ချယ်လ်ဆီးအသင်းကွင်းလယ်လူ ကွန်တေ မာစီးဒီးစ်ကားသစ်ဖြင့် လေ့ကျင့်ရေးကွင်းသို့ ပြန်ရောက်လာ

ချယ်လ်ဆီးအသင်းကွင်းလယ်လူ ကွန်တေ မာစီးဒီးစ်ကားသစ်ဖြင့် လေ့ကျင့်ရေးကွင်းသို့ ပြန်ရောက်လာ
Published 23 May 2020

COVID-19 ရောဂါအတွက် စိုးရိမ်ပူပန်နေကြောင်း သတင်းများထွက်ပေါ်နေသည့် ချယ်လ်ဆီးအသင်းကွင်းလယ်လူ ကွန်တေသည် မေ ၂၂ ရက်တွင် မာစီးဒီးစ်ကားသစ်ဖြင့် လေ့ကျင့်ရေးကွင်းသို့ ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။

ကွန်တေသည် အစုအဖွဲ့ငယ်ဖြင့် လေ့ကျင့်မှုစတင်ပြုလုပ်သည့် မေ ၁၉ ရက်တွင် Cobham လေ့ကျင့်ရေးကွင်း၌ အသင်းဖော် ဟတ်ဆန်အိုဒွိုင်း၊ ပူလီဆစ်၊ ဇူးမား၊ ကယ်ပါ တို့နှင့်အတူ လေ့ကျင့်ခဲ့သော်လည်း ဒုတိယမြောက်နေ့ဖြစ်သည့် မေ ၂၀ ရက်တွင်မူ လာရောက်ခြင်းမရှိတော့ကြောင်း ဗြိတိန်သတင်းဌာနများက ဖော်ပြခဲ့ကြသည်။

ကွန်တေသည် အစ်ကိုဖြစ်သူ နှလုံးရောဂါကြောင့် သေဆုံးဖူးသဖြင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမည်ကို စိုးရိမ်ပူပန်နေခြင်းဖြစ်ပြီး ချယ်လ်ဆီးအသင်းကလည်း ၎င်း၏ဆန္ဒအတိုင်း ရာသီကုန်ချိန်အထိ လေ့ကျင့်မှုမပြုလုပ်ဘဲ နေခွင့်ပြုမည် ဖြစ်ကြောင်း The Sun သတင်းစာက ဖော်ပြခဲ့သည်။

သို့သော် ၎င်းအနေဖြင့် ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ခဲ့ပြီး မေ ၂၁ ရက်တွင် ဆေးစစ်မှုခံယူရန် လေ့ကျင့်ရေးကွင်းသို့လာရောက်ခဲ့သလို မေ ၂၂ ရက်တွင်လည်း မာစီးဒီးစ်ကားသစ်ဖြင့် ရောက်ရှိလာကြောင်း The Sun သတင်းစာက ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းများနှင့်တကွ ဖော်ပြခဲ့ခြင်းဖြစ်သည်။

ကွန်တေသည် ငါးနှစ်ကြာစီးလာသည့် မီနီကူးပါးကားကို မာစီးဒီးစ်ဖြင့် လဲလှယ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ပြင်သစ်လက်ရွေးစင်ကစားသမား ကွန်တေ (၂၉ နှစ်)သည် ဒဏ်ရာပြဿနာကြောင့် ယခုရာသီပရီးမီးယားလိဂ်တွင် ၁၆ ပွဲသာ ပွဲ ထွက်ခွင့်ရထားပြီး သုံးဂိုးသွင်းယူထားသည်။

Most Read

Most Recent