၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ သုံးနှစ်တာအတွင်း မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ရှစ်သောင်းခန့်ရှိပြီး ၎င်းတို့အနက် သေဆုံးသူ ၄၅၀ ခန့်ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
ယခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အမျိုးသားရေးအသွင်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်း ရေးလုပ်ငန်းများ၌ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြပါရန် တိုက်တွန်းပန်ကြားချက်ကို ဧပြီ ၂၈ ရက် ညပိုင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ ယခုအချိန်တွင် COVID-19 ကပ်ရောဂါ ဖြစ်ပွားနေသော်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ပုံမှန်ဆောင်ရွက်လျက်ရှိသော ပြည်သူ့ကျန်းမာရေး စီမံချက်လုပ်ငန်း ၆၈ ခု၏ လုပ်ငန်းဆောင်ရွက်မှုများကို လစ်ဟာမှုမရှိစေရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ မကြာခင် မိုးရာသီ ကျရောက်တော့မည် ဖြစ်သည့်အတွက် ဝန်ကြီးဌာနအနေဖြင့် မိုးရာသီ၌အဖြစ်များသော ရောဂါများအနက် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် သွေးလွန်တုပ်ကွေးရောဂါသည် ခြင်ကျားကိုက်ခံရခြင်းကြောင့် ကူးစက်ဖြစ်ပွားရခြင်းဖြစ်၍ ခြင်ကျားမရှိပါက သွေးလွန်တုပ်ကွေးရောဂါ ဖြစ်မည်မဟုတ်ကြောင်း ရေးသားထားသည်။
သွေးလွန်တုပ်ကွေးရောဂါကို သယ်ဆောင်သည့်ခြင်သည် နေအိမ်တွင်းနှင့် နေအိမ်ပတ်ဝန်းကျင်ရှိ ရေကြည်ရေသန့်တွင် ပေါက်ဖွားခြင်းဖြစ်သဖြင့် ပြည်သူများက မိမိတို့နေအိမ်နှင့် ပတ်ဝန်းကျင်တွင် ခြင်ပေါက်ပွားမှု မရှိစေရေး၊ ပိုးလောက်လန်းနှိမ်နင်းရေး လုပ်ငန်းများကို ကိုယ်တိုင်ပါဝင်ဆောင်ရွက်မှသာ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ အောင်မြင်မှုရရှိမည် ဖြစ်ကြောင်း၊ အိမ်တိုင်း ရွာတိုင်း ရပ်ကွက်တိုင်း မြို့တိုင်းတွင် ခြင်ကျားပိုးလောက်လန်း တစ်ကောင်မျှမရှိအောင် နှိမ်နင်းခြင်းဖြင့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်အောင် ကာကွယ်နိုင်မည်ဖြစ်ကြောင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများ အောင်မြင်မှုရရှိစေရေး၌ အဓိကအရေးအကြီးဆုံးအချက်မှာ ပြည်သူများကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ပြည်သူများ ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် သွေးလွန်တုပ်ကွေးရောဂါနှင့် ပတ်သက်သော ကျန်းမာရေး အသိပညာပေး နှိုးဆော်ချက်များကို ရပ်ကွက်ကျေးရွာများတွင် အသံချဲ့စက်များအသုံးပြု၍ အခြေခံကျန်းမာရေး ဝန်ထမ်းပညာရှင်များနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက ဦးဆောင်၍လုပ်ဆောင်သွားရန် လိုအပ်ကြောင်း၊ အခြေခံ ကျန်းမာရေးဝန်ထမ်း ပညာရှင်များနှင့် ရပ်ရွာပြည်သူလူထု ဒေသခံလူမှုရေး အဖွဲ့အစည်းများ မည်သို့မည်ပုံ ပူးပေါင်းဆောင်ရွက်ကြမည်ကို မြို့နယ်အလိုက် စီမံချက်များ ရေးဆွဲနိုင်ရန် ဗဟိုက လုပ်ငန်းလမ်းညွှန်များ ချမှတ်ပေးသွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
သွေးလွန်တုပ်ကွေးရောဂါသည် ပြည်သူ့ကျန်းမာရေးအခြေခံနိယာမများကို အသုံးပြု၍ ဆောင်ရွက်ပါက ရောဂါဖြစ်ပွားမှုနှုန်းကို ထိရောက်စွာ လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများ ဖွင့်လာချိန်တွင်လည်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အသိပညာပေး နှိုးဆော်မှုများကိုလည်း ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ယခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အမျိုးသားရေးအသွင်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူလူထု၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဒေသအာဏာပိုင်အားလုံးက ၀ိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီမှ နိုဝင်ဘာ ၂၃ ရက်အထိ တစ်နိုင်ငံလုံး၌ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၂၃၂၀၃ ဦး၊ သေဆုံးသူ ၁၂၃ ဦးအထိရှိလာပြီး ကချင်ပြည်နယ်တွင် လူဦးရေ ၄၀၀၀ ကျော်ဖြင့် ဖြစ်ပွားသေဆုံးနှုန်းအမြင့် ဆုံးဖြစ်ခဲ့သည်။















