လန်ဒန်မြို့တော်ကော်ပိုရေးရှင်းက ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားသည့် ဂုဏ်ထူးဆောင်ဆုကို အပြီးတိုင် ပြန်လည်ရုပ်သိမ်း

လန်ဒန်မြို့တော်ကော်ပိုရေးရှင်းက ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားသည့် ဂုဏ်ထူးဆောင်ဆုကို အပြီးတိုင် ပြန်လည်ရုပ်သိမ်း
  ၂၀၁၇ မေလက Freedom of the City of London ဂုဏ်ထူးဆောင်ဆုကို ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူစဉ်  (Photo: Ministry of Foreign Affairs Myanmar)
၂၀၁၇ မေလက Freedom of the City of London ဂုဏ်ထူးဆောင်ဆုကို ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူစဉ်  (Photo: Ministry of Foreign Affairs Myanmar)
Published 7 March 2020
 Ref: VOA

လန်ဒန်မြို့တော် ကော်ပိုရေးရှင်း (City of London Corporation) က ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားသည့် Freedom of the City of London ဂုဏ်ထူးဆောင်ဆုကို ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း မတ် ၅ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှုကင်းမဲ့သည့် နိုင်ထက်စီးနင်း လုပ်ရပ်များကို ရှုတ်ချပြောဆိုရန် ပျက်ကွက်ခဲ့သည့်အတွက် ယင်းဂုဏ်ထူးဆောင်ဆုကို ရုပ်သိမ်းရန် လန်ဒန်မြို့တော်ကော်ပိုရေးရှင်းက ဆုံးဖြတ်ခဲ့သော်လည်း ယာယီဆိုင်းငံ့ထားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်မှ အကြောင်းပြန်ကြားရန် ပျက်ကွက်ခဲ့ပြီးနောက် ယခုကဲ့သို့ အပြီးတိုင်ရုပ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ကြေညာချက်၌ အဖွဲ့ဥက္ကဋ္ဌ ဆာဒေးဗစ်ဝူတန်က “ဒီနေ့ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုကင်းမဲ့တဲ့ နိုင်ထက်စီးနင်းလုပ်ရပ်တွေကို ကျွန်တော်တို့အဖွဲ့က ပြစ်တင်ရှုတ်ချကြောင်း ပြသလိုက်တာဖြစ်ပါတယ်။ အဲဒါတွေကို မကြာသေးမီက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီး တက်ရောက်တဲ့ နယ်သာလန်က သည်ဟိတ်မြို့ တရားရုံးမှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်လို့ အသေးစိတ် ကြားနာခဲ့ပြီးဖြစ်သလို အထောက်အထားတွေလည်း သိရှိခဲ့ရပြီဖြစ်ပါတယ်။ ဒီကြားနာမှုမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာအစိုးရနဲ့အတူ ပူးတွဲရပ်တည်ခဲ့ပြီး လန်ဒန်မြို့တော် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ လွတ်လပ်မှုဆိုင်ရာကော်မတီရဲ့ အကြောင်းကြားစာတွေကို ပြန်ကြားဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ဒီဆုကို ပြန်လည်ရုပ်သိမ်းရေးသဘောထား ပိုမိုခိုင်မာသွားပါတယ်” ဟု ဆိုသည်။

Freedom of the City of London ဂုဏ်ထူးဆောင်ဆုကို ဒေါ်အောင်ဆန်းစုကြည်ထံမှ ပြန်ရုပ်သိမ်းရန် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ၌ ကောင်စီအဖွဲ့ဝင်များက မဲခွဲဆုံးဖြတ်ခဲ့သော်လည်း မရုပ်သိမ်းသေးဘဲ ဆိုင်းငံ့ထားခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့ ရုပ်သိမ်းရန် အပြီးသတ်ဆုံးဖြတ်ချက်မချမီ ပြန်လည်ဖြေရှင်းချက်ပေးနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ထံသို့ စာရေးသားအကြောင်းကြားခဲ့သည်။

ကော်ပိုရေးရှင်းသည် Freedom ဂုဏ်ပြုဆုကို ၂၀၁၇ ခုနှစ် မေလတွင် ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်ခဲ့သည်။ ထိုအချိန်က ဒီမိုကရေစီရေးအတွက် နှစ်ပေါင်းများစွာ အကြမ်းမဖက်တိုက်ပွဲဝင်ခဲ့မှုနှင့် ပြည်သူများ ငြိမ်းချမ်းစွာ၊ ဘေးကင်းလုံခြုံစွာနှင့် လွတလပ်စွာ နေထိုင်နိုင်သည့် လူမှုအသိုင်းအဝိုင်းတစ်ရပ် တည်ဆောက်ပေးရန် ရည်သန်လျက် သူ၏ တစိုက်မတ်မတ် အားထုတ်မှုတို့အား အသိအမှတ်ပြုသည့်အနေဖြင့် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

Freedom ဂုဏ်ထူးဆောင်ဆုကို ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဝင်စတန်ချာချီ၊ ဂရုဏာရှင် သူနာပြုဆရာမ ဖလောရင့်နိုင်တင်ဂေးတို့အပြင် တောင်အာဖရိကနိုင်ငံမှ နယ်လ်ဆင်မန်ဒဲလားနှင့် ဘုန်းတော်ကြီး ဒက်စမွန်တူးတူး၊ သိပ္ပံပါမောက္ခ စတီဖင်ဟော့ကင်းတို့အား ပေးအပ်ချီးမြှင့်ခဲ့ဖူးသည်။         

Most Read

Most Recent