ရခိုင်ပြည်နယ် နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်၍ ရခိုင်သုံးပါတီ ဆွေးနွေးပွဲဖြစ်မြောက်ရန် ALD ပါတီ မျှော်လင့်

ရခိုင်ပြည်နယ် နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်၍ ရခိုင်သုံးပါတီ ဆွေးနွေးပွဲဖြစ်မြောက်ရန် ALD ပါတီ မျှော်လင့်
Published 4 March 2020
ဉာဏ်လင်းထွန်း

လက်ရှိရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးရန် ရခိုင်အမျိုးသားပါတီ (ANP) နှင့် ရခိုင့်ဦးဆောင်ပါတီ (AFP) တို့ကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) က ကမ်းလှမ်းထားသည်။

မတ် ၈ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးရန် ဖေဖော်ဝါရီလအတွင်းက ကမ်းလှမ်းမှုနှင့်ပတ်သက်၍ မတ် ၄ ရက်အထိပါတီ နှစ်ခုထံမှ အကြောင်းပြန်စာ မရရှိသေးကြောင်း ALD ပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ပြောကြားသည်။

“ ဒါပေမဲ့ တွေ့ဆုံဖြစ်မှာပါ။ ဖြစ်မှာဆိုတာကလေ။ ဘာပဲဖြစ်ဖြစ် အဲဒီပါတီတွေမှာလည်း ဒီစာရောက်ပြီးတော့ ဒီဘက်ကခေါ်တဲ့ ဆိုတဲ့ဟာကို သူတို့ထဲမှာဆွေးနွေးတယ်ဆိုတာလည်း အန်ကယ်တို့က ကြားနေရပါတယ်။ နောက်တစ်ခုက ဘာပဲဖြစ်ဖြစ်လေ။ ဘယ် Agenda ဘယ်ဟာကို ဘယ်လိုဘယ်သူက ဦးဆောင်ဆွေးနွေးတယ်ဆိုတဲ့ဟာမျိုး မဟုတ်ဘဲနဲ့ အကုန်လုံးတန်းတူရည်တူနဲ့ တကယ့် ရခိုင်ပြည်သူတွေ ရခိုင်အမျိုးသားအကျိုးစီးပွားအပေါ်မှာ အခြေခံပြီးတော့ အကုန်လုံးကို ကြိုဆိုတဲ့အနေနဲ့ တွေ့ဆုံဖို့လိုတယ်ဆိုတဲ့ ဟာမျိုးနဲ့ ဖိတ်ခေါ်တဲ့အတွက် သူတို့လည်းတက်ရောက်လာမယ်လို့ မျှော်လင့်ပါတယ်” ဟု ဦးမျိုးကျော်က ပြောကြားသည်။

ALD ပါတီ၏ အစည်းအဝေးဖိတ်စာတွင် လက်ရှိ ဖြစ်ပေါ်နေသော ရခိုင်ပြည်နိုင်ငံရေး အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးရန်ဟုသာ ဖော်ပြထားသည်။

“ရခိုင်ပြည် နိုင်ငံရေးအခြေအနေဆိုကတည်းက အကုန်လုံးပါသွားပြီလေ။ ဒီထက် ကြီးကျယ်တာလည်း ဘာရှိဦးမလဲ။ အဲဒီမှာ ကြိုက်သလိုဆွဲလို့တာကိုး။ စစ်ရေး၊ နိုင်ငံရေး စသဖြင့်ပေါ့နော်” ဟု ဦးမျိုးကျော်က ပြောကြားသည်။

အစည်းအဝေးကို ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်တွင် ကျင်းပရန်နှင့် ဖိတ်ကြားသည့် တစ်ပါတီချင်းမှ ကိုယ်စားလှယ်လေးဦး တက်ရောက်ရန် မေတ္တာရပ်ခံကြောင်း ALD ပါတီ၏ အစည်းအဝေးဖိတ်စာတွင် ဖော်ပြပါရှိသည်။

ALD ပါတီဖိတ်ကြားသည့် တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်ရန် ရှိ၊ မရှိနှင့်ပတ်သက်၍ ANP ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှကို မတ် ၄ ရက်တွင် ဆက်သွယ်မေးမြန်းရာ ၎င်းက အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ မှတ်ချက်မပေးလိုသေးဟု ဆိုသည်။

AFP ပါတီဥက္ကဋ္ဌ ဦးခင်နုကလည်း ခေါင်းစဉ်မရှိဘဲ ဖိတ်ကြားသည့်ပွဲဖြစ်၍ တက်ရောက်သင့်၊ မတက်ရောက်သင့်ကို ပါတီတွင်းဆွေးနွေးရဦးမည်ဟု ပြောကြားကြောင်း ရခိုင်အခြေစိုက်သတင်းဌာန နိရဥ္စရာက မတ် ၃ ရက်တွင် သတင်းဖော်ပြသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အများစုတွင် တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့(AA) တို့ကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး စစ်ရေးတင်းမာမှုများကြောင့် စစ်ဘေးရှောင်ဦးရေနှင့် ထိခိုက်၊ ဒဏ်ရာရသူ တိုးပွားလျက်ရှိကြောင်း ပြည်နယ်အခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် မြို့နယ် ၁၇ မြို့နယ် ရှိပြီး မြို့နယ်အများစုတွင် တိုက်ပွဲဖြစ်ပွားမှုများကြောင့် ပြည်နယ်အတွင်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ခြေ ရှိ၊ မရှိကိုလည်း မခန့်မှန်းနိုင်သေးကြောင်း ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အချို့က မှတ်ချက်ပြုသည်။

Most Read

Most Recent