ခရီးသွားလာမှုနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍ၌ မော်တော်ယာဉ်သုံး CNG ဓာတ်ငွေ့ဖြန့်ဖြူးမှု တိုးမြှင့်မည်ဖြစ်ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် CNG ကုဗပေသန်း ၆၇၀၀ ကျော်သာ ရောင်းချပေးခဲ့ရာမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကုဗပေ ၈၆၅၄ သန်းအထိ ရောင်းချပေးမည်

ခရီးသွားလာမှုနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍ၌ မော်တော်ယာဉ်သုံး CNG ဓာတ်ငွေ့ဖြန့်ဖြူးမှု တိုးမြှင့်မည်ဖြစ်ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် CNG ကုဗပေသန်း ၆၇၀၀ ကျော်သာ ရောင်းချပေးခဲ့ရာမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကုဗပေ ၈၆၅၄ သန်းအထိ ရောင်းချပေးမည်
မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင်အမှတ် (၀၀၈) ပုလဲကို တွေ့ရစဉ် (ဓာတ်ပုံ- MOEE)
မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင်အမှတ် (၀၀၈) ပုလဲကို တွေ့ရစဉ် (ဓာတ်ပုံ- MOEE)
Published 2 April 2020
နီလာ

ပြည်သူများ ခရီးသွားလာမှုနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် မော်တော်ယာဉ်သုံး CNG ဓာတ်ငွေ့ရောင်းချမှု တိုးမြှင့်မည်ဖြစ်ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် CNG ကုဗ ပေသန်း ၆၇၀၀ ကျော်သာ ရောင်းချပေးခဲ့ရာမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် CNG ကုဗ ပေသန်း  ၈၆၅၄ အထိ ရောင်းချပေးမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

“ သဘာဝဓာတ်ငွေ့ကို အဓိကအသုံးပြုတာက လျှပ်စစ်ဓာတ်အားထုတ်လုပ်တဲ့ ကဏ္ဍကဖြစ်ပြီး ရေနံချက်စက်ရုံတွေမှာ သုံးပါတယ်။ CNG ဓာတ်ငွေ့ထုတ်လုပ်ရာမှာ သုံးသလို ဓာတ်မြေသြဇာ ထုတ်လုပ်ရာမှာလည်း သုံးပါတယ်။ မော်တော်ယာဉ်တွေရဲ့ သယ်ယူပို့ဆောင်ရေးမှာ CNG လောင်စာအဖြစ် သုံးပါတယ်။ အခြားစက်မှုကုန်ထုတ် လုပ်ငန်းတွေမှာလည်း သုံးကြပါတယ်။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့ကဏ္ဍမှာ ယခင်က ၈၅ ရာခိုင်နှုန်းလောက် အသုံးပြုရာကနေ ရာခိုင်နှုန်း ၉၀ နီးပါးအထိ တိုးတက်သုံးစွဲခဲ့ပါတယ်။ CNG ကို ဒုတိယဦးစားပေးအနေဖြင့် သယ်ယူပို့ဆောင်ရေးကဏ္ဍနဲ့ တတိယ ဦးစားပေးအနေနဲ့ ဓာတ်မြေသြဇာထုတ်လုပ်တဲ့ကဏ္ဍမှာ အသုံးပြုကြပါတယ်” ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က နိုင်ငံပိုင်သတင်းစာများနှင့် တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။

ပြည်သူများ ခရီးသွားလာမှုနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် သဘာဝဓာတ်ငွေ့ CNG ဖြန့်ဖြူးမှုကို ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းက သဘာဝဓာတ်ငွေ့သုံး မော်တော်ယာဉ် ၂၈၂၉၉ စီးကို နေ့စဉ်သဘာဝဓာတ်ငွေ့ ကုဗပေ ၂၃ သန်းခန့် အသုံးပြု၍ တစ်ကီလိုဂရမ်လျှင် ၂၇၃ ဒသမ ၂၅ ကျပ်နှုန်းဖြင့် နေ့စဉ်ကီလိုဂရမ် ၅၁၀၀၀၀ ကျော် ရောင်းချပေးလျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားချက်အရ သိရသည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသည် သဘာဝဓာတ်ငွေ့ကို ၁၉၈၆ ခုနှစ်တွင် အရောင်းဆိုင်သုံးဆိုင်ဖြင့် စတင် ဖြန့်ဖြူးရောင်းချခဲ့ရာမှ လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးတွင် ၄၁ ဆိုင်၊ မန္တလေးတိုင်းဒေသကြီးတွင် အရောင်းဆိုင်နှစ်ဆိုင်နှင့် မကွေးတိုင်းဒေသကြီးတွင် အရောင်းဆိုင်သုံးဆိုင်၊ စုစုပေါင်း ၄၆ ဆိုင်အထိ တိုးတက်လာခဲ့ပြီး သဘာဝဓာတ်ငွေ့သုံး (Natural Gas Vehicle- NGV) မော်တော်ယာဉ် ၂၈၂၉၉ စီးတို့အား နေ့စဉ်သဘာဝဓာတ်ငွေ့ ကုဗပေ ၂၃ သန်းခန့်အသုံးပြု၍ တစ်ကီလိုဂရမ်လျှင် ၂၇၃ ဒသမ ၂၅ ကျပ်နှုန်းဖြင့် နေ့စဉ်စုစုပေါင်းကီလိုဂရမ် ၅၁၀၀၀၀ ကျော်ခန့်အား ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အချို့သောအရောင်းဆိုင်များအား ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပေါ်စေရေးအတွက် CNG ဆိုင်နေရာသစ်များ ထပ်မံဖွင့်လှစ်နိုင်ရေးကိုလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

CNG အရောင်းဆိုင်များတွင် နည်းပညာမြင့်စက်သစ်များ အစားထိုးတပ်ဆင်ထားသောကြောင့် ဓာတ်ငွေ့ဖြည့်တင်းမှု ပိုမိုမြန်ဆန်လာပြီး အရောင်းဆိုင်ပြင်ပလမ်းမပေါ်တွင် ယာဉ်တန်းစီမှု လျော့နည်းလျက်ရှိသည်။ ရောင်းချနေသည့် CNG စျေးနှုန်းသည် တစ်ဂါလံလျှင် ၁၀၀၀ ကျပ်နှုန်းနှင့်ညီမျှရာ ဒီဇယ်၊ ဓာတ်ဆီတို့စျေးနှုန်းထက် သုံးဆခန့်သက်သာသဖြင့် ခရီးသည်ပို့ဆောင်ရေး၊ ကုန်စည်ပို့ဆောင်ရေး ကဏ္ဍများတွင် သက်သာစွာအသုံးပြုလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent