ရီးယဲလ်အသင်းတွင် ရုန်းကန်နေရသည့် အသင်းဖော်ဟောင်း ဟာဇက်သည် ပင်ကိုအရည်အသွေးကို ပြန်လည်ပြသနိုင်မည်ဟု ယုံကြည်ကြောင်း မန်ယူကွင်းလယ်လူ မာတာက မှတ်ချက်ပြုခဲ့သည်။
ထို့ပြင် မာတာက ဟာဇက်မှာ ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဖြစ်ခဲ့သည်ဟုလည်း ချီးကျူးခဲ့သည်။
ဟာဇက်သည် စတမ်းဖို့ဒ်ဘရစ်ချ်တွင်ကစားခဲ့သည့် (၇)နှစ်တာကာလအတွင်း ပရီးမီးယားလိဂ်(၂)ကြိမ်နှင့် ယူရိုပါလိဂ်ဖလား(၁)ကြိမ် ရရှိခဲ့သည်။
မာတာနှင့်မူ ဟာဇက်မှာ ချှယ်လ်ဆီးအသင်းတွင် (၂)နှစ်ကြာတွဲကစားခဲ့ဖူးကြောင်း သိရသည်။
ဟာဇက်သည် ပြီးခဲ့သည့်နွေရာသီက ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး ဒဏ်ရာပြဿနာများနှင့်လည်း ရင်ဆိုင်ကစားခဲ့ရကာ ယခုရာသီအတွင်းကစားခဲ့သည့် ပြိုင်ပွဲစုံ(၁၅)ပွဲတွင် (၁)ဂိုးသာ သွင်းယူထားခဲ့သည်။
''သူဟာ ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမား တစ်ယောက်လို့ ကျွန်တော် ယူဆပါတယ်။ သူနဲ့ အသင်းဖော်အဖြစ်ရော ပြိုင်ဘက်အဖြစ်ကစားရတာကို နှစ်သက်ပါတယ်။ နှစ်ပေါင်းများစွာ သူဟာ ထိပ်တန်းအဆင့်မှာ ရပ်တည်နေသူပါ။ ပြီးတော့ သူဟာ အနိုင်ယူနိုင်စွမ်းရှိပါတယ်။ ကျွန်တော်ဟာ သူနဲ့အတူ လေ့ကျင့်ခဲ့ဖူးပြီး သူ ဘယ်လောက်ကောင်းသလဲဆိုတာ သိပါတယ်။ ရီးယဲလ်အသင်းမှာတော့ သူဟာ ကံအကြောင်းမလှစွာဘဲ ဒဏ်ရာတွေ ရနေပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ ကြံ့ခိုင်မှုပြန်ပြည့်ဝလာတဲ့ တစ်နေ့ကျရင် ပင်ကိုအရည်အသွေးအစစ်အမှန်ကို ပြသနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်''ဟု မာတာက ကလပ်အသင်းဝက်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။
ထို့ပြင် မာတာက မန်ယူအသင်းတွင် ဒီဟေးယားမှာ အကောင်းဆုံးမိတ်ဆွေဖြစ်သော်လည်း PSG သို့ ပြောင်းရွှေ့သွားသည့် ဟာရဲရားကို သတိရကြောင်းလည်း ဆိုခဲ့သည်။