COVID- 19 ကာလအတွင်း ပြည်ပတင်ပို့မည့် ဆန်နှင့်ဆန်ကွဲပို့ကုန်လိုင်စင်အတွက် လစဉ် ပင်လယ်ရေကြောင်းမှ တန်ချိန် တစ်သိန်းနှင့် နယ်စပ်လမ်းကြောင်းမှ တန်ချိန်ငါးသောင်း စုစုပေါင်း တန်ချိန်တစ်သိန်းခွဲ ခွင့်ပြုမည်

COVID- 19 ကာလအတွင်း ပြည်ပတင်ပို့မည့် ဆန်နှင့်ဆန်ကွဲပို့ကုန်လိုင်စင်အတွက် လစဉ် ပင်လယ်ရေကြောင်းမှ တန်ချိန် တစ်သိန်းနှင့် နယ်စပ်လမ်းကြောင်းမှ တန်ချိန်ငါးသောင်း စုစုပေါင်း တန်ချိန်တစ်သိန်းခွဲ ခွင့်ပြုမည်
 ရန်ကုန်မြို့ ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်းရှိ ဆန်ပွဲရုံအချို့ကို တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
ရန်ကုန်မြို့ ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်းရှိ ဆန်ပွဲရုံအချို့ကို တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 28 April 2020
ဇေယျာငြိမ်း

COVID- 19 Pandemic ကာလအတွင်း ပြည်ပတင်ပို့မည့် ဆန်နှင့် ဆန်ကွဲ ပို့ကုန်လိုင်စင်အတွက် လစဉ်ပင်လယ်ရေကြောင်းမှ တန်ချိန်တစ်သိန်းနှင့် နယ်စပ်လမ်းကြောင်းမှ တန်ချိန် ငါးသောင်းစုစုပေါင်း တန်ချိန်တစ်သိန်းခွဲအထိ ခွင့်ပြုသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်နှင့် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ပင်လယ်ရေကြောင်းနှင့် နယ်စပ်လမ်းကြောင်းတို့မှ ဆန်နှင့်ဆန်ကွဲတင်ပို့မှုများကို အခြေခံ၍ ၎င်းတို့ဆောင်ရွက်ခဲ့သည့် ပမာဏအချိုးအရ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ အဆိုပြုတင်ပြသည့် စာရင်းပါ ကုမ္ပဏီများသည် ပို့ကုန်လိုင်စင်လျှောက် ထားခွင့်ရှိသည်။

လွန်ခဲ့သည့် သုံးနှစ်အတွင်း ကုမ္ပဏီများမှ အမှန်တင်ပို့ခဲ့သည့် ပမာဏများအပေါ် အခြေခံ၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ  ကုမ္ပဏီအလိုက် တင်ပို့ခွင့်ပြုသင့်သည့် အဆိုပြုပမာဏပေါ် လစဉ် ပင်လယ်ရေကြောင်းမှ တန်ချိန်တစ်သိန်းနှင့် နယ်စပ်လမ်းကြောင်းမှ တန်ချိန်ငါးသောင်းကို ပို့ကုန်လိုင်စင် စိစစ်ရေးအဖွဲ့မှ စိစစ်၍ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အကယ်၍ ပထမတစ်လအတွင်း ခွင့်ပြုပြီး လိုင်စင်ပါပမာဏအားလုံးကို သတ်မှတ်ကာလအတွင်း ပြီးပြတ်အောင်တင်ပို့နိုင် ခြင်းမရှိဘဲ ပမာဏအချို့ကိုသာ တင်ပို့နိုင်သည့်ကုမ္ပဏီမှ နောက်တစ်လအတွက် လိုင်စင်လျှောက်ထားလာပါက ယင်းကုမ္ပဏီ၏ လိုင်စင်လက်ကျန်ပမာဏကို အမှန်တင်ပြင် ဆင်အပ်နှံပြီးမှသာ လစဉ်တင်ပို့ခွင့်ပမာဏအတိုင်း ခွင့်ပြုသွားမည်ဖြစ်သည်။

လအလိုက်ခွင့်ပြုထားပြီး ပို့ကုန်လိုင် စင်ပမာဏကို ပြည့်မီစွာတင်ပို့နိုင်ခြင်းမရှိ၍ အမှန်ပြင်ဆင်အပ်နှံသည့် ကိစ္စတွင် ယင်းတင်ပို့မှုအတွက် ပေးသွင်းထားပြီးဖြစ်သည့် အရန်ဆန်ပမာဏအား ပေးသွင်းသည့်ကုမ္ပဏီသို့ ပြန်လည်ထုတ်ပေးခြင်း၊ ခုနှိမ်ခြင်းတို့ကို ခွင့်ပြုမည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆန်နှင့် ဆန်ကွဲပို့ကုန်လိုင်စင်လျှောက် ထားခွင့်ရှိသည့် ကုမ္ပဏီများအတွက် လစဉ်သတ်မှတ်ထားသော ပမာဏကိုသာ ခွင့်ပြုမည်ဖြစ်သည်။

အကြောင်းအမျိုးမျိုးကြောင့် လစဉ်ပို့ ကုန်လိုင်စင်လျှောက်ထားခြင်းမရှိဘဲ နှစ်လ/ သုံးလအတွက် ပို့ကုန်လိုင်စင်ကို တစ်ပေါင်းတည်း လျှောက်ထားခြင်း၊ ကျော်လွန်သွားသည့်ကာလများအတွက် ပြန်လည်လျှောက်ထားခြင်းများကို ခွင့်ပြုသွားမည် မဟုတ်ကြောင်း သိရသည်။

မေလအတွက် လိုင်စင်လျှောက်ထားရာတွင် ၂၀၂၀ ခုနှစ် မတ်လ ၁၆ ရက်မှ ၂၀ ရက်အထိ ဆန်နှင့် ဆန်ကွဲတင်ပို့ခွင့် ပို့ကုန်လိုင်စင် ခွင့်ပြုထုတ်ပေးထားမှုအပေါ် အမှန်တင်ပို့မှု အထောက်အထားဖြစ်သော အကောက်ခွန်ဦးစီးဌာန၏ ပို့ကုန်ကြေညာလွှာ ED နှင့် အကယ်၍ ခွင့်ပြုလိုင်စင်ပမာဏအား အပြည်အဝ တင်ပို့နိုင်ခြင်းမရှိဘဲ လိုင်စင်လက်ကျန် ကျန်ရှိပါက အမှန်တင်ပြင်ဆင်အပ်နှံသည့် အထောက်အထားပါရှိရ မည်ဖြစ်သည်။

ထို့ပြင် ဆန်/ ဆန်ကွဲတင်ပို့ခွင့် ပို့ကုန်လိုင်စင်လျှောက်ထားသည့် ပမာဏအပေါ် နိုင်ငံတော်အရန်ဆန် ၁၀ ရာခိုင်နှုန်းပေး သွင်းထားပြီးဖြစ်ကြောင်း အထောက်အထားများ ပါရှိရမည်ဖြစ်သည်။

၂၀၂၀ ခုနှစ် ဇွန်လမှ စက်တင်ဘာလများအတွက် လိုင်စင်လျှောက်ထားရာတွင် ယခင်လများတွင် ခွင့်ပြုချက်ရရှိသည့် လိုင်စင်များအပေါ် ပြီးပြတ်အောင်တင်ပို့ပြီးဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန၏ ပို့ကုန်ကြေညာလွှာ ED ၊ ခွင့်ပြုလိုင်စင်ပမာဏအား အပြည်အဝတင်ပို့နိုင်ခြင်းမရှိဘဲ လိုင်စင်လက်ကျန် ကျန်ရှိပါက အမှန်တင်ပြင် ဆင်အပ်နှံသည့် အထောက်အထား၊ ဆန်နှင့်ဆန်ကွဲတင်ပို့ခွင့် ပို့ကုန်လိုင်စင် လျှောက်ထားသည့် ပမာဏအပေါ် နိုင်ငံတော်အရန် ဆန် ၁၀ ရာခိုင်နှုန်း ကြိုတင်ပေးသွင်းထားပြီး ဖြစ်ကြောင်း အထောက်အထားများ ပါရှိရမည်ဖြစ်သည်။

 COVID- 19 Pandemic ကာလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့မှုအတွက် လိုင်စင်ခွင့်ပြုသက်တမ်းမှာ တစ်လဖြစ်သည်။

ဆန်နှင့် ဆန်ကွဲပို့ကုန်လိုင်စင်ကို ကုမ္ပဏီမှ အထောက်အထားအချက်အလက် ပြည့်စုံစွာတင်ပြလာပါက အစိုးရရုံးဖွင့်ရက် သုံးရက်အတွင်း ခွင့်ပြုထုတ်ပေးသွားမည် ဖြစ်သည်။                                         

 

 

Most Read

Most Recent