Pool ကစားသမား ဘုန်းမြင့်ကျော်ကို မြန်မာပရိသတ်များ အားပေးမှုအတွက် ဂုဏ်ပြုသည့်အနေဖြင့် မြန်မာအလံတပ်ဆင်၍ ယှဉ်ပြိုင်ခွင့်ပြုမည်

Pool ကစားသမား ဘုန်းမြင့်ကျော်ကို မြန်မာပရိသတ်များ အားပေးမှုအတွက် ဂုဏ်ပြုသည့်အနေဖြင့် မြန်မာအလံတပ်ဆင်၍ ယှဉ်ပြိုင်ခွင့်ပြုမည်
Photos : Ko Ar Ti Facebook
Photos : Ko Ar Ti Facebook
Published 5 May 2020

တရုတ်နိုင်ငံတွင် ကျင်းပလျက်ရှိသည့် Chinese 8 Ball ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်နေသော မြန်မာ Pool ကစားသမား ဘုန်း မြင့်ကျော် (ခ) မောင်မောင် (ခ) အားတီကို အားပေးကြသည့် မြန်မာနိုင်ငံမှ ပရိသတ်များအတွက် ဂုဏ်ပြုသည့်အနေဖြင့် မြန်မာအလံတပ်ဆင်၍ ကစားခွင့်ပြုရန် ပြိုင်ပွဲကျင်းပရေးအဖွဲ့က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

 

Chinese 8 Ball ပြိုင်ပွဲမှာ ကမ္ဘာ့ချန်ပီယံဟောင်းများအပါအဝင် ကစားသမား ရှစ်ဦးသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသည့် ပြိုင်ပွဲဖြစ်ပြီး ဘုန်းမြင့်ကျော်မှာ အိမ်ရှင်တရုတ်ကစားသမားများနှင့်အတူ ယှဉ်ပြိုင်ခွင့်ရသည့် တစ်ဦးတည်းသော နိုင်ငံခြားသားကစားသမား ဖြစ်သည်။

''တစ်ရက်က ဒီပြိုင်ပွဲကိုလုပ်ပေးတဲ့ စပွန်ဆာကုမ္ပဏီရဲ့သူဌေးက ကျွန်တော့်ကို စကားခေါ်ပြောပါတယ်။ မြန်မာပြည်ကပရိသတ်တွေ ကျွန်တော့်ပွဲကို အရမ်းအားပေးကြတဲ့အကြောင်း သိရတဲ့အတွက် ဝမ်းသာမိကြောင်းနဲ့ မယုံနိုင်အောင် အံ့သြမိကြောင်း ပြောတယ်။ ဒါကြောင့် ပရိသတ်တွေကိုဂုဏ်ပြုတဲ့အနေနဲ့ နောက်ပွဲတွေကစပြီး ကျွန်တော့်ရဲ့ အင်္ကျီမှာ မြန်မာအလံတပ်ဆင်ပေးမယ်လို့ ပြောပါတယ်။ မြန်မာအလံပါတဲ့အင်္ကျီနဲ့ ပြိုင် ရမယ်လို့ ပြောပါတယ်''ဟု ဘုန်းမြင့်ကျော် က ဆိုသည်။

ဘုန်းမြင့်ကျော်သည် ယခုပြိုင်ပွဲတွင် လက်စွမ်းပြကစားနေပြီး အဖွင့်သုံးပွဲဆက်တိုက် အနိုင်ရထားသဖြင့် ရမှတ် ၁၈၀၀၀ ရရှိ ထားသည်။

ဘုန်းမြင့်ကျော်သည် မေ ၅ ရက် (ယနေ့) မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲ တွင် စတုတ္ထပွဲစဉ် ဆက်လက်ယှဉ်ပြိုင်ရမည် ဖြစ်ပြီး ယင်းပွဲတွင်မူ မြန်မာအလံပါသော အင်္ကျီကို ဝတ်ဆင်ကစားခွင့်ရရန် မသေချာ သေးဘဲ မေ ၁၅ ရက်တွင် ယှဉ်ပြိုင်ကစားမည့်ပွဲမှသာ ဝတ်ဆင်ရဖွယ်ရှိ ကြောင်းလည်း သိရသည်။

ဘုန်းမြင့်ကျော်သည် လက်ရှိစွမ်း ဆောင်ရည်နှင့် ရလဒ်များကြောင့် ဒုတိယ အဆင့်သို့ တက်ရောက်နိုင်ရန် မျှော်လင့်ချက် ရှိနေပြီး သုံးပွဲဆက်တိုက်အနိုင်ရထားသဖြင့် ဆုကြေးအဖြစ် မြန်မာငွေ ကျပ်သိန်း ၆၀ နှင့် ညီမျှသည့်ပမာဏ ရရှိထားပြီးဖြစ်သည်။

Chinese 8 Ball ပြိုင်ပွဲကို လေးလကြာကျင်းပသွားမည်ဖြစ်ပြီး သြဂုတ် ၁၈ ရက်အထိ ကျင်းပ မည်ဖြစ်သည်။

ဘုန်းမြင့်ကျော်သည် မေ ၅၊ ၁၅၊ ၁၆၊ ၃၁ ရက်တွင် ပထမအဆင့်လက်ကျန် ပွဲစဉ်များ ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

ဘုန်းမြင့်ကျော်သည် ပထမပွဲတွင် ယူဟိုင်ထောင်ကို ၂၁-၁၇ ပွဲ၊ ဒုတိယပွဲတွင် လီဘို ကို ၂၁-၁၇ ပွဲ၊ တတိယပွဲတွင် ကမ္ဘာ့ချန်ပီယံဟောင်း လီဟိုင်ထောင်ကို ၂၁-၁၅ ပွဲဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ပြီး စတုတ္ထပွဲအဖြစ် ယနေ့တွင် 8 Ball ကမ္ဘာ့အဆင့် ၁ နေရာတွင် ရပ်တည်နေသည့်ကစားသမားနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent