COVID-19 ရောဂါနှင့်ပတ်သက်၍ အစိုးရ၏ကော်မတီနှင့် KNU တို့ ဆွေးနွေးခဲ့ပြီး တပ်မတော်နှင့် ဖြစ်ပေါ်နေသည့် တင်းမာမှုများကို လျှော့ချ၍ ညှိနှိုင်းဆောင်ရွက်ရန် သဘောထားရှိဟု KNU အထွေထွေအတွင်းရေးမှူး ပြောကြား

COVID-19 ရောဂါနှင့်ပတ်သက်၍ အစိုးရ၏ကော်မတီနှင့် KNU တို့ ဆွေးနွေးခဲ့ပြီး တပ်မတော်နှင့် ဖြစ်ပေါ်နေသည့် တင်းမာမှုများကို လျှော့ချ၍ ညှိနှိုင်းဆောင်ရွက်ရန် သဘောထားရှိဟု KNU အထွေထွေအတွင်းရေးမှူး ပြောကြား
မေ ၁၁ ရက်က Online Video Conferencing ဖြင့် ပြုလုပ်သည့်အစည်းအဝေးတွင် အစိုးရကဖွဲ့စည်းထားသည့် ကော်မတီကိုယ်စားလှယ်များကို တွေ့ရစဉ်
မေ ၁၁ ရက်က Online Video Conferencing ဖြင့် ပြုလုပ်သည့်အစည်းအဝေးတွင် အစိုးရကဖွဲ့စည်းထားသည့် ကော်မတီကိုယ်စားလှယ်များကို တွေ့ရစဉ်
Published 11 May 2020
မင်းနိုင်စိုး

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် ပတ်သက်၍ အစိုးရက ဖွဲ့စည်းထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ မေ ၁၁ ရက်က Online Video Conferencing ဖြင့် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

အစိုးရကဖွဲ့စည်းထားသည့် COVID-19 ရောဂါနှင့်ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်း ပူးပေါင်းရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သည့် ကော်မတီဝင်များနှင့် KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူး ဦးဆောင်သော KNU ကိုယ်စားလှယ်များ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

အဆိုပါဆွေးနွေးမှုတွင် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် တပ်မတော်နှင့် KNU တပ်မဟာ (၅) တို့အကြား ဖြစ်ပွားခဲ့သော ပစ်ခတ်တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး တင်းမာမှုများကိုလျှော့ချ၍ နားလည်မှုလွဲမှားစေနိုင်သော ကိစ္စရပ်များအား ညှိနှိုင်းဆောင်ရွက်ရန်သဘောထားရှိကြောင်း KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောကြားသည်။

“ အဓိကကတော့ ကျွန်တော်တို့နှစ်ဖက်က ဒီကာလမှာ တင်းမာမှုတွေလျှော့ချပြီးတော့ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ပေါ့နော်။ ဆိုတော့ နားလည်မှုလွဲမှားစရာဖြစ်တဲ့ ကိစ္စတွေကိုလည်း ကျွန်တော်တို့ ညှိနှိုင်းဖို့ဆိုတဲ့ အခြေခံမူနဲ့ ကျွန်တော်တို့ သဘောထားရှိပါတယ်” ဟု ပဒိုစောတာဒိုမူးက ပြောကြားသည်။

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း KNU တပ်မဟာ (၅) က ဆောင်ရွက်နေသော COVID-19 ရောဂါစစ်ဆေးရေးဂိတ်များနှင့် ပတ်သက်၍ နားလည်မှုလွဲမှားကာ တပ်မတော်နှင့် KNU တပ်မဟာ (၅) တို့အကြား မေ ၆ ရက်နှင့် ၈ ရက်တို့တွင် နှစ်ဖက်ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ KNU ကိုယ်စားလှယ်များသည် စစ်ဆင်ရေး ကွပ်ကဲမှုအထူးအဖွဲ့မှူး (ကစထမှူး) နှင့် အရှေ့တောင် တိုင်းစစ်ဌာနချုပ်တွင် သွားရောက် တွေ့ဆုံဆွေးနွေးထားကြောင်း KNU အထွေထွေအတွင်းရေးမှူးက ပြောကြားသည်။

ထိုသို့ သွားရောက်တွေ့ဆုံဆွေးနွေးရာတွင် COVID-19 ရောဂါ စစ်ဆေးရေးဂိတ်များ ထားရှိဆောင်ရွက်ရေးနှင့် ပတ်သက်၍ အစိုးရက ဖွဲ့စည်းပေးထားသော NRPC ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သော ကော်မတီနှင့်ဖြစ်စေ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့်ဖြစ်စေ KNU က ညှိနှိုင်းဆောင်ရွက်ပါက တပ်မတော်က လက်ခံမည့် သဘောထားအား KNU ကိုယ်စားလှယ်များကို ကစထမှူးက ပြောကြားခဲ့ကြောင်း KNU အထွေထွေအတွင်းရေးမှူးက ပြောကြားသည်။

“ ဒီဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ COVID-19 ကော်မတီပဲဖြစ်ဖြစ်၊ NRPC ပဲဖြစ်ဖြစ်ကနေပြီးတော့ ကျွန်တော်တို့ Scanning Point ဘယ်မှာလုပ်မယ်ဆိုတဲ့ဟာမျိုး လက်ခံမယ်ဆိုရင်တော့ သူတို့ အိုကေပါတယ် ဆိုပြီးတော့ ပြောထားတာရှိပါတယ်။ အဲဒါကိုလည်း ကျွန်တော်တို့ ပြောပြပါတယ်။ ဆိုတော့ သဘောကဒီ COVID-19 ကိစ္စက ဒီကော်မတီကနေပြီးတော့ EAO တွေနဲ့ ညှိနှိုင်းဆောင်ရွက်တဲ့အပိုင်းမှာ ညှိနှိုင်းဆောင်ရွက်သွားမယ်ဆိုရင် သူတို့အနေနဲ့ ပြောစရာမရှိပါဘူးဆိုတဲ့ သဘောတော့ရှိပါတယ်” ဟု KNU အထွေထွေအတွင်းရေးမှူးက ပြောကြားသည်။

COVID-19 ရောဂါနှင့်ပတ်သက်၍ အစိုးရ၏ ကော်မတီနှင့် KNU တို့၏ မေ ၁၁ ရက် ဆွေးနွေးမှုတွင် သတင်းအချက်အလက် ဖလှယ်ရေးကိစ္စ၊ COVID-19 ရောဂါ ကာကွယ်ရေးကိစ္စစသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း KNU အထွေထွေအတွင်းရေးမှူးက ပြောကြားသည်။

NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ကြား တွင်ရှိသည့် ဘုံရပ်တည်ချက်နှင့် အစိုးရ၏ သဘောထားအပေါ်တွင် အခြေခံ၍ အဖွဲ့ တစ်ဖွဲ့ချင်းစီအတွင်းတွင် ပြန်လည်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်သည့်အနေဖြင့် ယခုကဲ့သို့ ဆွေးနွေးခြင်းဖြစ်ကြောင်း KNU အထွေထွေအတွင်းရေးမှူးက ပြောကြားသည်။

ထို့ပြင် COVID-19 ရောဂါနှင့်ပတ်သက်၍ နိုင်ငံတကာအလှူရှင်များ အထူးသဖြင့် ကမ္ဘာ့ဘဏ်က အကူအညီပေးလိုပြီး ထိုသို့ နိုင်ငံတကာမှ အကူအညီပေးလိုမှုနှင့်ပတ်သက်၍ မည်သို့ညှိနှိုင်းဆောင်ရွက်မည်ဆိုသည့်ကိစ္စကို အကြမ်းဖျင်းဆွေးနွေးခဲ့ကြောင်းလည်း KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောကြားသည်။

Most Read

Most Recent