လက်ရှိဘဏ္ဍာနှစ် ခြောက်လအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၁ ဒသမ ၆ သန်းတင်ပို့မှုမှ ဝင်ငွေဒေါ်လာသန်း ၄၆၀ ကျော် ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် တန်ချိန်လေးသိန်းကျော် ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ဒေါ်လာသန်း ၉၀ ကျော်ပိုမိုရရှိ

လက်ရှိဘဏ္ဍာနှစ် ခြောက်လအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၁ ဒသမ ၆ သန်းတင်ပို့မှုမှ ဝင်ငွေဒေါ်လာသန်း ၄၆၀ ကျော် ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် တန်ချိန်လေးသိန်းကျော် ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ဒေါ်လာသန်း ၉၀ ကျော်ပိုမိုရရှိ
ဘုရင့်နောင်ရှိ ဆန်ပွဲရုံတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာငြိမ်း)
ဘုရင့်နောင်ရှိ ဆန်ပွဲရုံတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာငြိမ်း)
Published 4 April 2020
ဇေယျာငြိမ်း

လက်ရှိဘဏ္ဍာနှစ် ခြောက်လအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၁ ဒသမ ၆ သန်းကျော်တင်ပို့မှုမှ ဝင်ငွေဒေါ်လာသန်း ၄၆၀ ကျော်ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် တန်ချိန်လေးသိန်းကျော် ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ဒေါ်လာသန်း ၉၀ ကျော် ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မတ်လ ၂၇ ရက်အထိ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၁ ဒသမ ၆၄၃ သန်းအထိ တင်ပို့ထားပြီး ဝင်ငွေဒေါ်လာ ၄၆၆ ဒသမ ၄၄၉ သန်း ရရှိထားသည်။

“ ဆန်တင်ပို့မှုအနေနဲ့ ယခင်ကာလတူထက် တန်ချိန်က ၆၈,၅၈၃ နဲ့ တန်ဖိုးက ၇ ဒသမ ၉ သန်းလောက်ပိုတယ်။ ဆန်ကွဲကလည်း ၃၃၃,၂၃၄ နဲ့ တန်ဖိုးက ၈၃ ဒသမ ၅၂၃ သန်းပိုတယ်။ ဆန်နဲ့ ဆန်ကွဲစုစုပေါင်းဆိုရင် တန်ချိန် ၄၀၁,၈၁၇ ပိုပြီးတော့ တန်ဖိုးက ၉၁ ဒသမ ၄၂၃ သန်းပိုတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့ရာတွင် နယ်စပ်ကုန်သွယ်ရေးနှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှု နှစ်ခုစလုံးမှ တင်ပို့နေသည်။ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အီးယူ၊ အာဖရိကစျေးကွက်သို့ တင်ပို့လျှက်ရှိပြီး မူဆယ်နယ်စပ်မှတဆင့် တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေသည်။

လက်ရှိတွင် မြန်မာ- တရုတ်နယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ဇုန်သို့ ဆန်တင်ပို့မှု ပြန်လည်စတင်နေပြီး တစ်ရက်လျှင် ဆန်အိတ် ငါးသောင်းခန့်အထိ တင်ပို့လျှက်ရှိကြောင်း သိရသည်။

“ အခုမူဆယ်ဘက် တင်တာတွေရှိတယ် တစ်ရက်ကို ဆန်အိတ်လေးသောင်း၊ ငါးသောင်းလောက်သွားတယ်” ဟု ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်အတွင်းရေးမှူး ဦးသန်းဦးက ပြောကြားထားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအနေဖြင့် ပင်လယ်ရေကြောင်းနှင့် တရုတ်နယ်စပ်တို့မှ ဆန်တင်ပို့မှု အခြေအနေကောင်းများ ရှိနေကြောင်း သိရသည်။

သို့သော်လည်း လက်ရှိဖြစ်ပွားနေသော COVID-19 ရောဂါပိုးလူနာကို မြန်မာနိုင်ငံအတွင်း၌ တွေ့ရှိလာသောကြောင့် ပြည်သူအများစုသည် စိုးရိမ်ပူပန်မှုများ ရှိလာသဖြင့် ပြည်တွင်း၌ ဆန်ဝယ်ယူများ မြင့်တက်နေသည်။

“ ဆန်ကတော့ အခုတရုတ်ဘက်ကလည်း အဝယ်လိုက်တယ်။ Over Sea (ပင်လယ်ရေကြောင်း) ကလည်း ပို့ရတာကလည်း အခုချိန်မှာ တော်တော်လေးအခြေအနေ ကောင်းတယ်။ သို့သော်လည်း အခုလိုပြည်တွင်းမှာ ရောဂါပိုးကိစ္စတွေဖြစ်တယ်။ အဲဒီလိုဖြစ်တဲ့အချိန်မှာ အိမ်နီးချင်းနိုင်ငံတွေကို လေ့လာတဲ့အခါမှာ ဗီယက်နမ်တို့ ပါကစ္စတန်တို့ဆို ခဏလေးဆိုင်းငံ့ထားတဲ့ အခြေအနေ ဖြစ်နေပြီပေါ့နော်။ ကျွန်တော်တို့လည်း စိစစ်တဲ့အပိုင်းတွေ လုပ်မှာပေါ့နော်။ ဘာလို့လဲဆိုတော့ အခုလူတွေက အများကြီးဝယ်ကြတယ်။ အခုလူတွေတော်တော်များများ လက်ထဲမှာ တစ်လနှစ်လစာဝယ်ကြတော့ ဝယ်လိုအားက တအားတိုးလာတာပေါ့နော်။ အဲဒီအခြေအနေနဲ့ အနောက်က Supply လုပ်နိုင်မယ့်အနေအထားနဲ့ Export လုပ်နိုင်မယ့် အနေအထားနဲ့ ဒီသုံးခုကို ဟန်ချက်ညီအောင်တော့ အသင်းတွေနဲ့ရော ကျန်တာတွေနဲ့ ချိတ်ဆက်ပြီးတော့ နေ့တိုင်း ကျွန်တော်တို့ ဆက်သွယ်ဆောင်ရွက်နေပါတယ်။ အဲဒီကရလာတဲ့ အဖြေအပေါ်မူတည်ပြီးမှ ဆုံးဖြတ်သွားမယ်” ဟု စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ပြောကြားသည်။      

Most Read

Most Recent