ဝင်ငွေအရပ်ရပ်ကျဆင်းပြီး ကြွေးမြီ ပေါင်သန်း ၄၃၀ နီးပါးရှိလာသော်လည်း ရာသီပြန်စချိန်တွင် သက်ရောက်မှုကြီးကြီးမားမားရှိလိမ့်မည်ဟု မန်ယူအသင်း အမှုဆောင်ဒုဥက္ကဋ္ဌ အက်ဒ်ဝုဒ်ဝက်ဒ် သုံးသပ်

ဝင်ငွေအရပ်ရပ်ကျဆင်းပြီး ကြွေးမြီ ပေါင်သန်း ၄၃၀ နီးပါးရှိလာသော်လည်း ရာသီပြန်စချိန်တွင် သက်ရောက်မှုကြီးကြီးမားမားရှိလိမ့်မည်ဟု မန်ယူအသင်း အမှုဆောင်ဒုဥက္ကဋ္ဌ အက်ဒ်ဝုဒ်ဝက်ဒ် သုံးသပ်
Published 23 May 2020

မန်ယူအသင်းအနေဖြင့် COVID-19 ကာလအတွင်း ဝင်ငွေအရပ်ရပ်ကျဆင်းပြီး  ကြွေးမြီပမာဏ ပေါင်သန်း ၄၃၀ နီးပါးအထိ မြင့်တက်လာသော်လည်း ရာသီပြန်လည်စတင်ချိန်တွင် သက်ရောက်မှုကြီးကြီးမားမားရှိလိမ့်မည်ဟု အမှုဆောင်ဒုဥက္ကဋ္ဌ အက်ဒ်ဝုဒ်ဝက်ဒ်က သုံးသပ်ပြောကြားသည်။

ဇန်နဝါရီ ၁ ရက်မှ မတ် ၃၁ ရက်အထိ တတိယသုံးလပတ်အတွက် ဝင်ငွေရရှိမှုအခြေအနေကို မေ ၂၁ ရက်က ထုတ်ပြန်ရာ ကဏ္ဍအသီးသီးမှ ပေါင် ၁၂၃ ဒသမ ၇ သန်း သာရရှိပြီး ယခင်နှစ်ကာလတူဝင်ငွေထက် ၁၈ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းသွားသည်။

မတ် ၁၃ ရက်မှစ၍ ပြိုင်ပွဲအားလုံး ရပ်နားထားရသဖြင့် ဝင်ငွေရရှိမှု ကျဆင်းသွားခြင်းဖြစ် ပြီး ရုပ်သံထုတ်လွှင့်ခွင့်ငွေမှာ ပေါင် ၂၇ ဒသမ ၈ သန်း (၅၁ ဒသမ ၇ ရာခိုင်နှုန်း)၊ ကွင်းဝင် ကြေးဝင်ငွေမှာ ပေါင် ၂ ဒသမ ၆ သန်း လျော့နည်းသွားကြောင်း သိရသည်။

ထို့ပြင် နွေရာသီတွင် နောက်ခံလူ မက်ဂွိုင်းရားနှင့် ဇန် နဝါရီတွင် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်တို့ကို မြင့်မားသည့် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူခဲ့သောကြောင့် ကြွေးမြီပမာဏမှာ လည်း ပေါင် ၁၂၇ ဒသမ ၄ သန်းမှ ပေါင် ၄၂၉ ဒသမ ၁ သန်း (၄၂ ဒသမ ၂ ရာခိုင်နှုန်း) အထိ မြင့်တက်လာသည်။

မန်ယူအသင်းအနေဖြင့် မတ်လအတွင်း ပွဲစဉ်သုံးပွဲ ရွှေ့ဆိုင်းခဲ့ရသောကြောင့် ပေါင်ရှစ်သန်းနစ်နာခဲ့ရသလို ပရီးမီးယားလိဂ်ပြိုင်ပွဲကို ရာသီပြီးဆုံးချိန်အထိ ဆက်ကစားနိုင်လျှင်ပင် ပွဲကစားသည့်ရက်စွဲနှင့်အချိန်များ ပြောင်းလဲခဲ့ရသဖြင့် ရုပ်သံကုမ္ပဏီများထံ ပေါင်သန်း ၂၀ ပြန်လည်ပေးအပ်ရမည်ဖြစ်ကြောင်း ဘဏ္ဍာရေးမှူးချုပ် ကလစ်ဖ်ဘာတီက ရှင်းလင်းပြောကြားသည်။

သို့သော် ယင်းအခြေအနေနှင့်ပတ်သက် ၍ အမှုဆောင်ဒုဥက္ကဋ္ဌ အက်ဒ်ဝုဒ်ဝက်ဒ်က ''ကျွန်တော်တို့ရဲ့ တတိယသုံးလပတ်ရလဒ်က ကပ်ရောဂါရဲ့ တစ်စိတ်တစ်ပိုင်းသက်ရောက်မှုကြောင့်ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိသုံးလပတ်နဲ့ နောက်ပိုင်းကာလမှာတော့ ကြီးမားတဲ့ သက်ရောက်မှုဖြစ်လာပါလိမ့်မယ်။ ဒီအချိန်က မကြုံစဖူးရင်ဆိုင်နေရတဲ့ကာလဖြစ်ပြီး ဒီအကျပ်အတည်းက တစ်ညတည်းနဲ့ ပျောက်ကွယ်သွားမှာမဟုတ်ဘူး ဆိုတာကိုလည်း လက်ခံရမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ကလပ်က ခိုင်မာတဲ့အုတ်မြစ်ပေါ်မှာ တည်ဆောက်ထားတာပါ။ ဒါဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ၁၄၂ နှစ်ကြာမြင့်ပြီဖြစ်တဲ့ သမိုင်းတစ်လျှောက် အထူးခြားဆုံးစိန်ခေါ်မှု ဖြစ်ပြီး ရေရှည်ချမှတ်ပြီးတော့ လျှောက်လှမ်း လာတဲ့လမ်းကြောင်းအတွက် သံသယမဖြစ်ပါဘူး''ဟု သုံးသပ်ပြောကြားသည်။

ထို့ပြင် အက်ဒ်ဝုဒ်ဝက်ဒ်က နွေရာသီတွင်သွားရောက်ရန် စီစဉ်ထားသည့်ခြေစမ်းခရီးကိုလည်း ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း အတည်ပြုပြောကြားသည်။

မန်ယူအသင်းသည် ယခုနွေရာသီတွင် အိန္ဒိယနှင့် အာရှဒေသသို့ ခြေစမ်းပွဲလာရောက်ကစားရန် စီစဉ်ထားသော်လည်း ဖျက်သိမ်းလိုက်ရသဖြင့် ဝင်ငွေသန်းနှင့်ချီ၍ ဆုံးရှုံးရမည်ဖြစ်သည်။

Most Read

Most Recent