ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားထားသည့် MNL ပြိုင်ပွဲကို ဇွန်လနောက်ဆုံးပတ်နှင့် ဇူလိုင်လဆန်းတွင် ပြန်လည်ကျင်းပနိုင်ရန် ကြိုးပမ်းနေပြီး ပရိသတ်မပါဘဲ စတင်ကစားရဖွယ်ရှိ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားထားသည့် MNL ပြိုင်ပွဲကို ဇွန်လနောက်ဆုံးပတ်နှင့် ဇူလိုင်လဆန်းတွင် ပြန်လည်ကျင်းပနိုင်ရန် ကြိုးပမ်းနေပြီး ပရိသတ်မပါဘဲ စတင်ကစားရဖွယ်ရှိ
Photos : MNL Facebook
Photos : MNL Facebook
Published 11 May 2020

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားထားသည့် ၂၀၂၀ MNL အမှတ်ပေးပြိုင်ပွဲကို ဇွန်လနောက်ဆုံးပတ်နှင့် ဇူလိုင်လဆန်း တွင် ပြန်လည်ကျင်းပနိုင်ရန် ကြိုးပမ်းနေပြီး ပရိသတ်မပါဘဲ စတင်ကစားရဖွယ်ရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်လိဂ်ကော်မတီ အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ပြိုင်ပွဲများကျင်းပနိုင်ရန် အဆင့်ဆင့်လုပ်ဆောင်သွားရမည်ဖြစ်ပြီး ကျန်းမာရေးစစ်ဆေးမှုအပါအဝင် အစိုးရထံမှ ခွင့်ပြုချက်တောင်းခံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် မတ် (၂၄)ရက်မှစ၍ ပြည်တွင်းပြိုင်ပွဲ အားလုံးကို ရပ်နားခဲ့ပြီး ရက်ပေါင်း(၅၀) ဝန်းကျင်ကြာမြင့်လာပြီဖြစ်သည်။

နိုင်ငံတကာတွင်လည်း အချို့လိဂ်များမှာ ပြန်လည်ကျင်းပနေပြီဖြစ်သော ကြောင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီအနေဖြင့် ဘောလုံးပြိုင်ပွဲရပ်နားမှု မကြာမြင့်စေရန်၊ စပွန်ဆာနှင့် အခြားကိစ္စရပ်များ အခက်အခဲမရှိစေရန်၊ ကလပ်အသင်းများ၏ ငွေကြေးလည်ပတ်မှု အဆင်ပြေစေရန်အတွက် ရောဂါအခြေအနေအပေါ် မူတည်ကာ ပြန်လည် ကျင်းပနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

''ကျွန်တော်တို့အနေနဲ့ ရပ်နားထားတဲ့ ပြည်တွင်းပြိုင်ပွဲတွေကို ပြန်လည်ညှိနှိုင်းဖို့ ကြိုးပမ်းနေပါတယ်။ လက်ရှိအနေအထားအရ ချက်ချင်းပြန်စဖို့ ခက်ခဲနိုင်ပေမယ့် ဇွန်နောက် ဆုံးပတ်နဲ့ ဇူလိုင်လဆန်းလောက်မှာ ပြန်လည်ကျင်းပနိုင်ဖို့ လျာထားပါတယ်။ ဒါကြောင့် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထားပြီး ပြန်လည် ကျင်းပနေတဲ့လိဂ်တွေ၊ စတင်ဖို့လုပ်ဆောင်နေတဲ့ လိဂ်တွေကို လေ့လာပြီး လုပ်ဆောင်သင့်တာတွေ လုပ်ဆောင်သွားမှာပါ။ ကျွန်တော်တို့ဘက်က ပြိုင်ပွဲပြန်စဖို့ ပြင်ဆင်ပြီးရင် ကလပ်အသင်းတွေနဲ့ ဆွေးနွေးမယ်၊ သဘောတူညီမှုရရင် လိဂ်ကော်မတီကို တင်ပြမယ်၊ ခွင့်ပြုချက်ရရင် အစိုးရအဖွဲ့ထံတင်ပြပြီး ပြိုင်ပွဲတွေကျင်းပခွင့်ရဖို့ တင်ပြမှာပါ။ အစိုးရအဖွဲ့က ခွင့်ပြုချက်ရမှ ကျင်းပလို့ရမှာပါ။ ပြိုင်ပွဲကျင်းပဖို့ လုပ်ဆောင်ရမယ့်အဆင့်တွေ အများကြီးရှိပြီး ပြိုင်ပွဲမတိုင်ခင် ကျန်းမာရေးစစ်ဆေးတာတွေ၊ ဘောလုံးကွင်းတွေကို ရောဂါပိုးကင်းစင်အောင် ဆောင်ရွက်ရမှာတွေ အများကြီးရှိပါတယ်။ အသင်းတွေပြင်ဆင်ချိန်ရအောင်လည်း (၃၊ ၄) ပတ်ကြိုတင်ပြီး အကြောင်းကြားသွားမှာပါ။ ဘောလုံးပြိုင်ပွဲ ရပ်နားတာကြာရင် ဘက်ပေါင်းစုံက အခက်အခဲတွေ ရှိလာနိုင်တာကြောင့် လက်ရှိဖြစ်ပေါ်နေတဲ့ ကျန်းမာရေးအခြေအနေနဲ့ချိန်ဆပြီး ပြိုင်ပွဲ ကျင်းပနိုင်အောင် လုပ်ဆောင်သွားမှာပါ''ဟု CEO ဦးစိုးမိုးကျော်က Eleven Sports သို့ ပြောကြားခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ပြည်တွင်းပြိုင်ပွဲများ ပြန်လည်ကျင်းပပါက ပရိသတ်မပါဘဲ ကစားစေဖွယ်ရှိကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ပရိသတ်များမပါဘဲ ကွင်းပိတ်ကစားရန် စီစဉ်နေခြင်းဖြစ်ပြီး ပြိုင်ပွဲမရပ်နားမီကလည်း ပွဲအချို့ကို ပရိသတ်မပါဘဲ ကျင်းပခဲ့သည်။

''ဘောလုံးပြိုင်ပွဲတွေ ပြန်လည်ကျင်းပမယ်ဆိုရင် လူအများကြီးနဲ့ ကျင်းပဖို့မဖြစ်နိုင်ပါဘူး။ ဒါကြောင့် တစ်ရာသီလုံး မဟုတ်ရင်တောင် ပြိုင်ပွဲအစပွဲတွေကို ပရိသတ်မပါဘဲ ကျင်းပဖို့စီစဉ်ထားပါတယ်''ဟု CEO ဦးစိုးမိုးကျော်က ပြောကြားခဲ့သည်။