COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နယ်ဘက်နှင့် လိုအပ်ချက်မှန်သမျှ အပြည့်အဝ ပူးပေါင်းကူညီဆောင်ရွက်သွားမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နယ်ဘက်နှင့် လိုအပ်ချက်မှန်သမျှ အပြည့်အဝ ပူးပေါင်းကူညီဆောင်ရွက်သွားမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
Published 22 April 2020

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တပ်မတော်အနေဖြင့် နယ်ဘက်ဆိုင်ရာများနှင့် လူ၊ ပစ္စည်း၊ အစားအသောက် လိုအပ်ချက်မှန်သမျှကို အပြည့်အဝ ပူးပေါင်းကူညီဆောင်ရွက်ပေးသွားမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  ပြောကြားသည်။

COVID-19 ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် အခြားလိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေးအတွက် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များ၏ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၀ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အစည်းအဝေးခန်းမ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးစီး၍ ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီ ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။

တပ်မတော်အနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရေးအတွက် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများအား နယ်ဘက်ဆိုင်ရာများနှင့် လူ၊ ပစ္စည်း၊ အစားအသောက် လိုအပ်ချက်မှန််သမျှကို အပြည့်အဝ ပူးပေါင်းကူညီ ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ပြည်သူများအတွက် ကျန်းမာရေးသည် အဓိကလိုအပ်ချက်ဖြစ်ပြီး နိုင်ငံတကာအလယ်တွင် မျက်နှာမပျက်အောင် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် ရောဂါကူးစက်ပြန့်ပွားမှုနှင့်ပတ်သက်၍ ကောလာဟလသတင်းမှားများ မဖြစ်ပေါ်စေရေး ဂရုစိုက်ရမည်ဖြစ်ပြီး ရောဂါဖြစ်ပွားမှု အခြေအနေမှန်ကို ပြည်သူများ အချိန်နှင့်တစ်ပြေးညီသိရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့မှသာ ပြည်သူလူထုအနေဖြင့် လိုအပ်သည့် ကာကွယ်မှုများ အချိန်မီလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်းနှင့် မိမိတို့သိရှိရသော သတင်းများအား အချိန်နှင့်တစ်ပြေးညီ ပေးပို့တင်ပြကြရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ကမ္ဘာတွင် COVID-19 ရောဂါ ဖြစ်ပွားမှုမှာ အချိန်ကာလအားဖြင့် သုံးလကျော်ရှိပြီး မြန်မာနိုင်ငံ၌ မတ် ၂၃ ရက်တွင် COVID-19 ရောဂါပိုးစတင်တွေ့ရှိခဲ့သဖြင့် အချိန်ကာလအားဖြင့် တစ်လခန့်ရှိပြီဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် လုပ်ဆောင်ရန်ရှိသည်များအား လုပ်ဆောင်လျက်ရှိကြောင်း၊ ကိုယ်ခံအားနည်းသည့် ဆေးရုံတက်လူနာများအား ပိုမိုဂရုစိုက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သွားလာမှု ကန့်သတ်ခြင်း၊ စစ်ဆေးခြင်း စသည့် လုပ်သင့်လုပ်ထိုက်တာမှန်သမျှကို အလေးအနက်ထား လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ COVID-19 ရောဂါနှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းများအား လူတိုင်း တိတိကျကျ သိရှိ၊ နားလည်၊ လိုက်နာကြရန် အရေးအကြီးဆုံးဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားသည်။

ထို့ပြင် တီးတိန်နှင့် တာချီလိတ်မြို့များအတွက် လိုအပ်သည့် ဆရာဝန်၊ သူနာပြုနှင့် ဆေးအကာအကွယ်ပစ္စည်းများအား ပြည့်စုံအောင် အဖွဲ့စနစ်ဖြင့် ဖွဲ့စည်းစီစဉ် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဆေးအကာအကွယ်ပစ္စည်းများ ပေးပို့ရာတွင် လေယာဉ်ကွင်းမရှိသော နယ်ဆေးရုံများအတွက် ရဟတ်ယာဉ်များဖြင့် ရောက်အောင်ပို့ဆောင်ပေးရန် လိုအပ်ကြောင်း၊ မော်တော်ယာဉ်ဖြင့် ဆေးဖြန်းရာတွင် ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ရန်နှင့် နေရောင်ခြည်တွင်ပါရှိသော ခရမ်းလွန်ရောင်ခြည်နှင့် အပူရှိန်တို့ကြောင့် ရောဂါပိုးများ ပျက်စီးနိုင်သည့်အတွက် လမ်းများပေါ်၌ နေရောင်ခြည် ကောင်းစွာကျရောက်နိုင်ရေး၊ တတ်နိုင်သမျှ မော်တော်ယာဉ်များ ရှင်းလင်းထားရှိရေး ဆောင်ရွက်ရန်လိုကြောင်းလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

တပ်မတော်စစ်ဆေးရုံများ တည်ရှိရာ နယ်မြေအလိုက် တာဝန်အသီးသီးဖြန့်ခွဲထားပြီးဖြစ်၍ တာဝန်ယူရသည့် မြို့နယ်များတွင် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ နိုင်နိုင်နင်းနင်း ဖိဖိစီးစီး ဆောင်ရွက်ပေးရန်လိုကြောင်း၊ စစ်မြေပြင် ဆေးတပ်ရင်းများအနေဖြင့် အင်အားကိုထုတ်နုတ်၍ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဆေးအကာအကွယ်ပစ္စည်းများနှင့် ပတ်သက်၍ လိုအပ်သည့် ပစ္စည်းအချို့မှလွဲ၍ ကျန်ပစ္စည်းများ အားလုံးကို လက်ကျန်မထားဘဲ ရောက်၊ ဖြန့် စနစ်ဖြင့် နယ်မြေဒေသအသီးသီးသို့ ပို့ဆောင်ပေးရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ထို့နောက်အစည်းအဝေး တက်ရောက်လာကြသူများက ရှင်းလင်းတင်ပြကြရာတွင် ကမ္ဘာပေါ်၌ နိုင်ငံပေါင်း ၂၁၂ နိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံရသူပေါင်း ၂ ဒသမ ၄ သန်းကျော်၊ သေဆုံးသူပေါင်း တစ်သိန်းခြောက်သောင်းကျော်၊ သေဆုံးမှုနှုန်း ၆ ဒသမ ၈၅ ရာခိုင်နှုန်းဖြစ်ပြီး လက်ရှိတွင် ကူးစက်ခံရမှု အဆိုးရွားဆုံး ငါးနိုင်ငံမှာ အမေရိကန်၊ စပိန်၊ အီတလီ၊ ပြင်သစ်နှင့် ဂျာမနီ နိုင်ငံတို့ဖြစ်ကြောင်း၊ ရောဂါကူးစက်ခံရမှုအား အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့သည့် နိုင်ငံငါးနိုင်ငံမှာ တရုတ်၊ သြစတြေးလျ၊ နယူးဇီလန်၊ ဗီယက်နမ်နှင့် ဘရူနိုင်းနိုင်ငံတို့ဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့ကြသည်။

 

Most Read

Most Recent