ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမူကြမ်း ပုဒ်မ ၄၃၆ တွင် မူလပြဋ္ဌာန်းချက်အား ပြင်ဆင်ချက် တင်သွင်းထားမှုအပေါ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမူကြမ်း ပုဒ်မ ၄၃၆ တွင် မူလပြဋ္ဌာန်းချက်အား ပြင်ဆင်ချက် တင်သွင်းထားမှုအပေါ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်
 မတ် ၄ ရက် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာသည့် တပ်မတော်သားကိုယ်စားလှယ်များကို တွေ့ရစဉ်
 မတ် ၄ ရက် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာသည့် တပ်မတော်သားကိုယ်စားလှယ်များကို တွေ့ရစဉ်
Published 4 March 2020
ပြည့်ဖြိုးအောင်၊ အောင်မင်းသိန်း

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမူကြမ်း ပုဒ်မ ၄၃၆ တွင် မူလပြဋ္ဌာန်းချက်အား ပြင်ဆင်ချက် တင်သွင်းထားမှုအပေါ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ဆွေးနွေးခဲ့ကြသည်။

မတ် ၄ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် ဆွေးနွေးရာတွင် ပုဒ်မ ၄၃၆ နှင့်ပတ်သက်သည့် ပြင်ဆင်ချက်များနှင့် ပတ်သက်၍ ဗိုလ်မှူးချုပ်မောင်မောင်၊ ဗိုလ်မှူးချုပ်ရဲနိုင်မျိုးနှင့် ဗိုလ်မှူးကြီးတင်ထွန်းဦးတို့က ကန့်ကွက်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

“ယခုတင်ပြလာတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရန် တင်ပြချက်ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနဲ့အညီ အမည်စာရင်းတင်သွင်းထားတဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကို ခွဲခြားဆက်ဆံသလို ဖြစ်ပေါ်စေပါတယ်။ ဒီအဆိုပြုချက်ဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ပြည်တွင်း စည်းလုံးညီညွတ်ရေးတို့ကို ပျက်ယွင်းစေနိုင်သော၊ စစ်ဘက်- အရပ်ဘက်ဆက်ဆံရေးကို ထိခိုက်စေနိုင်သော အဆိုပြုချက်ဖြစ်နေပါတယ်။ အမျိုးသားရင်ကြားစေ့ရေးလို့ မကြာခဏပြောနေပေမဲ့ လက်တွေ့လုပ်ဆောင်ချက်တွေက အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်စေနိုင်သော လုပ်ဆောင်ချက်များဖြစ်နေတာကို တွေ့ရပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် တစ်ဖက်နဲ့တစ်ဖက် ယုံကြည်နားလည်လက်ခံမှု၊ ပူးပေါင်းဆောင်ရွက်မှုမရှိဘူး ဆိုရင်တော့ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ထွက်ပေါ်လာမယ့် အကျိုးရလဒ်ကလည်း စဉ်းစားစရာ ဖြစ်လာပါလိမ့်မယ်” ဟု ဗိုလ်မှူးချုပ်မောင်မောင်က ပြောကြားသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်များစွာခက်ခဲကြောင်း၊ ပြင်ဆင်ရန်မဖြစ်နိုင်ကြောင်း တချို့က ပြောဆိုနေကြသော်လည်း ပထမအကြိမ်လွှတ်တော် သက်တမ်းကာလတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပြဋ္ဌာန်းချက်အချို့ကို လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က တညီတညွတ်တည်း ပြင်ဆင်ရန် ထောက်ခံဆန္ဒမဲပေးခဲ့ကြပြီး အောင်မြင်စွာ ပြင်ဆင်ဆောင်ရွက်နိုင်ခဲ့သည့် သာဓကမှတ်တမ်းရှိကြောင်း၊ လက်ရှိပြဋ္ဌာန်းထားသည့် ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ငန်းစဉ်များအတိုင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး မိမိတို့ အမိမြန်မာနိုင်ငံတော်ကြီး၏ ကောင်းရာကောင်းကျိုးအတွက် စိတ်တူသဘောတူ ညီညီညွတ်ညွတ်ဖြင့် အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း၊ ထို့ကြောင့် လက်ရှိတင်ပြလာသည့် ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(က)နှင့် ပုဒ်မ(ခ) ပြင်ဆင်ရန် အဆိုပြုတင်ပြချက်ကို လက်ရှိအခြေအနေတွင် ပြင်ဆင်ရန်မသင့်ကြောင်းနှင့် မူလပြဋ္ဌာန်းချက်အတိုင်းသာ ဆက်လက်ထားရှိသင့်ကြောင်း ဗိုလ်မှူးချုပ်မောင်မောင်က ပြောကြားသည်။

ထို့ပြင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်ရဲနိုင်မျိုးက ဆွေးနွေးရာတွင် အခြေခံဥပဒေပြင်ဆင်ရေးကို ရွေးကောက်တင်မြှောက်ခံ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ အားလုံး၏ သုံးပုံနှစ်ပုံကျော်အင်အားဖြင့် ဆောင်ရွက်ရန်ဟု ပြင်ဆင်ထားကြောင်း၊ ဒီမိုကရေစီကျင့်သုံးသည့် နိုင်ငံများ၌ ရွေးကောက်ပွဲကျင်းပပြီးသည့်အခါတွင် အစိုးရအပြောင်းအလဲရှိတတ်ကြောင်း၊ အသစ်တက်လာသည့်အစိုးရက မိမိစိတ်တိုင်းကျ အခြေခံဥပဒေကိုပြင်လိုက်၊ နောက်တက်လာသည့် အစိုးရက ရှေ့အစိုးရ လုပ်သည်ကို မကြိုက်၍ ပြန်ပြင်လိုက်ဖြင့် အခြေခံဥပဒေပြင်ဆင်ရေးကိုသာ လုပ်နေပါက နိုင်ငံရေးတည်ငြိမ်မှုကို များစွာထိခိုက်စေမည်ဖြစ်ကြောင်း၊ ထို့ပြင် အခြေခံဥပဒေပြင်ဆင်ရေးကိုပဲ ဦးစားပေးလုပ်ဆောင်နေသည့်အတွက် တိုင်းပြည်အကျိုးစီးပွား တိုးတက်အောင် ဆောင်ရွက်ရမည့်လုပ်ငန်းများတွင် အားနည်းချက်ရှိနေမည်ဖြစ်ကြောင်း ပြောကြားသည်။

“ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တစ်ဦးကောင်း၊ တစ်ယောက်ကောင်းနဲ့ ပြင်ဆင်လို့ရတဲ့ ဥပဒေမျိုးမဟုတ်ပါဘူး။ လွှတ်တော်အတွင်းမှာရှိနေတဲ့ ပါတီအသီးသီးက ကိုယ်စားလှယ်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များနဲ့ တပ်မတော်သားကိုယ်စားလှယ်တွေ တစ်စိတ်တစ်ဝမ်းတည်းရှိပြီး ဘုံသဘောတူချက်ရမှသာ ပြင်ဆင်နိုင်မယ့်အနေအထား ဖြစ်ပါတယ်။ ပထမအကြိမ် လွှတ်တော်ကာလမှာ ဘုံသဘောတူညီချက်ရလို့ ပြင်ဆင်ခဲ့တဲ့ သာဓကလည်း ရှိခဲ့ပါတယ်။ ဒီလိုဘုံသဘောတူညီချက်ရဖို့အတွက် တစ်ဦးနဲ့တစ်ဦး သံသယပွားအောင် ထိပ်တိုက်ရင်ဆိုင်တဲ့နည်းလမး်ကို ကျင့်သုံးမလား။ စုပေါင်း ညှိနှိုင်း အဖြေရှာတဲ့နည်းလမ်းကို ကျင့်သုံးမလားဆိုတာကို သဘာဝကျကျချဉ်းကပ်ပြီး မှန်မှန်ကန်ကန်ရွေးချယ်နိုင်ဖို့ အထူးလိုအပ်ပါတယ်” ဟု ဗိုလ်မှူးချုပ်ရဲနိုင်မျိုးက ပြောကြားသည်။

အလားတူ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီးတင်ထွန်းဦးက “ယခုပြင်ဆင်ချက်ကို ပြန်သုံးသပ်ကြည့်ရင် ပြင်ဆင်လိုခြင်းရဲ့ ရည်ရွယ်ချက်နှစ်ချက်ကို တွေ့ရပါတယ်။ ပထမအချက်က ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များဆိုတဲ့နေရာမှာ ရွေးကောက်တင်မြှောက်ခံဆိုတဲ့ အချက်ဖြစ်ပြီး ပြောင်းလဲလိုခြင်းရဲ့ဆန္ဒကတော့ တပ်မတော်သားများအနေနဲ့ အခြားသောပါတီများမှ ကိုယ်စားများနဲ့အတူ လွှတ်တော်အတွင်းမှာ အတူလက်တွဲပြီး ပါဝင်မဆောင်ရွက်စေလိုကြောင်း တွေ့ရပါတယ်” ဟု ဗိုလ်မှူးကြီးတင်ထွန်းဦးက ပြောကြားသည်။

နိုင်ငံရေးအကူးအပြောင်းကာလတွင် အရပ်ဘက်- စစ်ဘက်ဆက်ဆံရေးသည် အင်မတန်အရေးကြီးပြီး ယခုကဲ့သို့ခွဲခြားဆက်ဆံခြင်းသည် အရပ်ဘက်- စစ်ဘက်ဆက်ဆံရေးကို ထိခိုက်ခြင်းဖြစ်သည့်အတွက် နိုင်ငံတော်လျှောက်လှမ်းနေသည့် ဒီမိုကရေစီလမ်းကြောင်းကို အနှောက်အယှက်ဖြစ်စေသဖြင့် ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(ခ)ကို မူလအတိုင်းသာ ထားသင့်ကြောင်း ဗိုလ်မှူးကြီးတင်ထွန်းဦးက ပြောကြားသည်။

ဗိုလ်မှူးချုပ်မောင်မောင်နှင့် ဗိုလ်မှူးကြီး တင်ထွန်းဦး ဆွေးနွေးခဲ့သည့် အရပ်ဘက်- စစ်ဘက်ဆက်ဆံရေးကို အနှောင့်အယှက်ဖြစ်သည့် ပြင်ဆင်မှုများ၊ ပါတီအလိုကျ ပြင်ဆင်မှုများ၊ ကာကွယ်ရေးကို ယိုင်နဲ့စေသည့် ပြင်ဆင်မှုများသာဖြစ်သည်ဟု ဆွေးနွေးခြင်းများသည် ပြည်ထောင်စုလွှတ်တော် နည်းဥပဒေ ၁၉(ခ)နှင့် ငြိစွန်းနေသဖြင့် လိုအပ်သလိုဆောင်ရွက်ပေးရန် NLD ပါတီ ထန်းတပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးထွန်းက ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌထံ တင်ပြခဲ့သည်။

Most Read

Most Recent