အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခံထားရသည့် ULA/AA လက်နက်ကိုင်အဖွဲ့မှ ထွန်းမြတ်နိုင် အပါအဝင် အကြမ်းဖက်သမားငါးဦးနှင့် ၎င်းတို့နှင့်ဆက်နွှယ်သူများ၏ ငွေကြေးများ၊ ပစ္စည်းများနှင့် ရန်ပုံငွေများအား ထိန်းချုပ်တားမြစ်မိန့် ထုတ်ပြန်

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခံထားရသည့် ULA/AA လက်နက်ကိုင်အဖွဲ့မှ ထွန်းမြတ်နိုင် အပါအဝင် အကြမ်းဖက်သမားငါးဦးနှင့် ၎င်းတို့နှင့်ဆက်နွှယ်သူများ၏ ငွေကြေးများ၊ ပစ္စည်းများနှင့် ရန်ပုံငွေများအား ထိန်းချုပ်တားမြစ်မိန့် ထုတ်ပြန်
Published 30 April 2020

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခံထားရသည့် ULA/AA လက်နက်ကိုင်အဖွဲ့မှ ထွန်းမြတ်နိုင် အပါအဝင် အကြမ်းဖက်သမားငါးဦးနှင့် ယင်းတို့နှင့် ဆက်နွှယ်သူများ၏ ငွေကြေးများ၊ ပစ္စည်းများနှင့် ရန်ပုံငွေများအား ထိန်းချုပ်တားမြစ်မိန့်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုများအား တားဆီးနှိမ်နင်းရေး လုပ်ငန်းကော်မတီ၏ အမိန့်အမှတ် ၁/၂၀၂၀ ဖြင့် ထုတ်ပြန်ထားကြောင်း သိရသည်။

အကြမ်းဖက်မှုကို တိုက်ဖျက်ရေးဗဟိုအဖွဲ့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၆ ပုဒ်မခွဲ(င) နှင့် ပုဒ်မ ၇၂ ပုဒ်မ ခွဲ(ခ) တို့အရ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ပြည်သူများအား စည်းရုံး၍လည်းကောင်း၊ အကြောက်တရားဖြင့် လွှမ်းမိုး၍လည်းကောင်း၊ ဒေသခံပြည်သူများအား အကာအကွယ်ယူ၍လည်းကောင်း၊ တပ်မတော်စစ်ကြောင်းများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များ၏ လုံခြုံရေးစခန်းများကို တိုက်ခိုက်ခြင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အစိုးရဝန်ထမ်းများ၊ အပြစ်မဲ့အရပ်သား ပြည်သူများအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ နှိပ်စက်ခြင်း၊ ကျေးရွာအတွင်း ပစ်ခတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့် United League Arakan/Arakan Army လက်နက်ကိုင်အဖွဲ့အား အကြမ်းဖက်သမားများနှင့် အကြမ်းဖက် အုပ်စုများအဖြစ် ၂၀၂၀ ပြည့်နှစ် မတ် ၂၃ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၀) ဖြင့် သတ်မှတ်ကြေညာခဲ့သည်ဟု ကြေညာချက်အပိုဒ် (၁) တွင် ဖော်ပြထားသည်။

အဆိုပါ သတ်မှတ်ကြေညာချက်အရ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အဖွဲ့အစည်းများ အနေဖြင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပ့ံမှုဆိုင်ရာ ပြစ်မှုများအား တားဆီးနှိမ်နင်းခြင်း နည်းဥပဒေများ၏ နည်းဥပဒေ ၃၃၊ နည်းဥပဒေ ၃၄ ၏ နည်းဥပဒေပုဒ်မခွဲ (ခ) နှင့် (ဂ) တို့အရ United League Arakan/Arakan Army လက်နက်ကိုင်အဖွဲ့၏ ပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများ၏ ရန်ပုံငွေများအား မိမိတို့လက်ဝယ်တွင် ရှိ မရှိ စိစစ်၍ ရုံးဖွင့်ရက် သုံးရက်အတွင်း အကြမ်းဖက်မှုကို ငွေကြေးထောက်ပ့ံမှုဆိုင်ရာ ပြစ်မှုများအား တားဆီးနှိမ်နင်းရေး လုပ်ငန်းကော်မတီသို့ တင်ပြရန် တွေ့ရှိပါက ကြိုတင်သတိပေးခြင်းနှင့် နှောင့်နှေးကြန့်ကြာမှု မရှိစေဘဲ ထိန်းချုပ်မှုပြုလုပ်ရန် ယင်းထိန်းချုပ်ထားသည့် ရန်ပုံငွေစာရင်းနှင့် အရေးယူ ဆောင်ရွက်ထားရှိမှုများအား အကြမ်းဖက်မှုကို ငွေကြေးထောက်ပ့ံမှုဆိုင်ရာ ပြစ်မှုများအား တားဆီးနှိမ်နင်းရေး လုပ်ငန်းကော်မတီသို့ ဆောလျင်စွာ တင်ပြရန် ညွှန်ကြားကြောင်း ကြေညာချက်အပိုဒ် (၂) တွင် ဖော်ပြထားသည်။

အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့မှ အကြမ်းဖက်သမား သို့မဟုတ် အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ခြင်းမှ ရုပ်သိမ်းသည့်အချိန်အထိ အထက်အပိုဒ် (၁) ပါ ကြေညာသတ်မှတ်ချက် အမိန့်မှာ အာဏာသက်ရောက်နေမည် ဖြစ်ကြောင်း ကြေညာချက်အပိုဒ် (၃) တွင် ဖော်ပြထားသည်။

ကြေညာချက်အပိုဒ် (၄) တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၆(ဍ) နှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပ့ံမှုဆိုင်ရာ ပြစ်မှုများအား တားဆီးနှိမ်နင်းခြင်း နည်းဥပဒေ ၁၁ တို့တွင် အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အကြမ်းဖက်မှုကို ငွေကြေးထောက်ပ့ံမှုဆိုင်ရာ ပြစ်မှုများအား တားဆီးနှိမ်နင်းရေး လုပ်ငန်းကော်မတီမှ ထုတ်ပြန်သည့် တားမြစ်မိန့်သည် ထိန်းချုပ်မိန့် တစ်ရပ်အား ထုတ်ပြန်ခြင်းခံရသည့် မည်သည့် နိုင်ငံသားမဆို သို့မဟုတ် မြန်မာနိုင်ငံအတွင်း နေထိုင်သည့် သို့မဟုတ် တည်ရှိသည့် မည်သည့် လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းမဆို သတ်မှတ်ကြေညာခြင်း ခံရသူ သို့မဟုတ် အဖွဲ့အစည်းများက တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပိုင်ဆိုင်သည့် သို့မဟုတ် ထိန်းချုပ်သည့် လူပုဂ္ဂိုလ်များ သို့မဟုတ် အဖွဲ့အစည်းများနှင့် ယင်းတို့၏ကိုယ်စား သို့မဟုတ် ယင်းတို့၏ ညွှန်ကြားချက်အရ ဆောင်ရွက်သည့် လူပုဂ္ဂိုလ်များ သို့မဟုတ် အဖွဲ့အစည်းများ၏ ကိုယ်ကျိုးစီးပွားအတွက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရန်ပုံငွေ သို့မဟုတ် အခြားသော ပိုင်ဆိုင်မှု တစ်စုံတစ်ရာနှင့် စီးပွားရေး အရင်းအမြစ်များ သို့မဟုတ် ဘဏ္ဍာရေး သို့မဟုတ် အခြားဆက်စပ်ဝန် ဆောင်မှုများအား အကြမ်းဖက်မှုတိုက်ဖျက် ရေးဗဟိုအဖွဲ့၏ ခွင့်ပြုချက်မရရှိဘဲ သို့မဟုတ် အကြမ်းဖက်မှုကို ငွေကြေးထောက်ပ့ံမှုဆိုင်ရာ ပြစ်မှုများအား တားဆီးနှိမ်နင်းရေး လုပ်ငန်းကော်မတီ၏ အကြောင်းကြားချက်မရှိဘဲ ဆောင်ရွက်ပေးခြင်း မပြုရန် ညွှန်ကြားကြောင်း ဖော်ပြထားသည်။

အဆိုပါ ညွှန်ကြားချက်၌ ဖော်ပြထားသည့် အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ခဲ့သည့် United League Arakan/Arakan Army လက်နက်ကိုင်အဖွဲမှ အကြမ်းဖက်သမား ငါးဦးမှာ ထွန်းမြတ်နိုင် (၄၁ နှစ်) (ဘ) ဦးရွှေမြအောင်၊ ညိုထွန်းအောင် (၃၉ နှစ်) (ဘ) ဦးဖြူလှအောင်၊ ကျော်ဟန် (၅၈ နှစ်) (ဘ) ဦးကိုးဟန်၊ ခိုင်သုခ (ခ) မောင်ခင်သန်း (၄၉ နှစ်) (ဘ) ဦးမောင်စောညွန့်၊ နှင်းဇာဖြူ (၃၉ နှစ် ) (ဘ) ဦးစံကျော်သာ တို့ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent