COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဖြင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီ ဖွဲ့စည်းကြောင်း နိုင်ငံတော်သမ္မတရုံး ကြေညာ

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဖြင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီ ဖွဲ့စည်းကြောင်း နိုင်ငံတော်သမ္မတရုံး ကြေညာ
Published 29 April 2020

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဖြင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီတစ်ခုအား ဖွဲ့စည်းကြောင်း နိုင်ငံတော်သမ္မတရုံးက ဧပြီ ၂၇ ရက် ရက်စွဲဖြင့် ဧပြီ ၂၈ ရက်တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်သည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများပါဝင်သော အဆိုပါကော်မတီသည် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ သတင်းအချက်အလက်များ ဖလှယ်ခြင်း၊ နယ်စပ်ဝင်ပေါက်များမှ ဝင်ရောက်လာသူများအား စစ်ဆေးခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်း၊ သံသယလူနာတွေ့ရှိပါက သတင်းအချက်အလက် ဖလှယ်ခြင်း၊ ညွှန်းပို့ကုသခြင်း၊ သံသယလူနာနှင့် ထိတွေ့မှုရှိသူများအား ရှာဖွေဖော်ထုတ်ခြင်း စသည်တို့တွင် ပူးပေါင်းဆောင်ရွက်ခြင်း စသည့် လုပ်ငန်းတာဝန်များအား ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအရ သိရသည်။

ရောဂါလက္ခဏာပြသူများအား စောင့်ကြပ်ကြည့်ရှု ကုသမှုပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ခြင်း၊ ကျန်းမာရေးဆိုင်ရာ အကြံပြုချက်များနှင့်အညီ လိုက်နာအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ခြင်း၊ COVID-19 ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဟန်ချက်ညီဖြစ်စေရေး နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း စသည့် လုပ်ငန်းတာဝန်များကိုလည်း အဆိုပါ ကော်မတီက ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာ ဖော်ပြချက်အရ သိရသည်။

ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြည်နယ်အစိုးရများအကြား COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အခြေပြုရာဒေသများတွင် COVID-19 ဆိုင်ရာ အရေးပေါ် ဆောင်ရွက်ရန်ကိစ္စများ ပေါ်ပေါက်လာပါက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၏ လမ်းညွှန်ချက်နှင့်အညီ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းတို့သည် အဆိုပါကော်မတီ၏ လုပ်ငန်းတာဝန်များတွင် ပါဝင်ခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အခြေပြုရာဒေသများတွင် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးအတွက် “ COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးနှင့်စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီ” ကို ဖွဲ့စည်းခြင်းဖြစ်ပြီး အဆိုပါကော်မတီတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာတင်မျိုးဝင်းက ဥက္ကဋ္ဌအဖြစ် ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအရ သိရသည်။

အဆိုပါ ကော်မတီတွင် ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) က ဒုတိယဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးမိုးဇော်ဦးက အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှမော်ဦးက အတွင်းရေးမှူးအဖြစ်လည်းကောင်း အသီးသီး တာဝန်ထမ်းဆောင်ကြမည်ဖြစ်သည်။

COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးနှင့်စပ်လျဉ်း၍ နိုင်ငံတော်အစိုးရအနေဖြင့် အလှူရှင်များ၊ စေတနာ့ဝန်ထမ်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လူမျိုး၊ ဘာသာ ခွဲခြားခြင်း၊ နေထိုင်ရာဒေသခွဲခြားခြင်း အလျဉ်းမရှိဘဲ နိုင်ငံတော်၏ ပိုင်နက်နယ်မြေအတွင်း မှီတင်းနေထိုင်သူ မည်သူ့ကိုမျှ ချန်လှပ်မထားရေးမူဝါဒ (No one left behind policy) ဖြင့် ကြိုးပမ်းဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာတွင် ဖော်ပြခဲ့သည်။

Most Read

Most Recent