COVID-19 ရောဂါကြောင့် ၂၁ ရာစု ပင်လုံစတုတ္ထအစည်းအဝေးအား မလွဲမသွေ ရွှေ့ဆိုင်းရမည်ဖြစ်ပြီး ကပ်ရောဂါအလွန်နောက်ပိုင်းတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အစည်းအဝေးများကို ယခင်သတ်မှတ်ထားသည့်အတိုင်း ဆက်တိုက်ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရန် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် တိုက်တွန်း

COVID-19 ရောဂါကြောင့် ၂၁ ရာစု ပင်လုံစတုတ္ထအစည်းအဝေးအား မလွဲမသွေ ရွှေ့ဆိုင်းရမည်ဖြစ်ပြီး ကပ်ရောဂါအလွန်နောက်ပိုင်းတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အစည်းအဝေးများကို ယခင်သတ်မှတ်ထားသည့်အတိုင်း ဆက်တိုက်ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရန် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် တိုက်တွန်း
၂၀၁၈ ခုနှစ် ဇူလိုင် ၁၆ ရက်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေး ကျင်းပစဉ်
၂၀၁၈ ခုနှစ် ဇူလိုင် ၁၆ ရက်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေး ကျင်းပစဉ်
Published 22 April 2020
မင်းနိုင်စိုး

 

COVID-19 ရောဂါကြောင့် (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးအား မလွဲမသွေ ရွှေ့ဆိုင်းရမည်ဖြစ်ပြီး ကပ်ရောဂါ အလွန်နောက်ပိုင်းတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အစည်းအဝေးများကို ယခင် သတ်မှတ်ထားသည့်အတိုင်း ဆက်တိုက် ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရန် NCA-S EAO အစုအဖွဲ့၏ NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးစိုင်းငင်း ပြောကြားသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်များ အစုအဖွဲ့ (NCA-S EAO) များဖြင့် ဖွဲ့စည်း ထားသည့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့၏ နဝမအကြိမ်မြောက် အစည်းအဝေးအား ဧပြီ ၂၂ ရက်တွင် Online Video Conference ဖြင့် ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေး နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ၎င်းက ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ရှစ်ကြိမ်မြောက် JICM အစည်းအဝေး ဆုံးဖြတ်ချက်အရ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ စတုတ္ထ အစည်းအဝေးအား ယခုလ နောက်ဆုံးပတ်တွင် ကျင်းပရမည်ဖြစ်သော်လည်း COVID-19 ကပ်ရောဂါ ကူးစက်မှုအခြေအနေကြောင့် အဆိုပါအစည်းအဝေးအား မလွဲမသွေ ရွှေ့ဆိုင်းရမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် အရေးကြီးသကဲ့သို့ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး၏ ကျန်းမာရေးသည်လည်း အလွန်အရေးကြီးသည့်အတွက် အားလုံး၏ ကျန်းမာရေးကို ရှေးရှုပြီး COVID-19 ကပ်ရောဂါဆိုင်ရာ ပညာပေးရေး၊ ကာကွယ်တားဆီးရေး၊ ထိန်းချုပ်ရေး၊ ကုသရေးလုပ်ငန်းများကို ဦးစားပေးလုပ်ငန်းများအဖြစ် အဖွဲ့အစည်းတိုင်းက ဝိုင်းဝန်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ COVID-19 ကပ်ရောဂါ ထိန်းချုပ်နိုင်တဲ့အချိန်နောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အစည်းအဝေးတွေကို သတ်မှတ်စီစဉ်ထားတဲ့အတိုင်း ဆက်တိုက်ဆောင်ရွက်နိုင်ဖို့ အခုကတည်းက ပြင်ဆင်ထားမှ တော်ကာကျမှာ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

ယခုပြုလုပ်သော အစည်းအဝေးတွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) တွင် ထည့်သွင်းချုပ်ဆိုမည့် အကြောင်းအရာများကို NCA-S EAO များအကြား အကျေအလည် ဆွေးနွေးသွားမည်ဖြစ်သည့်အပြင် COVID-19 ကပ်ရောဂါ အခြေအနေများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ သက်ဆိုင်ရာနယ်မြေများတွင် ဆောင်ရွက်နေသော ကပ်ရောဂါပညာပေး၊ ကာကွယ်တားဆီးရေးဆိုင်ရာ လုပ်ငန်းများ၊ ငြိမ်းချမ်းရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

“ တစ်ဖက်မှာလည်း အရှိန်အဟုန်ရရှိပြီးသား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အရှိန်ရပ်တန့်မသွားဖို့ ဂရုပြုဆောင်ရွက်ရမှာဖြစ်သလို အစိုးရညှိနှိုင်းရေးအဖွဲ့နဲ့ Online Video Conference ကျင်းပနိုင်ရေးကို ဒီအစည်းအဝေးမှာ သဘောထားရယူသွားမှာ ဖြစ်ပါတယ်။ နည်းလမ်းရှာသွားမှာ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

COVID-19 ကပ်ရောဂါဆိုင်ရာ ပညာပေးရေး၊ ကာကွယ်တားဆီးရေး၊ ကျန်းမာရေး၊ စစ်ဆေးရေး၊ ကုသရေးကိစ္စများအတွက် အစိုးရနှင့် သင့်လျော်သလို ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားနိုင်ရေးအတွက် ယခုအစည်းအဝေးတွင် ဆွေးနွေးသွားမည်ဖြစ်သည်။

ယခုအခါ မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုး ကူးစက်ခံရသူ ဦးရေ ၁၂၀ ကျော်ပြီဖြစ်သည့်အတွက် NCA-S EAO ခေါင်းဆောင်များအနေဖြင့် ကျန်းမာရေးကို အထူးဂရုစိုက်ကြရန် ဗိုလ်မှူးကြီး စိုင်းငင်းက တိုက်တွန်းခဲ့သည်။

 

Most Read

Most Recent