ပေါင်(၂၇)သန်း အရှုံးပြခဲ့ခြင်းက အသင်း၏ အစီအစဉ်များကို ထိခိုက်စေတော့မည်ဟု အာတီတာ ညည်းတွား

ပေါင်(၂၇)သန်း အရှုံးပြခဲ့ခြင်းက အသင်း၏ အစီအစဉ်များကို ထိခိုက်စေတော့မည်ဟု အာတီတာ ညည်းတွား
Published 3 March 2020

 

အာဆင်နယ်နည်းပြ အာတီတာက ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ခဲ့သည့် ဘဏ္ဍာရေးရှင်းတမ်းတွင် အရှုံးပြခြင်းက မိမိ၏ အနာဂတ်အစီအစဉ်များကို ထိခိုက်စေတော့မည် ဖြစ်ကြောင်း ညည်းတွားပြောဆိုခဲ့သည်။

အာဆင်နယ်အသင်းသည် ၂၀၁၈-၁၉ ကာလအတွက် အခွန်ဆောင်ပြီးဝင်ငွေကို ကြေညာခဲ့ရာ ပေါင်(၂၇.၁)သန်း အရှုံးပြခဲ့ပြီး ယင်းမှာ ၂၀၀၂ ခုနှစ်နောက်ပိုင်း အသင်း၏ အဆိုးရွားဆုံး အရှုံးပြမှုဖြစ်သည်။ 

အာဆင်နယ်အသင်း၏ Chairman ဆာချစ်ပ်ကက်စ်ဝစ်က ''လူဝယ်တာနဲ့ ယူရိုပါလိဂ် (၂)နှစ်ဆက် ကန်ခဲ့ရတာက ဒီလိုဖြစ်စေတာပါ။ ၂၀၁၉-၂၀ အတွက်ကတော့ Adidas နဲ့ စပွန်ဆာရယ်၊ အီမရိတ်စ်စပွန်ဆာအချို့ရယ်ကြောင့် ဝင်ငွေတက်လာမှာပါ''ဟု မှတ်ချက်ပြုခဲ့သည်။ 

သို့ရာတွင် အာဆင်နယ်အသင်းအနေဖြင့် အပြောင်းအရွှေ့ဘတ်ဂျက်ကို လျှော့ချဖွယ်ရှိနေပြီး စာချုပ်(၁၅)လသာ ကျန်ရှိတော့သော အူဘာမီယန်းနှင့် နောက်ထပ် အဓိကတိုက်စစ် မှူးဖြစ်သော လာကာဇက်ကို ရောင်းချခြင်းများ ပြုလုပ်လာနိုင်သည်။

အာတီတာက '' ဒီအရှုံးပြခြင်းရဲ့ထိခိုက်မှုက ကြီးပါတယ်။ အသင်းရဲ့လူစာရင်းကို ချန်ပီယံလိဂ်နဲ့ မှန်းပြီး တည်ဆောက်ထားတာကြောင့် ဒီအချိန်မှာ အခက်အခဲရှိတယ်။ အခုအ ခြေအနေနဲ့လိုက်ပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချဖို့ လိုအပ်နေပါပြီ။ ဒါက အရှိတရားဖြစ်ပြီး ဒါကိုရင်ဆိုင်ဖို့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချဖို့ကိုသာ စဉ်းစားရတော့မှာပါ''ဟု  ညည်းတွားခဲ့သည်။

 

Most Read

Most Recent