ဘွန်ဒစ်လီဂါပွဲစဉ်(၂၆)တွင် ကပ်ဘေးကာလမတိုင်မီထက် တစ်ပွဲပျမ်းမျှ လိမ်ခေါက်ကျော်ဖြတ်မှုနှင့် ဖျက်ထုတ်မှုနှုန်း ကျဆင်း

ဘွန်ဒစ်လီဂါပွဲစဉ်(၂၆)တွင် ကပ်ဘေးကာလမတိုင်မီထက် တစ်ပွဲပျမ်းမျှ လိမ်ခေါက်ကျော်ဖြတ်မှုနှင့် ဖျက်ထုတ်မှုနှုန်း ကျဆင်း
Published 23 May 2020

မေလ (၁၆)ရက်နေ့က ပြန်လည်ကစားခဲ့သည့် ဘွန်ဒစ်လီဂါပွဲစဉ်(၂၆)တွင် တစ်ပွဲပျမ်းမျှ လိမ်ခေါက်ကျော်ဖြတ်မှု နှင့် ဖျက်ထုတ်မှုနှုန်း ကျဆင်းခဲ့ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ရပ်နားထားရ သည့် ဥရောပထိပ်တန်းလိဂ်(၅)ခုတွင် ဘွန်ဒစ်လီဂါပြိုင် ပွဲမှာ အစောဆုံးအဖြစ် ပြီးခဲ့သည့်အပတ်က စတင်ကစား ခဲ့ခြင်းဖြစ်သည်။

သို့သော် ကပ်ဘေးကာလတွင် ကွင်းပိတ် ကစားခြင်းဖြစ်သည့်အတွက် ဘွန်ဒစ်လီဂါအသင်းများ၏ စွမ်းဆောင်မှုများမှာ ကပ်ဘေးကာလမတိုင်မီကကဲ့သို့ မဟုတ်ကြောင်း သိရသည်။

Daily Mail သတင်းစာ၏ ဖော်ပြမှုအရ ပြီးခဲ့သည့်အပတ်ကကစားခဲ့သည့် ဘွန်ဒစ်လီဂါပွဲစဉ်များတွင် ကစားသမားတစ်ဦးချင်း လိမ်ခေါက်ကျော်ဖြတ်မှုမှာ တစ်ပွဲပျမ်းမျှ (၂၉)ကြိမ်ရှိခဲ့ပြီး ယင်းမှာ ကပ်ဘေးကာလမတိုင်မီကထက် (၉.၅) ကြိမ်အထိ လျော့နည်းသွားခဲ့ခြင်းဖြစ်သည်။

(ကပ်ဘေးကာလမတိုင်မီက ဘွန်ဒစ်လီဂါပြိုင်ပွဲတွင် ကစားသမားတစ်ဦးချင်း လိမ်ခေါက် ကျော်ဖြတ်မှုမှာ တစ်ပွဲပျမ်းမျှ ၃၈.၅ ကြိမ်အထိရှိခဲ့သည်)

 ထို့ပြင် ပြီးခဲ့သည့် ဘွန်ဒစ်လီဂါပွဲစဉ် (၂၆)တွင် က စားသမားများ၏ တစ်ပွဲပျမ်းမျှ ဖျက်ထုတ်မှုနှုန်းမှာ (၃၀.၅) ကြိမ်ရှိခဲ့ပြီး ယင်းမှာ ကပ်ဘေးကာလမတိုင်မီက (၃၃.၅) ကြိမ်နှင့်နှိုင်းယှဉ်လျှင် (၃)ကြိမ် ကျဆင်းခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ ကစားသမားချင်း ထိပ်တိုက်တွေ့ဆုံသည့် အကြိမ်အရေအတွက် ကျဆင်းခဲ့ခြင်းမှာ ကစားသမားများအနေဖြင့် တစ်ဦးနှင့်တစ်ဦးထိတွေ့မည်ကို ကြောက်ရွံ့ နေခြင်းကြောင့်ဖြစ်မည်ဟု Daily Mail က ဖော်ပြခဲ့သည်။

ဘွန်ဒစ်လီဂါပြိုင်ပွဲကို ပြန်လည်စတင်ခဲ့သော်လည်း ပြိုင်ပွဲတာဝန်ရှိသူများသည် ကစားသမားများနှင့် နည်းပြ အဖွဲ့ဝင်များကို Social Distancing အား အလေးထားလိုက်နာရန် ညွှန်ကြားထားကြောင်း သိရသည်။

ဘွန်ဒစ် လီဂါပြိုင်ပွဲတွင် တာတိုပြေးမှုမှာ ယခင်က တစ်ပွဲပျမ်းမျှ (၄၄၀.၆)ကြိမ်မှ (၄၃၆.၂)ကြိမ်သို့ ကျဆင်းခဲ့ကြောင်း သိရသည်။

■ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကာလ မတိုင်မီနှင့် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကာလအတွင်း ဘွန်ဒစ်လီဂါအသင်းများ၏ စွမ်းဆောင်မှုနှိုင်းယှဉ်ချက်

- ကပ်ဘေးကာလမတိုင်မီ ဘွန်ဒစ်လီဂါအသင်းများ၏ စွမ်းဆောင်မှု

တစ်ပွဲပျမ်းမျှ ဖျက်ထုတ်မှုနှုန်း    -    ၃၃.၅ ကြိမ်

တစ်ပွဲပျမ်းမျှ လိမ်ခေါက်မှုနှုန်း    -    ၃၈.၅ ကြိမ်

တစ်ပွဲပျမ်းမျှ ပြေးသည့်အကွာအဝေး    -    ၁၄၄.၄ မိုင်

တစ်ပွဲပျမ်းမျှ တာတိုပြေးမှု    -    ၄၄၀.၆ ကြိမ်

တစ်ပွဲပျမ်းမျှ တစ်ဦးချင်းဖြတ်ကျော်မှု    -    ၆၈.၃ ကြိမ်

တစ်ပွဲပျမ်းမျှ သွင်းဂိုး    -    ၃.၂၅ ကြိမ်

တစ်ပွဲပျမ်းမျှ ဂိုးပေါက်ကန်သွင်းမှု    -    ၂၆.၈ ကြိမ်

တစ်ပွဲပျမ်းမျှ ပြိုင်ဘက်ဧရိယာတွင် ဘောလုံးထိမှု    -    ၄၄.၉ ကြိမ်

-  ဘွန်ဒစ်လီဂါပွဲစဉ် (၂၆) စွမ်းဆောင်မှု

တစ်ပွဲပျမ်းမျှ ဖျက်ထုတ်မှုနှုန်း    -    ၃၀.၅ ကြိမ်

တစ်ပွဲပျမ်းမျှ လိမ်ခေါက်မှုနှုန်း    -    ၂၉ ကြိမ်

တစ်ပွဲပျမ်းမျှ ပြေးသည့်အကွာအဝေး    -    ၁၄၃.၄ မိုင်

တစ်ပွဲပျမ်းမျှ တာတိုပြေးမှု    -    ၄၃၆.၂ ကြိမ်

တစ်ပွဲပျမ်းမျှ တစ်ဦးချင်းဖြတ်ကျော်မှု    -    ၇၁ ကြိမ်

တစ်ပွဲပျမ်းမျှ သွင်းဂိုး    -    ၂.၇၅ ကြိမ်

တစ်ပွဲပျမ်းမျှ ဂိုးပေါက်ကန်သွင်းမှု    -    ၂၄.၆ ကြိမ်

တစ်ပွဲပျမ်းမျှ ပြိုင်ဘက်ဧရိယာတွင် ဘောလုံးထိမှု    -    ၃၉.၄ ကြိမ်

 

Most Read

Most Recent