ပရိသတ်များ ကွင်းအတွင်း ပြန်လည်ကြည့်ရှုခွင့်ရမည့်အချိန်ကြာမြင့်နိုင်ကြောင်း FA ဥက္ကဋ္ဌ ဂရက်ကလက်ခ် သုံးသပ်

ပရိသတ်များ ကွင်းအတွင်း ပြန်လည်ကြည့်ရှုခွင့်ရမည့်အချိန်ကြာမြင့်နိုင်ကြောင်း FA ဥက္ကဋ္ဌ ဂရက်ကလက်ခ် သုံးသပ်
Published 5 May 2020

 

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA) ဥက္ကဋ္ဌ ဂရက်ကလက်ခ်က Social Distancing စည်းမျဉ်းကြောင့် ပရိသတ်များ ဘောလုံးကွင်းအတွင်း ပြန်လည်ကြည့်ရှုခွင့်ရမည့်အချိန်မှာ ကြာမြင့်နိုင်ကြောင်း သုံးသပ်ပြောကြားသည်။

ပရီးမီးယားလိဂ်အပါအဝင် အင်္ဂလန်ပြည်တွင်းဘောလုံးပွဲများကို ဇွန်လဆန်းတွင် ပရိသတ်မပါဘဲ ကွင်းပိတ်ကစားနိုင်ရန် ကြိုးပမ်းလျက်ရှိသလို လာမည့် ၂၀၂၀-၂၁ ရာသီကိုလည်း ကွင်းပိတ်ဖြင့်သာ ကျင်းပရနိုင်ကြောင်း စိုးရိမ်မှုများရှိနေစဉ် FA ဥက္ကဋ္ဌ ဂရက်ကလက်ခ်က ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

''ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ကျွန်တော်တို့မသိနိုင်သေးပါဘူး။ ဒါက အမှန်တရားပါ။ Social Distancing စည်းမျဉ်းကို အချိန်ကာလတစ်ခုအထိ လိုက်နာရမှာဖြစ်လို့ ဘောလုံးလောကတစ်ခုလုံးရဲ့ ဂေဟစနစ်ကို အပြောင်းအလဲတွေ အများကြီးလုပ်ရဖို့ရှိပါ တယ်။ ဥပမာပြောရရင် ဘောလုံးပွဲတွေရဲ့ အသက်သွေးကြောဖြစ်တဲ့ ပရိသတ်တွေကို ကွင်းထဲမှာ ဘယ်အချိန်ပြန်မြင်ရမလဲဆိုတာ ပြောဖို့ တော်တော်ခက်ပါတယ်''ဟု ၎င်းက ပြောကြားသည်။

ထို့ပြင် အင်္ဂလန်လက်ရွေးစင်အသင်း၏ ခြေစမ်းပွဲလေးပွဲ ဖျက်သိမ်းရခြင်းနှင့် FA ဖလားပြိုင်ပွဲ ရပ်နားထားရသဖြင့် ယခုနှစ် တွင် ပေါင် ၇၅ သန်း ဆုံးရှုံးနိုင်ပြီး လာမည့် လေးနှစ်အတွင်း ပေါင်သန်း ၃၀၀ အထိဖြစ်သွားနိုင်ကြောင်း ဂရက်ကလက်ခ်က ဆက်လက်ပြောကြားသည်။

ယခုရာသီ FA ဖလား ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်သာရှိသေးပြီး ခုနစ်ပွဲ ထပ်မံကစားရဦးမည်ဖြစ်သည်။