ဖွဲ့စည်းပုံအခြေခံဥပဒေအား အစိုးရ၏ အင်စတီကျူးရှင်းဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ပုံသက်သက်ကို ပြင်ဆင်၍မရဘဲ အာဏာချိန်ခွင်ညှာကိုလည်း ထည့်သွင်းရေးဆွဲမှသာ မြန်မာနိုင်ငံ၌ နှစ်ကာလကြာဖြစ်နေသည့် နိုင်ငံရေးအကျပ်အတည်းများအား ဖြေရှင်းနိုင်လိမ့်မည်ဟု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး

ဖွဲ့စည်းပုံအခြေခံဥပဒေအား အစိုးရ၏ အင်စတီကျူးရှင်းဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ပုံသက်သက်ကို ပြင်ဆင်၍မရဘဲ အာဏာချိန်ခွင်ညှာကိုလည်း ထည့်သွင်းရေးဆွဲမှသာ မြန်မာနိုင်ငံ၌ နှစ်ကာလကြာဖြစ်နေသည့် နိုင်ငံရေးအကျပ်အတည်းများအား ဖြေရှင်းနိုင်လိမ့်မည်ဟု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး
ဖေဖော်ဝါရီ ၂၈ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအား တွေ့ရစဉ်
ဖေဖော်ဝါရီ ၂၈ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအား တွေ့ရစဉ်
Published 29 February 2020
အောင်မင်းသိန်း၊ ပြည့်ဖြိုးအောင်

ဖွဲ့စည်းပုံအခြေခံဥပဒေအား Institutional Structure of Government (အစိုးရ၏ အင်စီကျူးရှင်းဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ပုံ) သက်သက်ကို ပြင်ဆင်၍မရဘဲ Balance of Power (အာဏာချိန်ခွင်ညှာ) ကိုလည်း ထည့်သွင်းရေးဆွဲမှသာ မြန်မာနိုင်ငံ၌ နှစ်ကာလကြာဖြစ်နေသည့် နိုင်ငံရေး အကျပ်အတည်းများကို ဖြေရှင်းနိုင်လိမ့်မည်ဟု တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးရဲထွန်းက ဆွေးနွေးခဲ့သည်။

 ဖေဖော်ဝါရီ ၂၈ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် လွှတ်တော်၌ ဆွေးနွေးရာတွင် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးရဲထွန်းက အထက်ပါအတိုင်း ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။

လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရ ရာထူးနုတ်ထွက်ရမည့်၊ တာဝန်ရပ်စဲခံရသည့် ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် တပ်မတော်သားဝန်ကြီး၊ ဒုတိယဝန်ကြီး၊ တပ်မတော်သား နေပြည်တော်ကောင်စီဝင်တို့နှင့် ပတ်သက်ပါက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းရမည်ဆိုသည့် အချက်အား ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းတွင် ပယ်ဖျက်ရန် အဆိုပြုထားခြင်းကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးရဲထွန်းက မူလအတိုင်းသာထားရှိရန် ကန့်ကွက်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စိစစ်ရွေးချယ်၍ အမည်စာရင်းတင်သွင်းပြီး နိုင်ငံတော်သမ္မတက အတည်ပြုခန့်အပ်ရသည့် တပ်မတော်သား ဝန်ကြီးများနှင့်ပတ်သက်၍ တာဝန်မှရပ်စဲလိုသည့်အခါတွင်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းတိုင်ပင်ရခြင်းသည် နိုင်ငံတော်သမ္မတ၏ အခွင့်အာဏာကို ဝင်ရောက်စွက်ဖက်ခြင်း မဟုတ်ဘဲ ညှိနှိုင်းတိုင်ပင်၍ လိုအပ်ပါက နောက်ထပ်တာဝန်ထမ်းဆောင်မည့် သင့်လျော်သည့် တပ်တော်သားတစ်ဦးကို စိစစ်ရွေးချယ်နိုင်ရန် ညှိနှိုင်းဆောင်ရွက်ခြင်းသာဖြစ်သည်ကို သိရှိနားလည်သဘောပေါက်ရန် လိုအပ်ကြောင်း ဗိုလ်မှူးရဲထွန်းက ဆွေးနွေးခဲ့သည်။

“အခြေခံဥပဒေကို ပြင်ဆင်မယ်ဆိုရင် ပြင်ဆင်ရမယ့် နည်းလမ်းတွေ၊ ထည့်သွင်းစဉ်းစားရမယ့် သုံးသပ်ရမယ့်အချက်တွေကို လိုက်နာကြရမှာဖြစ်ပါတယ်။ အခြေခံဥပဒေတစ်ရပ်ကို Institutional Sturcture of Government သက်သက်ကိုသာ ပြင်ဆင်လို့ မရပါဘူး။ Balance of Power ကိုလည်း ထည့်သွင်းရေးဆွဲကြရမှာ ဖြစ်ပါတယ်။ ဒါမှလည်း မြန်မာနိုင်ငံမှာ နှစ်ကာလကြာဖြစ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းမျာကို ဖြေရှင်းနိုင်ပါလိမ့်မယ်” ဟု ဗိုလ်မှူးရဲထွန်းက ပြောကြားသည်။

ထို့ပြင် လက်ရှိတင်ပြထားသည့် ပြင်ဆင်ချက် ၁၁၄ ချက်တွင် အဓိကရည်ရွယ်ချက်အနေဖြင့် တပ်မတော်၏ အမျိုးသားနိုင်ငံရေးတွင် ပါဝင်ရပ်တည်ချက်ကိုလျှော့ချရန်၊ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရား ခိုင်မာတောင့်တင်းရေးတွင် တပ်မတော်မှ ကူညီဆောင်ရွက်ပေးမှုများကို လျော့နည်းအောင် ဖယ်ရှားလိုသည့်အချက်များ အများစုဖြစ်နေသည်ကို တွေ့ရကြောင်း ဗိုလ်မှူးရဲထွန်းက ဆွေးနွေးခဲ့သည်။

“အမျိုးသားနိုင်ငံရေးမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍ ဘာကြောင့်ပါဝင်နေရသလဲဆိုတာက ပါလီမန် ဒီမိုကရေစီခေတ်ကလို နိုင်ငံရေးအာဏာလုပွဲတွေ၊ အုပ်စုဖွဲ့မှုတွေနဲ့ နိုင်ငံအန္တရာယ် မကျရောက်စေဖို့ ကြိုတင်ကာကွယ်ခြင်းသာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ယနေ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီတည်ဆောက်ရေး ခရီးမှာ တပ်မတော်က Supporting Role ကပဲ ပါဝင်တယ်ဆိုတာ သတိချပ်စေလိုပါတယ်” ဟု ဗိုလ်မှူးရဲထွန်းက ပြောကြားသည်။

ဒီမိုကရေစီနှင့် နိုင်ငံတကာ ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့် ကိုက်စေရန် ပြဋ္ဌာန်းချက်များကို ပယ်ဖျက်ရခြင်းဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့၏ ဆွေးနွေးမှုများကို ကြားရသော်လည်း မိမိတို့နိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ နုနယ်သေးသည့်အချိန်၊ ပြည်တွင်းလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးရရှိရန် ဆွေးနွေးနေဆဲ အချိန်ကာလမျိုးတွင် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေးယန္တရား အင်အားကောင်းပြီး ခိုင်မာတောင့်တင်းစေရန်အတွက် တပ်မတော်အနေဖြင့် မိမိတို့ကျွမ်းကျင်သည့် နယ်ပယ်များတွင် တတ်စွမ်းသမျှ ပါဝင်ကူညီဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊  ဗိုလ်မှူးရဲထွန်းက ထည့်သွင်းဆွေးနွေးခဲ့သည်။

Most Read

Most Recent