၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်း ကာလတွေလောက်ကစပြီး ကမ္ဘာကြီးပေါ်မှာရှိတဲ့ လူသားတွေကို ခြိမ်းခြောက်လာတော့မယ့် ပြဿနာတစ်ရပ်ဟာ တရုတ်နိုင်ငံ၊ ဟူပေးပြည်နယ်၊ ဝူဟန်မြို့ကနေ အစပျိုး ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒါကတော့ ယခုအချိန်မှာ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် သတ်မှတ်ထားရပြီး ကမ္ဘာကြီးတစ်ခုလုံးမှာရှိတဲ့ လူသားမျိုးနွယ် တစ်ခုလုံးကို တိတ်ဆိတ် ငြိမ်သက်သွားစေတဲ့ COVID-19 ရောဂါ ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှုပဲ ဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်ခု အကူးအပြောင်းကာလဖြစ်တဲ့ ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းဟာဆိုရင် ကိုရိုနာဗိုင်းရပ်စ်ရဲ့ မွှေနှောက်ဖျက်ဆီးမှုတွေနဲ့အတူ ကမ္ဘာကြီးကို တဖြည်းဖြည်းချင်း တိတ်ဆိတ်လာစေခဲ့ပါတော့တယ်။
ကမ္ဘာပေါ်မှာရှိတဲ့ လူသားပေါင်း ခြောက်သောင်းနီးပါးကို သေဆုံးစေခဲ့ပြီဖြစ်ပြီး တစ်သန်းကျော် ကူးစက်စေခဲ့ပြီဖြစ်တဲ့ (ဧပြီ ၄ ရက်မွန်းလွဲ သတင်းများအရ) COVID-19 ရောဂါကပ်ကြီးကြောင့် ကမ္ဘာကြီးဟာ လူသားမျိုးနွယ်တွေအတွက် မလုံခြုံတော့တဲ့ အခြေအနေမျိုး ရောက်ရှိနေပြီး လူသားတွေဟာလည်း ဒီအခြေအနေကို ခက်ခဲပင်ပန်းစွာ အားတင်းဖြတ်ကျော်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ လူသားဆန်မှုကနေ ဖြစ်ပေါ်လာတဲ့ လူသားများရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေအရ ဒီလိုမျိုး မလုံခြုံမှုတွေ နေရာတိုင်းမှာ ဖြစ်ပေါ်နေချိန်မှာ လူသားတစ်ဦးစီတိုင်းအတွက် လုံခြုံမှုကို ပေးစွမ်းနိုင်တဲ့နေရာတွေဟာ ရွေးချယ်စရာ ရှားပါးတဲ့အပြင် များများစားစား မရှိလှပါဘူး။ အဲဒီများများစားစား မရှိလှတဲ့ လုံခြုံတဲ့ နေရာတွေထဲကမှ သူတို့အလုံခြုံဆုံး ထင်တဲ့နေရာကတော့ မိသားစုဝင်တွေနဲ့အတူ ရှိနေနိုင်မယ့် မိမိတို့ရဲ့အိမ်ပဲ ဖြစ်ပါလိမ့်မယ်။
တိတ်ဆိတ်မှုတွေ၊ မလုံခြုံမှုတွေနဲ့ ပြည့်နှက်နေပြီဖြစ်တဲ့ လက်ရှိကမ္ဘာကြီးရဲ့အခြေအနေကြောင့် လူသားတွေဟာ သူတို့စိတ်ရဲ့လုံခြုံမှုကို ပေးနိုင်တဲ့ အိမ်ကို ပြန်လိုကြပါတယ်။ ဒီလိုပါပဲ လူသားတွေထဲက လူသားတွေဖြစ်တဲ့ မြန်မာနိုင်ငံသားတွေဟာလည်း သူတို့ရဲ့ မိသားစုဝင်တွေနဲ့အတူ နေထိုင်ရင်း ကမ္ဘာ့ကပ်ရောဂါကြီးကို အားတင်းဖြတ်သန်းလျက် ရှိနေကြပါတယ်။ အိမ်နဲ့အဝေးမှာ ရှိနေသူတွေအတွက်လည်း ယခုလို အချိန်မှာသူတို့ရဲ့အိမ်ကို ပြန်ရောက်ချင်တဲ့စိတ်ဟာ အဖြစ်ချင်ဆုံးဆန္ဒ တစ်ခုအဖြစ် ရှိနေခဲ့ပါတယ်။
တိတ်ဆိတ်ငြိမ်သက်နေတော့မယ့် သင်္ကြန်ရုံးပိတ်ရက်ကာလတွေနဲ့ မတူညီတဲ့ အိမ်ပြန်ချိန်ရဲ့ အခက်အခဲတွေ
မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့ရဲ့ သင်္ကြန်ကာလရုံးပိတ်ရက် မတိုင်ခင်ကာလတွေဟာ နှစ်စဉ်နှစ်တိုင်း စည်စည်ကားကားနဲ့ ရှိနေတတ်ပါတယ်။ နှစ်စဉ် မတ်လကုန်ပိုင်းနဲ့ ဧပြီလဆန်းပိုင်းတွေမှာဆိုရင် အနယ်နယ်အရပ်ရပ်ကနေ ရန်ကုန်မြို့မှာ လာရောက် အလုပ်လုပ်ကိုင်နေကြတဲ့ ပြည်သူတွေဟာ သင်္ကြန်ကာလ အားလပ်ရက်တွေအတွင်း မိမိတို့ရဲ့ မိသားစုဝင်များရှိတဲ့ ဒေသတွေမှာနေထိုင် ဖြတ်သန်းလိုကြပါတယ်။
ယခင်နှစ်တွေကဆိုရင် ဒီလိုမျိုး ဒေသစုံက ပြည်သူတွေ နေရပ်ပြန်ဖို့အတွက် အခက်အခဲတွေက အိမ်ပြန် အဝေးပြေး ကားလက်မှတ်တွေ၊ ရထားလက်မှတ်တွေကို အိမ်ပြန်ချိန် သက်မှတ်ရက်အမီ ရရှိနိုင်ဖို့အတွက် အချိန်များ၊ ငွေများအသုံးချပြီး ကြိုးစားကြရပါတယ်။ ဒီလိုအချိန်တွေမှာ လက်မှတ်မှောင်ခိုရောင်းချမှု ပြဿနာတွေ၊ လက်မှတ်စျေးကြီးမြင့်မှု ပြဿနာ စတဲ့ပြဿနာတွေက နှစ်စဉ်ကြုံတွေ့နေကျ ပြဿနာတွေ ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ ဒီနှစ်မှာတော့ ယခင်နှစ်တွေက အခက်အခဲတွေနဲ့ မတူတဲ့ ကမ္ဘာ့ကပ်ရောဂါဆိုးကြီး ဖြစ်ပေါ်နေတယ်ဆိုတဲ့ အခက်အခဲတစ်ရပ်ကြောင့် ပြည်သူတွေဟာ အိမ်ကို ယခင်နှစ်တွေကထက် ပိုမိုပြန်လိုကြပေမဲ့ သူတို့ရဲ့ အိမ်ပြန်ချိန်တွေနဲ့အတူ ကပ်ရောဂါတစ္ဆေကြီးကလည်း ပြင်းပြင်းထန်ထန် ခြောက်လှန့်နေပါတော့တယ်။ ကူးစက်မှုမြန်ဆန် လွယ်ကူလွန်းပြီး အသက်အရွယ် ကြီးရင့်သူတွေကိုဆိုရင် အသက်ကို ဆုံးစေတဲ့အထိ ခြိမ်းခြောက်နေတဲ့ ကပ်ရောဂါကြောင့် နေရပ်ပြန်လိုသူတွေဟာ သူတို့ရဲ့ အိမ်ပြန်ချိန် ခရီးစဉ်ကနေတစ်ဆင့် ကပ်ရောဂါကြီးကူးစက်မှုကို တွယ်ကပ်ခံလိုက်ရမှာ၊ အဲဒီလို အခြေအနေတွေကတစ်ဆင့် သူတို့ရဲ့ မိသားစုဝင်တွေဆီကို ကူးစက်ခံလိုက်ရမှာမျိုးကို ကြောက်လန့် နေကြရပါတယ်။
ဒီလိုမျိုး ထိတ်လန့်စရာအခြေ အနေတွေကို ကြုံတွေ့ဖြတ်သန်းနေရပေမဲ့ မိမိတို့ရဲ့ နေအိမ်မိသားစုတွေနဲ့ အတူမရှိနေနိုင်တဲ့ အချိန်မှာ ယခုလို အခြေအနေတွေကို ကြုံတွေ့နေရတာက နယ်ဝေးကနေ အလုပ်လာလုပ်တဲ့ ပြည်သူတွေအတွက် ခက်ခဲတဲ့ အခြေအနေ တစ်ခုအဖြစ် ရှိနေတာကို တွေ့ရပါတယ်။
“ရန်ကုန်မှာ အလုပ်လုပ်ပြီး အိမ်နဲ့အဝေးမှာနေရတော့ တစ်နှစ်မှာ ပိတ်ရက်များများနဲ့ အိမ်ပြန်နားနိုင်တာဆိုလို့ သင်္ကြန်ပိတ်ရက်တွေပဲရှိတာ။ ကိုယ်ကလည်း နယ်ကအိမ်ပြန်ချင်၊ အဖေနဲ့ အမေကလည်း အရမ်းပြန်လာစေချင် နေကြတယ်။ ရန်ကုန်မှာလည်း တစ်ယောက်ပြီး တစ်ယောက် COVID-19 ရောဂါပိုး ကူးစက်သူတွေရှိလာတော့ ကိုယ့်ကိုယ်ကိုလည်း မလုံခြုံသလို ခံစားရတယ်။ ဟိုမှာ Home Quarantine လုပ်ရမယ်ဆိုပေမဲ့ ကိုယ့်မှာ ပိုးမရှိဘူး ဆိုရင်တောင် ဇွတ်အိမ်ပြန်ဖို့ ကြိုးစားရင် ကားစီးရင်း လမ်းမှာ ကူးသွားရင်ဆိုတဲ့ အတွေးတွေ၊ ရောဂါပိုး လက္ခဏာ မပြသေးဘဲ မိသားစုနဲ့အတူနေလိုက်ရင် မိဘတွေပါ အကုန်ဒုက္ခရောက်နေမှာစိုးလို့ မပြန်ဖို့ ဆုံးဖြတ်လိုက်ရတယ်။ ကိုယ်ကလည်း မိဘတွေကို စိုးရိမ်၊ မိဘတွေကလည်း ကိုယ့်ကိုပြန်စိုးရိမ်နေရတဲ့ အခြေအနေကြီးပေါ့။ COVID-19 ပြီးသွားရင်တော့ ခွင့်ရက်ရှည်ယူပြီး အိမ်ပြန်နားဖို့ အတွေးနဲ့ပဲ အားတင်းထားရတယ်” လို့ သထုံမြို့နယ်မှ လာရောက်ပြီး ရန်ကုန်မြို့မှာ အလုပ်လုပ်ကိုင်နေတဲ့ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ကပ်ရောဂါ အခြေအနေကြောင့် နေရပ်ပြန်တွေ အိမ်ပြန်တဲ့အခါ
စတင်ကူးစက်မှုကို တွေ့ရှိအပြီး တစ်ပတ်ကျော်အတွင်းမှာ COVID-19 ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၂၀ ဦးအထိ ရှိနေခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ လက်ရှိကပ်ရောဂါကူးစက်မှု ဆိုးရွားနေတဲ့ နိုင်ငံတွေဖြစ်တဲ့ အီတလီနိုင်ငံ၊ အမေရိကန်နိုင်ငံ၊ ဗြိတိန်နိုင်ငံတို့ရဲ့ ကနဦး ရောဂါကူးစက်မှု စတင်တွေ့ရှိတဲ့ ပထမရက်သတ္တပတ်က ကိန်းဂဏန်းတွေထက် များနေခဲ့တာက ဆင်းရဲတဲ့ နိုင်ငံလေးအတွက် စိုးရိမ်စရာ အလွန်ကိုကောင်းတဲ့ အခြေအနေဆိုတာ လက်မခံလို့ကိုမရတဲ့ အမှန်တရားတစ်ခု ဖြစ်နေခဲ့ပါတယ်။
ဒီလိုမျိုး မြန်မာနိုင်ငံမှာ COVID-19 ရောဂါ စတင်တွေ့ရှိခဲ့တဲ့အချိန်ဟာ တိုက်ဆိုင်စွာနဲ့ပဲ မြန်မာပြည်သူ ပြည်သားတွေအတွက် သင်္ကြန်ကာလ နေရပ်ပြန်ချိန်တွေဖြစ်တဲ့ မတ်လကုန်ပိုင်း အချိန်ကာလ ဖြစ်နေခဲ့ပါတယ်။ ဒါ့အပြင် အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း ကပ်ရောဂါ ကူးစက်မှုတွေ ကိန်းဂဏန်းတွေက စိုးရိမ်ဖွယ်ရာ မြင့်တက်လာတာတွေက ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် စိုးရိမ်စရာ အခြေအနေတွေကို ဖြစ်နေစေခဲ့ပြီး သူတို့အတွက် မိမိတို့ရဲ့ မိသားစုဝင်ရှိရာ မိခင်မြန်မာနိုင်ငံကို ထောင်သောင်းချီပြီး ပြန်လည် ဝင်ရောက် လာခဲ့ကြပါတော့တယ်။
ဒီလိုအခြေအနေတွေ ဖြစ်နေတဲ့ အချိန်ကာလ တစ်ပတ်အတွင်းမှာတင် ပြည်ပမှ ပြန်ရောက်လာတဲ့ ပြည်သူတစ်ဦးစီကနေ COVID-19 ရောဂါတွေ့ရှိမှု ပေါ်ပေါက်ခဲ့ပြီး မြန်မာပြည်သူတွေအကြားမှာ ဗိုင်းရပ်စ်ပြန့်နှံ့မှုအပေါ် စိုးရိမ်စိတ်တွေ ပိုမိုကြီးမားလာခဲ့တာကို သူတို့ရဲ့ ပြောကြားမှုတွေနဲ့ လူမှုကွန်ရက်တွေကနေ သိမြင်နိုင်ပါတယ်။
“ပြည်တော်ပြန်တွေအနေနဲ့က သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာသင့်တယ်။ Quarantine ၁၄ ရက်နေဆို နေသင့်ပါတယ်။ သူတို့ပြန်လာတာကို မကြိုက်လို့ မဟုတ်ပါဘူး။ သူတို့ဆီကနေ အခြားသူတွေဆီကို မကူးစက်ဖို့တော့ ဂရုစိုက်ရမှာပါ။ ပထမဆုံး သူတို့ဂရုစိုက်ရမှာက သူတို့မိသားစုအတွက်ပါ။ မဟုတ်ရင် ကျွန်တော်တို့ ဒီကပ်ရောဂါကို ကာကွယ်ဖို့ ခက်ခဲမှာပေါ့” လို့ သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူ အမျိုးသား တစ်ဦးက ပြည်ပမှ ပြန်ရောက်လာသူများနှင့် ပတ်သက်ပြီး မှတ်ချက်ပြုပါတယ်။
ဒီအချိန်မှာတော့ မြန်မာနိုင်ငံရဲ့ ဒေသစုံက ဒေသခံပြည်သူတွေနဲ့ တာဝန်ရှိသူတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှုကို ထိန်းချုပ်ဖို့အတွက် မိမိတို့နေထိုင်ရာ ဒေသများဆီသို့ နယ်ဝေးက ပြန်လည်ရောက်ရှိ လာသူတွေကို Quarantine ၁၄ ရက်ဖြင့် သီးသန့်ထားရှိဖို့အတွက် စီစဉ်ထားကြတယ်လို့ သိရပါတယ်။
COVID-19 ရောဂါဟာ စောင့်ကြည့်ကာလ ၁၄ ရက်ရှိတာ ဖြစ်ပေမဲ့ နေရပ်ပြန်ပြည်သူတွေ အတွက်ကတော့ စားဝတ်နေရေးအတွက် အလုပ်ခွင် ပြန်ဝင်ရမှာ ဖြစ်တဲ့အတွက် သူတို့ရဲ့ နေရပ်ပြန်ဖို့ ခွင့်ကတော့ ၁၄ ရက်ဆိုတဲ့ အချိန်မရှိနိုင်တာမျိုးက ပိုများတယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း ပြည်သူအချို့ကတော့ သူတို့ရဲ့ နယ်ဝေးက ဒေသတွေဆီက အိမ်သို့ ပြန်မည့် ဆုံးဖြတ်ချက်တွေကို ပြောင်းလဲခဲ့ရတယ်လို့ သိရပါတယ်။
“မုံရွာမှာနေတာ။ ဟိုမှာက ဘယ်နေရာကနေပဲ အိမ်ကိုပြန်ရောက်ရောက် Quarantine ဝင်ရမယ်လို့ ပြောတယ်။ အခု Quarantine ကာလက ၁၄ ရက်လေ။ ခွင့်က အဲဒီလောက်မှမရတာ။ အလုပ်ကလည်း ပြန်ဝင်ရဦးမယ်လေ။ ပြီးတော့ ရန်ကုန်ပြန်လာရင်လည်း ၁၄ ရက် ထပ်စောင့်ကြည့်ခံရမယ် ကြားတယ်။ ပြန်ချင်ပေမဲ့ ဘယ်လိုလုပ် အိမ်ပြန်လို့ ရတော့မှာလဲ” ဟု မုံရွာမြို့မှ လာရောက် အလုပ်လုပ်ကိုင်နေသူ အမျိုးသမီး တစ်ဦးက ဆိုပါတယ်။
အိမ်လွမ်းသူတွေ အိမ်ပြန်နေကြပြီလား၊ အခြေအနေတွေ ဘယ်လိုတွေဖြစ်နေလဲ

ဘယ်လိုပဲ ကပ်ရောဂါကြီး ကူးစက်ပျံ့နှ့ံနေပါစေ။ ပျံ့နှံ့နေတဲ့ ကပ်ရောဂါကြီးကို ကာကွယ်ဖို့အတွက် Quarantine ကာလတွေ ရှည်ကြာနေပါစေကာမူ ဒီကပ်ရောဂါကြီး ကူးစက်မှုကို ကာကွယ်ဖို့အတွက် အရေးကြီးဆုံး နည်းလမ်းတွေထဲက တစ်ခုဖြစ်တဲ့ Stay at Home ဆိုတဲ့ နည်းလမ်းအတိုင်းနေထိုင်ပြီး မိသားစုဝင်တွေနဲ့အတူ ကပ်ရောဂါကြီးကို ဆိုးတူကောင်းတူ ဖြတ်ကျော်ချင်ကြတဲ့ ပြည်သူတွေကတော့ အိမ်ကို ပြန်နေကြပါပြီ။ ဆက်လက်ပြီးတော့လည်း အိမ်ကို ပြန်မည့်သူတွေ များစွာရှိနေ ကျန်နေပါသေးတယ်။
ရန်ကုန်မြို့မှာ ဆိုရင်လည်း COVID-19 စတင်တွေ့ရှိမှု ဖြစ်ပွားအပြီး ရက်ပိုင်းအချိန်ပိုင်း အတွင်းမှာတင် အချို့သောလုပ်ငန်း၊ ကုမ္ပဏီတွေက သူတို့ရဲ့ ဝန်ထမ်းတွေကို အလုပ်ပိတ်ရက်များပေးခြင်း သို့မဟုတ် အိမ်မှနေ၍ အလုပ်လုပ်ကိုင်စေခြင်း နည်းလမ်းများဖြင့် သက်ဆိုင်ရာနေ အိမ်များဆီသို့ ပြန်လည်နေထိုင်စေခဲ့တယ်လို့ သိရပါတယ်။
“COVID-19 စတွေ့အပြီး နောက်ရက်မှာတင် ရုံးပိတ်ရက်ပေးလိုက်ပြီ။ မဖြစ်မနေ အလုပ်လုပ်ဖို့ လိုတဲ့သူတွေကို အိမ်ကနေ လုပ်ဖို့ ပြောလို့။ အိမ်မှာ ပြန်လာနေခဲ့တယ်။ Stay at Home၊ နောက် Work from Home ပေါ့။ အိမ်ကနေပဲ အလုပ်လုပ်ဖို့ ကွန်ပျူတာတွေလည်း ပြန်သယ်လာခဲ့တယ်။ မဖြစ်မနေ လုပ်ဖို့လိုတဲ့ အလုပ်တွေကို အိမ်ကနေပဲ လုပ်ပါမယ်” လို့ ပုဂ္ဂလိကကုမ္ပဏီ တစ်ခုမှ HR ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် နယ်ဝေးတွေက လာရောက်တဲ့ ပြည်သူတွေကလည်း အလုပ်တွေ ပိတ်သွားတဲ့အတွက် အိမ်ကို ပြန်ကြတာတွေရှိသလို၊ ယုဇနပလာဇာ ကဲ့သို့သော ရောဂါပိုးတွေ့ရှိရာ မြို့နယ်များမှ စျေးဝယ်စင်တာတွေကို ရက်ရှည်ပိတ်လိုက်တာကြောင့် အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းရှင်တွေကလည်း သူတို့ရဲ့ နေထိုင်ရာ ဇာတိဒေသများဆီသို့ ပြန်လည်သွားရောက် နေထိုင်ကြတာတွေ ရှိပါတယ်။
“ဦးတို့ ဗိုလ်ချုပ်စျေးမှာကတော့ ရွှေဆိုင်တွေက ရောဂါပိုးတွေ့တဲ့နေ့ကပဲ ပိတ်ထားလိုက်ကြတယ်။ ဒီလိုအချိန်မှာက ကပ်ရောဂါကြီးလည်း ဖြစ်နေတော့ ဘယ်သူကမှ ရွှေဝယ်မှာ မဟုတ်ဘူးလေ။ ဘေးက ဆိုင်တွေလည်း ပိတ်ကုန်ပြီ။ နယ်ပြန်ပြီး နေတဲ့သူတွေကလည်း နေပေါ့။ ဦးတို့ကတော့ အစကတော့ နယ်ပြန်မလို့ပဲ။ အခြေအနေတွေက ဘယ်လိုဖြစ်လာမှန်းက မသိတော့ ရန်ကုန်မှာပဲဆက်နေဖို့ လောလောဆယ်တော့ ဆုံးဖြတ်ထားတယ်” လို့ ဗိုလ်ချုပ်စျေးတွင် ရတနာရွှေဆိုင် ဖွင့်လှစ်ရောင်းချနေသူ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် အနယ်နယ်အရပ်ရပ်ကနေ လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ ပြည်သူတွေထဲက အချို့ကလည်း သင်္ကြန်ကာလ ရုံးပိတ်ရက်တွေအတွင်း ယခင်နှစ်တွေကအတိုင်း မိမိတို့ရဲ့ နေအိမ်တွေကို ပြန်နေကြတာတွေ ရှိနေပါတယ်။ ယခင်နှစ်များကလောက် နေရပ်ပြန်သူတွေ များပြားခြင်း မရှိပေမဲ့လည်း နေ့စဉ်နှင့်အမျှ နေရပ်ပြန်သူတွေ ရှိနေဆဲဖြစ်ပြီး မတ်လကုန်ပိုင်းမှာ နေရပ်ပြန်သူများ ပိုများခဲ့တယ်လို့ သိရပါတယ်။
အဲဒီမတ်လကုန်ပိုင်းတွေဟာ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ စတင်တွေ့ရှိခဲ့တဲ့ ကာလတွေဖြစ်ပြီး ရန်ကုန်မြို့မှာဆိုရင် တစ်ပတ်အတွင်းမှာ ကူးစက်ခံရသူ ၁၀ ဦးအထိရှိခဲ့ကာ ကင်ဆာရောဂါဝေနာရှိသူတစ်ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်တွေလည်း ဖြစ်ပေါ်ခဲ့တာပါ။ ဒီအခြေအနေတွေကို ကြည့်ရင် ပြည်သူတွေဟာ ကပ်ရောဂါကြီးကို ကြောက်ရွံ့နေတာကြောင့် မိသားစုနဲ့အတူ နေထိုင်ချင်နေတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။
ဒီလိုအခြေအနေ ဖြစ်နေတဲ့အတွက် အဝေးပြေးကားကုမ္ပဏီတွေ ဘက်ကလည်း အစိုးရရဲ့ ညွှန်ကြားမှု တစ်စုံတစ်ရာ မရှိထားခြင်း၊ နေရပ်ပြန်မည့်သူများ ဆက်လက်ရှိနေခြင်း စတဲ့အခြေအနေတွေကြောင့် အဝေးပြေး ယာဉ်လိုင်းတွေကတော့ ပြေးဆွဲမှုတွေကို အစိုးရ ညွှန်ကြားမှု တစ်စုံတစ်ရာနဲ့ ထူးခြားဖြစ်စဉ်များအပေါ် မူတည်ပြီး ဆက်လက်ပြေးဆွဲသွားဖို့ ရှိနေခဲ့တယ်လို့ သိရပါတယ်။
“မတ် ၂၃ ရက်လောက်ကစပြီး ပြန်တဲ့သူတွေ ပိုများပါတယ်။ အခု ဧပြီလဆန်းပိုင်းရောက်တော့ ပြန်တဲ့သူတွေက ရှိနေတုန်းပေမဲ့ မတ်လကုန်ပိုင်းက ပိုများတယ်။ အစ်မတို့ကိုလည်း အစိုးရက ဘာမှညွှန်ကြားထားတာမျိုး မရှိတော့ သွားမယ့်သူတွေရှိရင် လက်မှတ်တွေဖြတ်ပေး ကားတွေဆွဲပေးထားပါတယ်။ အခုကတော့ မန္တလေးက ပိတ်သွားပြီဆိုတော့ ဟိုဘက်က မန္တလေးဂိတ်က ပိတ်လိုက်ပြီလေ။ အစ်မတို့က အဲဒီတော့ ဧပြီ ၆ ရက်က နောက်ပိုင်းတော့ ဂိတ်ကို ပိတ်လိုက်တော့မယ်” လို့ မြတ် မန္တလာထွန်း အဝေးပြေးယာဉ်လိုင်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။
အစိုးရရဲ့ အမိန့်ထုတ်ပြန်ချက်တွေက နေရပ်ပြန်ပြည်သူတွေအပေါ် ဘယ်လိုသက်ရောက်နေလဲ
မန္တလေးတိုင်းဒေသကြီးမှာ ဧပြီ ၆ ရက်ကနေပြီး ၂၁ ရက်အထိ ခရီးသွားယာဉ်လိုင်းများ ဝင်ခွင့်ထွက်ခွင့်ကို ပိတ်လိုက်ပြီး နောက်ပိုင်းမှာတော့ မြတ်မန္တလာထွန်း အဝေးပြေးယာဉ်လိုင်းကဲ့သို့ မန္တလေးမြို့ကို သွားရောက် ပြေးဆွဲနေတဲ့ အဝေးပြေးယာဉ်လိုင်းတွေဟာ ရုတ်တရက် ယာဉ်လိုင်းပြေးဆွဲမှုတွေကို ရပ်နားဖို့ အခြေအနေ ဖြစ်လာပါတယ်။ အဲဒီအခြေအနေတွေကနေ ဖြစ်ပေါ်လာရတာကတော့ ရပ်နားမယ့် အချိန်ကို ကြိုတင်သိရှိခြင်း မရှိခဲ့တဲ့အတွက် ကြိုတင်လက်မှတ် ဖြတ်ထားတဲ့ နေရပ်ပြန် ခရီးသည်တွေရဲ့ ပြဿနာပါ။
အဲဒါကြောင့် ဒီခရီးသည်တွေအတွက် အဝေးပြေးယာဉ်လိုင်းတွေက ကြိုတင်လက်မှတ်တွေကို ယာဉ်လိုင်းပြေးဆွဲမှု ခေတ္တရပ်နားရမည့် ဧပြီ ၆ ရက်မတိုင်ခင်အထိ ရက်များဆီ ပြောင်းရွှေ့ပေးရခြင်း၊ အချို့သော ကြိုတင်လက်မှတ်များ ငွေပြန်အမ်းရခြင်းတွေကို ကြုံတွေ့လာရပါတယ်။
“အခုက ဧပြီ ၆ ရက်မှာ ဂိတ်က ပိတ်ရတော့မှာဆိုတော့။ အဝင်အထွက်ကလည်း ပိတ်ပြီလေ။ အဲဒီတော့ ကြိုတင်လက်မှတ် ဖြတ်ထားတဲ့သူတွေကို ဧပြီ ၆ ရက် နောက်ပိုင်းတွေဆို ရွှေ့ပေးလို့ရတာတွေ ရွှေ့ပေး။ မရတာတွေကို ငွေပြန်အမ်းတာအမ်း လုပ်နေပါတယ်” လို့ မြတ်မန္တလာထွန်း အဝေးပြေးယာဉ်လိုင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားပါတယ်။
ဝင်ခွင့်ထွက်ခွင့်ပိတ်တဲ့ အမိန့်တွေက နေရပ်ပြန် ပြည်သူတွေအပေါ် သက်ရောက်မှုတွေ
COVID-19 ကပ်ရောဂါကြောင့် ရုတ်တရက်ထုတ်လိုက်တဲ့ အစိုးရရဲ့ ဒေသဆိုင်ရာ ဝင်ခွင့် ထွက်ခွင့် အမိန့်တွေကြောင့် နေရပ်ပြန် ပြည်သူတွေအနေနဲ့ မိမိတို့ စီစဉ်ထားသည့် ရက်အတွင်း နေရပ်ပြန်ရန် အခြေအနေတွေကို စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဒါကြောင့်လည်း နေရပ်ပြန်ပြည်သူအချို့ အနေနဲ့ အစိုးရဘက် တိကျပြတ်သားသည့် အမိန့်များကို ကြိုတင်ထုတ်ပြန်ပေးရန်အတွက် လိုလားမှုများ ရှိနေခဲ့ပါတယ်။
“အခု မန္တလေးက ပိတ်သွားပြီ။ ပြန်လို့မရတော့ဘူး။ တခြားဒေသတွေရော အဲဒီလိုအခြေအနေတွေဖြစ်ရင် ဘယ်လိုလုပ်ရမလဲ မသိဘူး။ ပြန်ဖို့ စီစဉ်ဖို့ကို ကားလက်မှတ်တွေကိုလည်း နှစ်ဆတက်ပြီး လူလျှော့တင်မယ့် အစီအစဉ်တွေကိုလည်း ကြားနေတော့ ကားခကလည်း စျေးကြီး၊ ဝယ်ပြီးမှ ဆုံးမှာကိုလည်း ကြောက်နေတယ်” ဟု နေရပ်ပြန်ရန် စီစဉ်နေသည့် ပြည်သူတစ်ဦးက ဆိုပါတယ်။
ဧပြီ ၄ ရက်အထိ စုံစမ်းထားမှုများအရ အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်း အဝေးပြေးယာဉ်လိုင်းများ အနေဖြင့် ၎င်းတို့ရဲ့ ကားလက်မှတ်ခတွေကို တိုးမြှင့်ကောက်ခံခြင်းမျိုး မရှိသေးတာ တွေ့ရပေမယ့် အဲဒီယာဉ်လိုင်းတွေ အနေနဲ့လည်း ခရီးသွား ပြည်သူတွေကို ယာဉ်လိုင်းဆက်လက် ပြေးဆွဲမည့် နေ့ရက်တွေကို အစိုးရ ညွှန်ကြားချက်တွေကို စောင့်ကြည့်ပြီးမှသာ ဆုံးဖြတ်မယ်လို့ သိရပါတယ်။ ယင်းသို့မဟုတ်ပါက ယခင်နှစ်တွေကအတိုင်း သင်္ကြန်အကြိုနေ့ မတိုင်ခင်ရက်အထိ အဝေးပြေး ယာဉ်လိုင်းတွေက ဆက်လက် ပြေးဆွဲသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။
“အစ်မတို့ဘက်ကတော့ အစိုးရက အခုအထိ ဘာမှမပြောသေးလို့ အကြိုနေ့ မတိုင်ခင်အထိ လက်မှတ်တွေ ဆက်ရောင်းပြေးဆွဲပေးနေပါမယ်။ အစိုးရမဆွဲနဲ့ဆိုရင်တော့ ရပ်လိုက်မှာပေါ့။ အခုအထိတော့ ဘာမှ မညွှန်ကြားသေးဘူး” ဟု ထွန်းဧရာ အဝေးပြေးယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ဧပြီ ၄ ရက် မွန်းလွဲပိုင်းက ပြောခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးမှာတော့ ဧပြီ ၁၀ ရက်မှ ၁၉ ရက်အတွင်း Mini Lockdown အခြေအနေအဖြစ် ကျန်းမာရေးကိစ္စနဲ့ အစားအသောက် ဝယ်ယူရန်မှလွဲ၍ အိမ်အတွင်းသာ နေထိုင်ရန် ညွှန်ကြားမှုကို တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့ပြီး ဒေသအတွင်း ဝင်ထွက်ခွင့်ကိုတော့ ပိတ်ပင်ထားမှာ မဟုတ်ဘူးလို့ သိရပါတယ်။
“တိုင်းအတွင်းကို မဝင်ရဘူး။ မထွက်ရဘူးဆိုပြီး မလုပ်ပါဘူး။ ဒါပေမဲ့ သင်္ကြန်ကာလအတွင်း ၁၀ ရက်လောက်ကို ဖိဖိစီးစီး နေထိုင်လိုက်မယ်ဆိုရင် အခြေအနေကို တစ်စုံတစ်ရာ တားဆီးနိုင်တဲ့ အဆင့်ကို ရနိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆိုထားပါတယ်။
COVID-19 ရောဂါကို မြန်မာနိုင်ငံမှာ စတင်တွေ့ရှိခဲ့တာဟာ နှစ်ပတ်ကျော် အချိန်ကြာမြင့် နေခဲ့ပြီဖြစ်ပြီး ရောဂါကူးစက်ခံရသူဟာ ၂၁ ဦး (ဧပြီ ၄ ရက်ညပိုင်းအထိ) ရှိနေခဲ့ပါပြီ။ ဒါဟာ လက်ရှိမှာ ကူးစက်နှုန်း အလွန်မြင့်မားခဲ့တဲ့ နိုင်ငံကြီးတွေရဲ့ အစောပိုင်း အခြေအနေတွေထက် ဆိုးခဲ့တာပါ။
ဒီလိုအခြေအနေတွေမှာ အစိုးရအနေနဲ့ ပြည်သူတွေကို အိမ်မှာ အတတ်နိုင်ဆုံး နေထိုင်ရင်း ကပ်ရောဂါကို ကျော်ဖြတ်ဖို့ တိုက်တွန်းနေပါတယ်။ ပြည်သူတွေကလည်း အခြေအနေတွေကို သိရှိနေပြီ ဖြစ်တဲ့အတွက် တတ်နိုင်သမျှ အိမ်မှာနေပြီး ရောဂါကူးစက်မှုကို ကာကွယ်နေကြပါတယ်။ ဒါပေမဲ့ ပြည်သူတွေဟာ မိသားစုတွေနဲ့အတူ အိမ်မှာ နေထိုင်ရင်း ကပ်ရောဂါဆိုးကြီးကို ရင်ဆိုင်လိုကြပါတယ်။
ဒီလိုအခြေအနေတွေကြောင့် နေအိမ်မိသားစုတွေနဲ့ ဝေးကွာနေရတဲ့ ပြည်သူတွေရဲ့ အိမ်ပြန်ချိန်တွေ၊ မိသားစုနဲ့ အတူနေလိုစိတ်တွေအတွက် လုံခြုံစိတ်ချမှုတစ်ခု ပေးနိုင်ဖို့ မျှော်လင့်မိပါတယ်။
“အန်တီကတော့ ကူးမှာ မစိုးရိမ်ပါဘူး။ ဒီလိုအချိန်မှာ သမီးလေး အဝေးမှာ ဒုက္ခရောက်မှာစိုးလို့ နောက်ဆုံး သေရင်တောင် မိသားစု အတူတူရှိချင်တယ်။ အဲ့ဒါကြောင့် ရောဂါကူးရင်ကူးပါစေ သမီးလေးကို အိမ်ပြန်လာစေချင်တယ်။ စောင့်ကြည့်လည်း အန်တီကိုယ်တိုင် ကြည့်နေချင်တယ်။ ဘာဖြစ်ဖြစ်ပါ။ ဒီလိုအချိန်မှာ မိသားစုတွေ အတူရှိနေချင်တယ်” လို့ သထုံမြို့နယ်မှာ နေထိုင်သူ မိခင်တစ်ဦးက ဆိုပါတယ်။















