စီးရီးအေပြိုင်ပွဲစတင်မည့်နေ့ အတိအကျမသိရှိရသေးသော်လည်း သြဂုတ်(၂၀) အဆုံးသတ်ပြီး စက်တင်ဘာ(၁)တွင် ရာသီသစ်စမည်

စီးရီးအေပြိုင်ပွဲစတင်မည့်နေ့ အတိအကျမသိရှိရသေးသော်လည်း သြဂုတ်(၂၀) အဆုံးသတ်ပြီး စက်တင်ဘာ(၁)တွင် ရာသီသစ်စမည်
Published 22 May 2020

စီးရီးအေပြိုင်ပွဲစတင်မည့်နေ့ကို အတိအကျမသိရှိရသေးသော်လည်း သြဂုတ်လ(၂၀)ရက်နေ့တွင် လိဂ်ပြိုင်ပွဲ အဆုံးသတ်ရန် စီစဉ်ထားပြီး၊ လာမည့် ၂၀၂၀-၂၁ ရာသီကိုမူ စက်တင်ဘာလ (၁)ရက်နေ့တွင် ပြန်လည်စတင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိ ဘောလုံးရာသီကို မတ်လကတည်းက ရပ်နားခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် (၂)လကျော်ကြာမြင့်နေပြီဖြစ်သည်။

ပြန်လည်စတင်မည့် အချိန်အား မေလ (၂၈)ရက်နေ့တွင် ဆုံးဖြတ်မည်ဖြစ်ကြောင်း အီတလီအားကစားဝန်ကြီး စပါဒါဖိုရာက ပြောကြားခဲ့ပြီး စီးရီးအေကလပ်အသင်းများ၊ ကလပ်အသင်းများ၏ ဆေးအဖွဲ့များနှင့် အခြားတာဝန်ရှိသူများက တင်ပြထားသည့် အချက်အလက်များကိုလည်း အစိုးရနည်းပညာဆိုင်ရာ သိပ္ပံနည်းကျ ကော်မတီက ထောက်ခံခဲ့ကြောင်း သိရှိရသည်။

လက်ရှိအချိန်တွင် စီးရီးအေပြိုင်ပွဲသည် ရာသီအဆုံးသတ်ရန်အတွက် ပွဲစဉ်(၁၂)ပွဲနှင့် ပွဲကျန်(၄)ပွဲ ကျန်ရှိနေပြီး အမှတ်ပေးဇယားထိပ်ဆုံးတွင် (၈)နှစ်ဆက်ချန်ပီယံ ဂျူဗင်တပ်စ်အသင်းက (၁)မှတ်အသာဖြင့် ရပ်တည်လျက်ရှိနေသည်။

ထို့ပြင် အီတလီ ဘောလုံးအဖွဲ့ချုပ် (FIGC) သည် စီးရီးအေအပါအဝင် ထိပ်တန်းလိဂ်ပြိုင်ပွဲ (၃)ခုကို ပြန်လည်စတင်ပြီးနောက် ပြန်လည်ရပ်တန့်ရန်အခြေအနေ ဖြစ်ပေါ်လာခဲ့ပါက ပိုမိုတိုတောင်းပြီး၊ လွယ်ကူသည့် အခြားရွေးချယ်စရာအစီအစဉ်တစ်ခုကိုလည်း ထုတ်ပြန်ကြေညာသွားခဲ့သည်။

ယင်းအစီအစဉ်မှာ Play-offs ပုံစံဖြစ်ပြီး ယင်းပုံစံသည် လိဂ်ပြိုင်ပွဲအစအဆုံး ကျင်းပခြင်းထက်စာလျှင် ပိုမိုလွယ်ကူပြီး တိုတောင်းသော်လည်း ရုပ်သံကုမ္ပဏီများနှင့် လျော်ကြေးငွေကိစ္စများ ပါဝင်လာမည်ဖြစ်သည်။

Play-offs ကစားရန်ပင် မဖြစ်နိုင်ပါက Coefficient စနစ်ဖြင့် ဆုံးဖြတ်မည်ဟုလည်း သိရှိရသည်။

Most Read

Most Recent