ATM စက်များ၊ CRM စက်များ၊ MPU ကတ်ဝန်ဆောင်မှုများ မြှင့်တင်အသုံးပြုနိုင်ရေးအတွက် မြန်မာငွေပေးချေမှု အဖွဲ့ဝင်ဘဏ်များ စီစဉ်ဆောင်ရွက်နေ

ATM စက်များ၊ CRM စက်များ၊ MPU ကတ်ဝန်ဆောင်မှုများ မြှင့်တင်အသုံးပြုနိုင်ရေးအတွက် မြန်မာငွေပေးချေမှု အဖွဲ့ဝင်ဘဏ်များ စီစဉ်ဆောင်ရွက်နေ
 ရန်ကုန်မြို့ရှိ အလိုအလျောက်ငွေထုတ်စက် ATM များကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ အလိုအလျောက်ငွေထုတ်စက် ATM များကို တွေ့ရစဉ်
Published 26 March 2020
စည်သူအောင်

ATM စက်များ၊ CRM စက်များ၊ MPU ကတ်များ မြှင့်တင်အသုံးပြုနိုင်ရေးအတွက် မြန်မာငွေပေးချေမှု အဖွဲ့ဝင်ဘဏ်များ အစည်းအဝေးပြုလုပ်ခဲ့ကြောင်း MPU ဥက္ကဋ္ဌ ဦးရဲမင်းဦးထံမှ သိရသည်။

“ဒီနေ့ နေ့လယ် ၁ နာရီမှာ မြန်မာငွေပေးချေမှုအဖွဲ့ (MPU- Myanmar Payment Union) အဖွဲ့ဝင်ဘဏ်တွေ အစည်းအဝေး ပြုလုပ်ပါမယ်။ အလိုအလျောက်ငွေထုတ်ပေးသောစက် ATM တွေအခြေအနေ၊ အလိုအလျောက် ငွေလက်ခံသောစက် CRM တွေအခြေအနေ၊ အမ်ပီယူကတ် MPU Card အချင်းချင်းကြားက ငွေလွှဲခြင်းအခြေအနေ၊ အမ်ပီယူကတ် MPU Card တွေနဲ့ စျေးဝယ်ယူမှုအခြေအနေ၊ အမ်ပီယူကတ် MPU Card တွေနဲ့ အွန်လိုင်းမှစျေးဝယ်ယူခြင်းအခြေအနေ Online Shopping အခြေအနေတို့ကို မြှင့်တင်အသုံးပြုနိုင်ရေး ဆွေးနွေးကြပါမယ်” ဟု ဦးရဲမင်းဦးက ပြောကြားသည်။

လူချင်းအနီးကပ်ထိတွေ့မှု လျှော့ချရေးဆိုသည်မှာ ဘဏ်ဝန်ဆောင်မှုများအတွက် ဘဏ်သို့သွားရန်မလိုဘဲ လုပ်ငန်းဆောင်ရွက်နိုင်မှုအရေးပါကြောင်းနှင့် ကဏ္ဍအသီးသီးက တာဝန်ရှိသူတိုင်း မိမိအလုပ် မိမိအကောင်းဆုံး လုပ်ဆောင်ကြရင်း ရောဂါကူးစက်မှုလည်း ကာကွယ်နိုင်သကဲဲ့သို့ ပြည်သူများလည်း နေ့စဉ်လုပ်ငန်းဆောင်တာများတွင် အခက်အခဲမရှိဘဲ စိတ်ချမ်းသာမှုရကြမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မည်သည့်အခြေအနေတွင်မဆို MPU ၏ ဝန်ဆောင်မှုများကို ဆက်လက်ပေးအပ်နိုင်ရန် အဖွဲ့ဝင်ဘဏ်များ၏ ပူးပေါင်းပါဝင်မှု၊ MPU CEO မှအစ MPU ဝန်ထမ်းများ၏ လုံ့လဝီရိယနှင့်အတူ အားလုံးကြိုးစားသွားမည်ဟု MPU ဥက္ကဋ္ဌအနေဖြင့် ကတိပေးကြောင်း ဦးရဲမင်းဦးက ဆိုသည်။

ပြည်တွင်းဘဏ်လုပ်ငန်းများ မည်သည့်အခြေအနေတွင်မဆို လုပ်ငန်းလည်ပတ်နိုင်ရန်နှင့် ငွေပေးချေမှု အဆင်ပြေစေရန် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ATM စက်များတွင် အချိန်မရွေး ငွေမပြတ် ထုတ်ယူနိုင်ရေးစီစဉ်ထားရန် နိုင်ငံတော်ဗဟိုဘဏ်က ညွှန်ကြားထားကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် မတ် ၂၃ ရက်ညတွင် မြန်မာနိုင်ငံ၌ COVID- 19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူ နှစ်ဦးတွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ဘဏ်များနှင့် ဆက်သွယ်ဆောင်ရွက်သူ ပြည်သူများအနေဖြင့် ဘဏ်များမှ ပုံမှန်ထက်ပို၍ ငွေသား လာရောက်ထုတ်ယူမှုများရှိကြောင်း သိရသည်။

ဗဟိုဘဏ်သည် မြန်မာနိုင်ငံ၏ဘဏ် လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရေးအတွက် ကြီးကြပ်လျက်ရှိရာ မည်သည့်အခြေအနေတွင်ဖြစ်စေ ဘဏ်လုပ်ငန်းများ စဉ်ဆက်မပြတ် လည်ပတ်ဆောင် ရွက်နိုင်ရေးအတွက် ဆောင်ရွက်သွားရန် အစီအမံများ ထားရှိထားကြောင်း သိရသည်။

ဘဏ်လုပ်ငန်းများ စဉ်ဆက်မပြတ် လည်ပတ်ဆောင်ရွက်နိုင်ရန် အစီအမံများ ကြိုတင်ပြုလုပ်ကြရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၂၀ ပြည့်နှစ် မတ် ၁၃ ရက်က တည်းက ဘဏ်များအားလုံးသို့ ညွှန်ကြားထားပြီးဖြစ်ကြောင်း သိရသည်။

ဘဏ်များအားလုံးသည် မည်သည့်အခြေအနေတွင်ဖြစ်စေ ဘဏ်များနှင့် ဆက်သွယ်ဆောင်ရွက်သူ ပြည်သူများအား ငွေ ထုတ်ပေးခြင်းအပါအဝင် နေ့စဉ်ပုံမှန်ဝန် ဆောင်မှုလုပ်ငန်းများကို ဘဏ်ဖွင့်ရက်များအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဗဟိုဘဏ်သည် အများပြည်သူတို့ ငွေပေးချေမှုများကို အဆင်ပြေစွာဆောင်ရွက်နိုင်စေရန် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှု လုပ်ငန်းများကို ငွေလွှဲပေးပို့ခြင်းများအတွက် ပုံမှန်ထက် ပမာဏတိုးမြှင့် ဆောင်ရွက်ခွင့်ပြုထားသည်။ ဘဏ်များကိုလည်း ဘဏ်ခွဲများတွင်သာမက အလိုအလျောက်ငွေထုတ်စက် Automatic Teller Machine – ATM များတွင်လည်း အချိန်မရွေး ငွေမပြတ် ထုတ်ယူနိုင်ရေး စီစဉ်ထားရှိရန် ဗဟိုဘဏ်က ညွှန်ကြားထားကြောင်း သိရသည်။      

Most Read

Most Recent