နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင်ရှိရမည်ဆိုသည့် ပြဋ္ဌာန်းချက်ပယ်ဖျက်ရန် ပြင်ဆင်ချက်တင်သွင်းမှုအပေါ် တပ်မတော်သားကိုယ် စားလှယ်များကန့်ကွက်

နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင်ရှိရမည်ဆိုသည့် ပြဋ္ဌာန်းချက်ပယ်ဖျက်ရန် ပြင်ဆင်ချက်တင်သွင်းမှုအပေါ် တပ်မတော်သားကိုယ် စားလှယ်များကန့်ကွက်
Published 3 March 2020
ပြည့်ဖြိုးအောင်၊ အောင်မင်းသိန်း

နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ကွပ်ကဲမှုအောက်တွင် ရှိရမည်ဆိုသည့် ပြဋ္ဌာန်းချက်ပယ်ဖျက်ရန် ပြင်ဆင်ချက်တင်သွင်းမှုအပေါ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဗိုလ်မှူးချုပ်ကျော်စန်းလင်းနှင့် ဗိုလ်မှူးချုပ်သက်ထွန်းအောင်တို့က ကန့်ကွက်ခဲ့ကြသည်။

မတ် ၃ ရက်ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းပါ ပုဒ်မ၊ ပုဒ်မများအပေါ် ဆွေးနွေးရာတွင် ဗိုလ်မှူးချုပ် ကျော်စန်းလင်းနှင့် ဗိုလ်မှူးချုပ်သက်ထွန်းအောင် ကန့်ကွက်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ဗိုလ်မှူးချုပ်ကျော်စန်းလင်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း (၇)၊ ပုဒ်မ ၃၃၈ နှင့် ပုဒ်မ ၃၃၉ တို့ကို ပယ်ဖျက်ခြင်းမပြုဘဲ မူလပြဋ္ဌာန်းချက်အတိုင်း ထားရှိသင့်ကြောင်း ဆွေးနွေးခဲ့သည်။

“ပုဒ်မ ၃၃၈ မှာ နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင်ရှိရမည်ဟု ပြဋ္ဌာန်းထားရှိပါတယ်။ ဒီပုဒ်မကို ပြဋ္ဌာန်းခဲ့ရခြင်းဟာ သမိုင်းမှာကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံများအရလည်းကောင်း၊ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးကိစ္စရပ်များတွင် လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို စနစ်တကျကြပ်မတ်နိုင်စေရန်အတွက်လည်းကောင်း ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါတယ်” ဟု ဗိုလ်မှူးချုပ်ကျော်စန်းလင်းက ပြောကြားသည်။

နိုင်ငံအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်များကိုလည်း စနစ်တကျဖွဲ့စည်းပေးထားသော နယ်ခြားစောင့်တပ်ဖွဲ့၊ ပြည်သူ့စစ်အဖွဲ့များအဖြစ် ပြောင်းလဲဖွဲ့စည်းတာဝန်ထမ်းဆောင်ခြင်းဖြင့် ငြိမ်းချမ်းရေးရရှိစေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ကြောင်း၊ သို့မှသာ လက်နက်ကိုင်ပဋိပက္ခများမရှိတော့ဘဲ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်ကြီး ဖြစ်လာနိုင်မည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ်ကျော်စန်းလင်းက ပြောကြားသည်။

အလားတူ ဗိုလ်မှူးချုပ်သက်ထွန်းအောင်က လက်ရှိပကတိတရားများအရ တပ်မတော်သည် ဒို့တာဝန်အရေးသုံးပါးကို ထိပါးလာမည့် မည်သည့်အန္တရာယ်အတားအဆီးကိုမဆို ရင်ဆိုင်တွန်းလှန်နိုင်ရန်၊ တိုင်းပြည်အကျိုးစီးပွားဖော်ဆောင်နိုင်ရန်နှင့် ကာကွယ်ရေးစွမ်းအားပိုမိုကောင်းမွန််စေရန်အတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ)အပြင် လုပ်ငန်းတာဝန်နှင့် သဘောသဘာဝအရ နိုင်ငံတော်လက်နက်ကိုင်ခွင့်ပြုထားသော အဖွဲ့အစည်းများအားလုံးကို တပ်မတော်၏ ဦးဆောင်မှုအောက်တွင် ကျစ်လစ်သိပ်သည်းစွာ ဖွဲ့စည်းထားရှိသင့်သဖြင့် ပုဒ်မ ၃၃၈ ကို ပယ်ဖျက်ရန်မသင့်ဘဲ မူလပြဋ္ဌာန်းချက်အတိုင်းသာထားရှိသင့်ကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ ပိုင်နက်နယ်မြေလုံခြုံရေး၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူလူထုအကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေး၊ တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးအတွက် အဓိကအကျဆုံးလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ခြင်း၊ နိုင်ငံတော်အား ပြည်တွင်းပြည်အန္တရာယ်များမှ ကာကွယ်ရေး  တပ်မတော်က ဦးဆောင်သင့်သည့်အတွက် ပုဒ်မ ၃၃၉ အား ပယ်ဖျက်ရန်မသင့်ဘဲ မူလပြဋ္ဌာန်းချက်အတိုင်းသာ ထားရှိသင့်ကြောင်း ဗိုလ်မှူးချုပ်သက်ထွန်းအောင်က ပြောကြားသည်။

၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ  ပုဒ်မ ၃၃၈တွင် နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင်ရှိရမည်ဟု ပြဋ္ဌာန်းထားပြီး ပုဒ်မ ၃၃၉ တွင် နိုင်ငံတော်အား ပြည်တွင်းပြည်ပ အန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမည်ဟု ပြဋ္ဌာန်းထားသည်။ လက်ရှိဆွေးနွေး လျက်ရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းတွင်မူ  အဆိုပါပုဒ်မနှစ်ခုကို ပယ်ဖျက်ရန် ပြင်ဆင်ချက် တင်သွင်းထားကြောင်း သိရသည်။

 

 

Most Read

Most Recent