မူဆယ် ၁၀၅ မိုင် သစ်သီးဝလံစျေးကွက်တွင် တစ်ရက်အတွင်း ဖရဲ၊ သခွားမွှေး ကားအစီးရေ တစ်ထောင်ကျော်အထိ အရောင်းအဝယ်ဖြစ်

မူဆယ် ၁၀၅ မိုင် သစ်သီးဝလံစျေးကွက်တွင် တစ်ရက်အတွင်း ဖရဲ၊ သခွားမွှေး ကားအစီးရေ တစ်ထောင်ကျော်အထိ အရောင်းအဝယ်ဖြစ်
မူဆယ် (၁၀၅) မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ရှိ သစ်သီးဝလံစျေးကွက်အတွင်းသို့ ရောက်ရှိလာသည့် သစ်သီးတင်ယာဉ်များအား မတ် ၂၅ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ- ထွန်းနေလှိုင်)
မူဆယ် (၁၀၅) မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ရှိ သစ်သီးဝလံစျေးကွက်အတွင်းသို့ ရောက်ရှိလာသည့် သစ်သီးတင်ယာဉ်များအား မတ် ၂၅ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ- ထွန်းနေလှိုင်)
Published 25 March 2020
ထွန်းနေလှိုင် (နောင်ပိန်)

မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်အတွင်းရှိ သစ်သီးဝလံစျေးကွက်အတွင်းသို့ မတ် ၂၅ ရက်တွင် ရောက်ရှိလာသည့် ဖရဲ၊ သခွားတင်ယာဉ်များအနက် ၁၀၆၃ စီးအထိ အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း မူဆယ်သစ်သီးဝလံ ကုန်စည်စျေးကွက်အတွင်းမှ သိရသည်။

COVID-19 ရောဂါပိုးဂယက်ကြောင့် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလအတွင်း မူဆယ် ၁၀၅ မိုင် သစ်သီးဝလံစျေးကွက်တွင် အရောင်းအဝယ်အေးစက်ခဲ့သော်လည်း မတ်လဆန်းမှ စတင်ကာ သစ်သီးအရောင်းအဝယ် စျေးကွက်ပုံမှန်အတိုင်း ပြန်ဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ ပုံမှန်အားဖြင့်တော့ ဒီအချိန်က ဖရဲသီးက ရှမ်းပြည်သီးလည်းထွက်တဲ့အချိန် စျေးလည်းကောင်းတဲ့အချိန်ပေါ့။ အခုလက်ရှိ အနေအထားမှာ အသီးကားတွေကတော့ ပြုံကျနေတာပေ့ါ။ ဒီနေ့ဆိုရင်လည်း အစီးရေက တခြားနေ့တွေထက်ပိုများတယ်။ မူဆယ်အရောင်းကွင်းမှာရောင်းပြီး ဝမ်တိန်ဘက်ကို သွားတဲ့အချိန်မှာတော့ တစ်ရက်တည်းနဲ့ ရောင်းပြီးသမျှကားတွေက အကုန်မရောက်နိုင်ဘူး။အစီးရေကများတော့ တစ်ရက်တစ်ရက် အစီးရေ သုံးလေးရာလောက်ထိ ၁၀၅ မိုင်နဲ့ ဝမ်တိန်ကြားမှာ တန်းစီပြီးကျန်နေတာတွေ ရှိတယ်။ အခုက မြန်မာပြည်အလယ်ပိုင်းဒေသဘက်က ထွက်တဲ့အသီးတွေကလည်း မကုန်သေးဘူး၊ ရှမ်းပြည်သီးတွေကလည်း အခုစပေါ်နေပြီဆိုတော့ အခြေအနေအရ ကားတွေက များနေတယ်” ဟု ၁၀၅ မိုင်သစ်သီးဝလံကုန်စည်ဒိုင်မှ ဒေါ်ရီရီခိုင်က ပြောကြားသည်။

“ အခုရောဂါကိစ္စအပြင် လမ်းပိုင်းအခက်အခဲများကြုံတွေ့နေရတာက အလွန်ခက်ထန်တဲ့ စိန်ခေါ်မှုပါ။ ဒါ့အပြင် ကောလာဟလ အကြောက်တရားများကြောင့် သယ်ယူပို့ဆောင်ခ ကားခများကြောင့် သယ်ယူပို့ဆောင်ခ ကားခများ အဆမတန်စျေးတင်နေခြင်းက မဖြစ်သင့်ပါ။ တောင်သူများ မျက်ဖြူဆိုက်နေတာထက် ဆက်ပြီးမမှန် သတင်း မလွှင့်သင့်ပါဘူး။ မြန်မာနှစ်သစ်ကူးမှာ သိန်းနဲ့ချီပြီး ပြန်လာမယ့် ပြန်လာနေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားများကိစ္စကို လွန်ခဲ့သော နှစ်လတိတိက တရုတ်နှစ်သစ်ကူးကာလ လူတွေအစုလိုက် အပုံလိုက် ရွှေ့ပြောင်းသွားလာမှုနဲ့ယှဉ်ထိုးပြီး ကြိုတင်စီစဉ်သင့်ပါတယ်။ မြန်မာပြည်သားများ ကျန်းမာရေးကို အထူးဦးစားပေးပါ။ တည်ငြိမ်စွာ ရင်ဆိုင်ပါ။ မြန်မာ- တရုတ်ကုန်သွယ်မှုကတော့ ရှဉ့်လည်းလျှောက်သာ ပျားလည်းဆွဲသာ အနေအထားနဲ့ ပုံဖော်နေဦးမှာလို့ မြင်ပါတယ်။ စိန်ခေါ်မှုအခက်အခဲများကြားက နိုင်ငံဖြတ်ကျော် ကုန်သွယ်မှုကတော့ အသွင်ပြောင်းရင်သာပြောင်းမယ်။ ရပ်တံ့ဖို့အကြောင်း မမြင်ပါခင်ဗျာ” ဟု မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန် သစ်သီးဝလံစျေးကွက်အတွင်းရှိ ခွာညိုသစ်သီးပွဲရုံ၏ လူမှုကွန်ရက် စာမျက်နှာတွင် မတ် ၂၅ ရက်တွင် ရေးသားထားသည်။

ယခုရက်ပိုင်းတွင် မြန်မာပြည် အလယ်ပိုင်းဒေသများဖြစ်သည့် မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်းဒေသများ ဘက်တွင် စိုက်ပျိုးကြသည့် ဖရဲ၊ သခွားမွှေး အများအပြားအပြင် ရှမ်းပြည်နယ်ဒေသတွင်း ထွက်ရှိသည့် ဖရဲသီးများလည်း တရုတ်သို့တင်ပို့မှုကြောင့် မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်တွင် ယာဉ်စီးရေဝင်ရောက်မှုမှာ များပြားနေကြောင်း သိရသည်။

“ ဖရဲ၊ သခွားစျေးကတော့ စျေးအရမ်းကျနေတယ်။ စျေးကျရတဲ့အကြောင်းရင်းက အသီးကားအဝင်လည်း များတယ်။ နောက်တစ်ချက်က ဝယ်ထားတဲ့အသီးကားတွေက ဝမ်တိန်ထဲကို တစ်ရက်တည်းအပြီး မဝင်နိုင်တာ လည်းပါတယ်။ တချို့ကားတွေ တရုတ်နယ်စပ် ဝမ်တိန်နဲ့ မူဆယ် ၁၀၅ မိုင်ကြားကို တစ်ရက်လောက် အိပ်နေရတယ်။ တစ်ရက်ကို ဝမ်တိန်အဝင်ဝမှာတင် တစ်ရက်ကို အစီးရေ သုံးရာဝန်းကျင်လောက် ကျန်နေတာပေါ့။ စီးပြတ်စျေးကတော့ ၁၅ တန်၊ ၁၆ တန်ယာဉ်ဆိုရင် အနိမ့်စျေး ယွမ် ခုနစ်ထောင်ကနေ အမြင့်စျေး သုံးသောင်းခွဲဝန်းကျင်လောက်ထိ ရှိတယ်။ ညံ့တဲ့အသီးတွေကတော့ ရောင်းမထွက်သလောက် ရှိနေတယ်” ဟု ရွှေတြိဂံသစ်သီးပွဲရုံမှ ကိုစိုင်းမိုးလွင်က ပြောကြားသည်။

မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန် သစ်သီးဝလံအရောင်းကွင်းရှိ အရောင်းစင်သို့ သစ်သီးများ လာရောက်ရောင်းချကြသည့် သစ်သီးပွဲရုံများအနေဖြင့် မိမိတို့၏ ကုန်သည်များ၊ တောင်သူများအား အရောင်းစင်ပေါ်သို့ ခေါ်ဆောင်လာခြင်းမပြုရန်နှင့် ဝယ်လက်များ၊ ပွဲရုံပွဲစားများ၊ ဖရဲ၊ သခွားတင် ကားသမားများ၊ တာဝန်ရှိဝန်ထမ်းများ၊ အေးဂျင့်များမှအပ မည်သူမျှ ဂိတ်တံခါးမှ ကျော်လွန်၍ သစ်သီးအရောင်းကွင်းပေါ်သို့ တက်ရောက်ခွင့်ပြုမည် မဟုတ်ကြောင်းကို မူဆယ် (၁၀၅) မိုင် သစ်သီးဝလံကုန်စည်ဒိုင်မှ မတ် ၁၈ ရက်က အသိပေးကြေညာချက် ထုတ်ပြန်ထားပြီး သစ်သီးစျေးကွက်အတွင်း ဝင်ရောက်ရောင်းဝယ်ကြသူများအတွက် လက်သန့်ဆေးရည်များ ထားရှိပေးထားပြီးကြောင်း သိရသည်။                     

 

Most Read

Most Recent