မန်စီးတီးအသင်းကို ပိုင်ဆိုင်ထားသည့် City Football Group သည် ဘယ်လ်ဂျီယံဒုတိယတန်းမှ ကလပ်အသင်းတစ်သင်းကို ထပ်မံဝယ်ယူနိုင်ရန် နီးစပ်နေပြီး ၎င်းတို့ ရင်းနှီးမြှုပ်နှံမှုပြုလုပ်သည့် (၉)သင်းမြောက်အသင်း ဖြစ်လာတော့မည်ဟု သိရှိရသည်။
မန်စီးတီးအသင်းကို ပိုင်ဆိုင်ထားသည့် City Football Group သည် ဘယ်လ်ဂျီယံဒုတိယတန်းမှ ကလပ်အသင်းတစ်သင်းကို ထပ်မံဝယ်ယူနိုင်ရန် နီးစပ်နေပြီး ၎င်းတို့ ရင်းနှီးမြှုပ်နှံမှုပြုလုပ်သည့် (၉)သင်းမြောက်အသင်း ဖြစ်လာတော့မည်ဟု သိရှိရသည်။
City Football Group သည် ကမ္ဘာတစ်လွှားမှ ကလပ်အသင်းများစွာကို ဝယ်ယူကာ ၎င်းတို့၏အင်အားကို ချဲ့ထွင်နေခြင်းဖြစ်ပြီး လက်ရှိအချိန်၌ မန်စီးတီး၊ မဲလ်ဘုန်းစီးတီးနှင့် မွန်တီဗီဒီယိုစီးတီးတော်ကွေးအသင်းတို့ကို အလုံးစုံပိုင်ဆိုင်ထားသည်။
ထို့ပြင် နယူးယောက်စီးတီးနှင့် မွန်ဘိုင်းစီးတီးအသင်းတို့၏ အဓိကရှယ်ယာရှင်အဖြစ် ရပ်တည်နေသလို၊ ဟီရိုနာအသင်းတွင်လည်း ရှယ်ယာ (၄၄.၃%) ပိုင်ဆိုင်ထားသည်။
တရုတ်ကလပ်အသင်းတစ်သင်းနှင့် ဂျပန်ကလပ်အသင်းတစ်သင်းတွင်လည်း ရှယ်ယာများထည့်ဝင်ထားသည့်အတွက် ၎င်းတို့ ရင်းနှီးမြှုပ်နှံမှု ပြုလုပ် ထားသည့်အသင်းပေါင်း (၈)သင်းရှိနေပြီဖြစ်သည်။
ယင်းအခြေအနေတွင် City Football Group သည် အင်အားချဲ့ထွင်မှုကို ရှေ့ဆက်နေဆဲဖြစ်ပြီး ဝယ်ယူရန် သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ပစ်မှတ်ထားနေသည့် အသင်းများစွာ ရှိနေသေးကြောင်းလည်း သိရှိရသည်။
၎င်းတို့က ငွေကြေးအခက်အခဲနှင့် ရင်ဆိုင်နေရသည့် ကလပ်အသင်းများကို လိုက်လံရှာဖွေကာ သိမ်းပိုက်ရယူသည့်နည်းလမ်းကို အသုံးပြုနေကြောင်းလည်း ဗြိတိန်မီဒီယာအချို့က သုံးသပ်ခဲ့ကြသည်။
ပြီးခဲ့သည့်လက ပြင်သစ်ကလပ် နန့်စ်အသင်းကို ဝယ်ယူရန် ကြိုးပမ်းခဲ့ပြီးနောက် ယခုအခါ ဘယ်လ်ဂျီယံဒုတိယတန်းကလပ် Lommel S.K အသင်းကို ဝယ်ယူရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
ယင်းအသင်းကို အပြီးသတ်ဝယ်ယူရန်အတွက် ဆွေးနွေးညှိနှိုင်း နေဆဲဖြစ်သော်လည်း ကလပ်အသင်းတင်ရှိနေသည့် ကြွေးမြီပြဿနာ ယူရို(၂)သန်းကို ဖြေရှင်းပေးပြီးပါက ပိုင်ဆိုင်ခွင့်ရရန် မဝေးတော့ကြောင်း ဘယ်လ်ဂျီယံမီဒီယာများက သုံးသပ်နေကြသည်။
အဆိုပါကလပ်အသင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ငွေကြေးအကျပ်အတည်းနှင့် ပိုမိုရင်ဆိုင်လာရခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။