ဇန်နဝါရီနှင့် ဖေဖော်ဝါရီ လစာမရသေးသည့်ကိစ္စကို အမြန်ဆုံးဖြေရှင်းရန် လိဂ်ကော်မတီက ချင်းယူနိုက်တက်အသင်းပိုင်ရှင်ထံ အကြောင်းကြားထား

ဇန်နဝါရီနှင့် ဖေဖော်ဝါရီ လစာမရသေးသည့်ကိစ္စကို အမြန်ဆုံးဖြေရှင်းရန် လိဂ်ကော်မတီက ချင်းယူနိုက်တက်အသင်းပိုင်ရှင်ထံ အကြောင်းကြားထား
Photos : Chin United
Photos : Chin United
Published 3 March 2020

 

လစာငွေ နှစ်လစာမရသေးသည့် ချင်းယူနိုက်တက်အသင်း ကစားသမားများနှင့် အုပ်ချုပ်/နည်းပြအဖွဲ့ဝင်များအတွက် ပေးချေ ရမည့်လစာငွေကို အမြန်ဆုံးဖြေရှင်းပေးရန် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပရေး ကော်မတီက ချင်းယူနိုက်တက်အသင်းပိုင်ရှင်ထံ အကြောင်းကြားထားကြောင်း မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုး ကျော်က အတည်ပြုပြောကြားသည်။

ချင်းယူနိုက်တက်အသင်း အုပ်ချုပ်/နည်းပြအဖွဲ့ဝင်များအပါအဝင် ကစားသမားများသည် ဇန်နဝါရီနှင့် ဖေဖော်ဝါရီအတွက် ရရှိမည့်လစာငွေကို အသင်းဘက်မှ ပေးချေ ခြင်းမရှိသေးသဖြင့် ကြန့်ကြာနေခြင်းဖြစ် ကြောင်း သိရသည်။

ယင်းအခြေအနေနှင့် ပတ်သက်၍ မြန်မာနေရှင်နယ်လိဂ်ကော်မတီသို့ ဆက်သွယ်မေးမြန်းရာ အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က အသင်းပိုင်ရှင်ကပဲ စာချုပ်အရ သူပေးရမယ့်လစာကို ပေးရမှာပါ။ ဒီကိစ္စအတွက် အမြန်ဆုံးအဖြေရှာဖို့အတွက်လည်း အသင်းပိုင်ရှင်ကို အကြောင်းကြားထားပါတယ်''ဟု အတည်ပြုပြောကြားသည်။ 

ချင်းယူနိုက်တက်အသင်းသည် အလားတူဖြစ်ရပ်မျိုးကို ၂၀၂၀ မြန်မာနေရှင်လိဂ်ဘောလုံးရာသီ မစတင်မီအချိန်တွင်လည်း ဖြစ်ပေါ်ခဲ့ပြီး မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြားဝင်ဖြေရှင်းပေးခဲ့ရသည်။

''ဇန်နဝါရီအတွက်ရော ဖေဖော်ဝါရီအတွက်ပါ လစာတွေ မရသေးပါဘူး။ လစာတွေမရတာက အသင်းရဲ့ခြေစွမ်းပိုင်းမှာလည်း ထိခိုက်မှုရှိပါတယ်။ ပြင်ဆင်ရာမှာလည်း မလိုလားအပ် တဲ့ အခက်အခဲတွေ ကြုံတွေ့ရတယ်။ ဒီအခြေအနေမျိုးမှာ ပိုင်ရှင်ကလည်း ပိုင်ရှင်အလုပ်၊ နည်းပြကလည်း နည်းပြအလုပ်၊ ကစားသမားကလည်း ကစားသမားအလုပ်ကိုလုပ်ဖို့ လို အပ်ပါတယ်။ အခုဖြစ်နေတဲ့ပြသာနာက ကစားသမားတွေရဲ့ ကွင်းတွင်းစွမ်းရည်ကိုပါ ထိခိုက်စေပါတယ်။ ဒီပြဿနာက အသင်းကို ပြင်ဆင်ရတဲ့နေရာမှာ အခက်အခဲတွေဖြစ် စေပါတယ်''ဟု ချင်းယူနိုက်တက်အသင်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ချင်းယူနိုက်တက်အသင်းသည် လစာ ကိစ္စဖြစ်ပေါ်နေစဉ် MNL ပွဲစဉ် (၇) တွင် Southern အသင်းကို (၃-၈)ဂိုးရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ပြီး ပွဲစဉ် (၈)တွင်လည်း ရှမ်းယူနိုက် တက်အသင်းကို (၁-၃) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။ 

ချင်းယူနိုက်တက်အသင်းသည် ပွဲစဉ် (၈) အပြီး တွင် ရမှတ်လေးမှတ်သာရယူထားနိုင်ပြီး တန်းဆင်းဇုန်အတွင်း အဆင့် ၁၁ နေရာ ရပ်တည်နေကြောင်း သိရသည်။ 

 

Most Read

Most Recent