထဲဝင်ဝင်ပါဝင်ပတ်သက်နေပြီး ယင်းအားကစားနည်းနှင့် သက်ဆိုင်သော အဖွဲ့အစည်းများမှ အကြီးတန်းကိုယ်စားလှယ်အဖြစ် သတ်မှတ်ထားသူများ

-    ကစားသမားများအား လေ့ကျင့်ပေးရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းက စုဖွဲ့ထားသည့် နည်းပြအပါအဝင် နည်းပြအဖွဲ့ဝင်များ

-    အနည်းဆုံး ၁၆ နှစ်နှင့်အထက်ကျော်လွန်သည့် အသက်အရွယ်ရှိရမည်ဖြစ်ပြီး ထိပ်တန်းအလွှာ သို့ရောက်ရှိရန် အလားအလာကောင်းသည့် လူငယ်ကစားသမားများ

 

Most Read

Most Recent