ပြည်ပဆန်တင်ပို့မှု အလားအလာကောင်းများ ရှိနေသော်လည်း COVID-19 ရောဂါဖြစ်ပွားနေသဖြင့် လက်ရှိတွင် ပြည်တွင်းလိုအပ်ချက်၊ Supply နှင့် Export သုံးခု ဟန်ချက်ညီစေရန်ဆောင်ရွက်နေပြီး ယင်းရလဒ်အပေါ်မူတည်ပြီးမှသာ ဆန်တင်ပို့မှု ခွင့်ပြုမည်ဟု ကုန်သွယ်ရေးညွှန်ချုပ် ပြောကြား

ပြည်ပဆန်တင်ပို့မှု အလားအလာကောင်းများ ရှိနေသော်လည်း COVID-19 ရောဂါဖြစ်ပွားနေသဖြင့် လက်ရှိတွင် ပြည်တွင်းလိုအပ်ချက်၊ Supply နှင့် Export သုံးခု ဟန်ချက်ညီစေရန်ဆောင်ရွက်နေပြီး ယင်းရလဒ်အပေါ်မူတည်ပြီးမှသာ ဆန်တင်ပို့မှု ခွင့်ပြုမည်ဟု ကုန်သွယ်ရေးညွှန်ချုပ် ပြောကြား
ရန်ကုန်မြို့ ၀ါးတန်းဆိပ်ကမ်း၌ ဆန်အတင်အချပြုလုပ်နေမှုကို တွေ့ရစဉ်(ဓာတ်ပုံ- ဇေယျာငြိမ်း)
ရန်ကုန်မြို့ ၀ါးတန်းဆိပ်ကမ်း၌ ဆန်အတင်အချပြုလုပ်နေမှုကို တွေ့ရစဉ်(ဓာတ်ပုံ- ဇေယျာငြိမ်း)
Published 28 March 2020
ဇေယျာငြိမ်း

ပြည်ပဆန်တင်ပို့မှု အလားအလာကောင်းများ ရှိနေသော်လည်း COVID-19 ရောဂါဖြစ်ပွားနေသဖြင့် လက်ရှိတွင် ပြည်တွင်းလိုအပ်ချက်၊ Supply (ပြည်တွင်းထုတ်လုပ်မှု) နှင့် Export (ပြည်ပတင်ပို့မှု) သုံးခု ဟန်ချက်ညီစေရန် အသင်းအဖွဲ့များနှင့် ဆွေးနွေးဆောင်ရွက်နေပြီး ယင်းရလဒ်အပေါ် မူတည်ပြီးမှသာ ဆန်တင်ပို့မှုကို ခွင့်ပြုသွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအနေဖြင့် ပင်လယ်ရေကြောင်းနှင့် မြန်မာ- တရုတ် နယ်စပ်တို့မှ ဆန်တင်ပို့မှု အခြေအနေကောင်းများ ရှိနေကြောင်း သိရသည်။

သို့သော်လည်း COVID-19 ရောဂါ ကူးစက်ခံရသည့်လူနာကို မြန်မာနိုင်ငံအတွင်း၌ တွေ့ရှိလာသောကြောင့် ပြည်သူအများစုသည် စိုးရိမ်ပူပန်မှုများရှိလာသဖြင့် ပြည်တွင်း၌ ဆန်ဝယ်ယူမှုများ မြင့်တက်လျက်ရှိသည်။

“ ဆန်ကတော့ အခုတရုတ်ဘက်ကလည်း အဝယ်လိုက်တယ်။ Over Sea (ပင်လယ်ရေကြောင်း) ကလည်း ပို့ရတာကလည်း အခုချိန်မှာ တော်တော်လေးအခြေအနေ ကောင်းတယ်။ သို့သော်လည်း အခုလိုပြည်တွင်းမှာ ရောဂါပိုးကိစ္စတွေ ဖြစ်တယ်။ အဲဒီလိုဖြစ်တဲ့အချိန်မှာ အိမ်နီးချင်းနိုင်ငံတွေကို လေ့လာတဲ့အခါမှာ ဗီယက်နမ်တို့၊ ပါကစ္စတန်တို့ဆို ခဏလေးဆိုင်းငံ့ထားတဲ့ အခြေအနေ ဖြစ်နေပြီပေါ့နော်။ ကျွန်တော်တို့လည်း စိစစ်တဲ့အပိုင်းတွေ လုပ်မှာပေါ့နော်။ ဘာလို့လဲဆိုတော့ အခုလူတွေက အများကြီးဝယ်ကြတယ်။ အခု လူတွေတော်တော်များများ လက်ထဲမှာ တစ်လ နှစ်လစာ ဝယ်ကြတော့ ဝယ်လိုအားက တအားတိုးလာတာပေါ့နော်။ အဲဒီအခြေအနေနဲ့ အနောက်က Supply လုပ်နိုင်မယ့်အနေအထားနဲ့ Export လုပ်နိုင်မယ့်အနေအထားနဲ့ ဒီသုံးခုကို ဟန်ချက်ညီအောင်တော့ အသင်းတွေနဲ့ရော ကျန်တာတွေနဲ့ ချိတ်ဆက်ပြီးတော့ နေ့တိုင်း ကျွန်တော်တို့ ဆက်သွယ်ဆောင်ရွက်နေပါတယ် အဲဒီကရလာတဲ့ အဖြေအပေါ်မူတည်ပြီးမှ ဆုံးဖြတ်သွားမယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ပြောကြားသည်။

လက်ရှိတွင် မြန်မာ- တရုတ်နယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ဇုန်သို့ ဆန်တင်ပို့မှု ပြန်လည်စတင်နေပြီး တစ်ရက်လျှင် ဆန်အိတ် ငါးသောင်းခန့်အထိ တင်ပို့လျက်ရှိကြောင်း သိရသည်။

“ အခုမူဆယ်ဘက် တင်တာတွေ ရှိတယ်။ တစ်ရက်ကို ဆန်အိတ်လေးသောင်း၊ ငါးသောင်းလောက်သွားတယ်” ဟု ဘုရင့်နောင်ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက ပြောကြားထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဖေဖော်ဝါရီ ၂၈ ရက်အထိ ငါးလနီးပါးတွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁ ဒသမ ၃၇၅ သန်းအထိ တင်ပို့ထားပြီး ဝင်ငွေဒေါ်လာ ၃၉၆ ဒသမ ၂၉၁ သန်း ရရှိထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။ ထို့အတူ နိုင်ငံပေါင်း ၅၂ နိုင်ငံသို့ ဆန်ကွဲ တန်ချိန် ၄၂၀,၀၀၀ ကျော် တင်ပို့မှုမှ ဒေါ်လာသန်း ၁၁၀ ကျော် ရရှိထားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့ရာတွင် နယ်စပ်ကုန်သွယ်ရေးနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှု နှစ်ခုစလုံးမှ တင်ပို့လျက်ရှိသည်။

မြန်မာနိုင်ငံမှ ဆန်နှင့် ဆန်ကွဲကို ပြည်ပတင်ပို့ရာ၌ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အီးယူစျေးကွက်၊ အာဖရိကစျေးကွက်သို့ တင်ပို့ပြီး မူဆယ်နယ်စပ်မှတဆင့် တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ် ငါးလနီးပါးတွင် နယ်စပ်ကုန်သွယ်မှုမှ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁၉၀,၀၀၀ ခန့် တင်ပို့မှုမှ ဝင်ငွေဒေါ်လာ သန်း ၅၀ ကျော် ရရှိထားသည်။

Most Read

Most Recent