အသင်းကစားသမား(၃)ဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရဟု အီတလီစီးရီးစီကလပ် အတည်ပြု

အသင်းကစားသမား(၃)ဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရဟု အီတလီစီးရီးစီကလပ် အတည်ပြု
Photos : Pianese
Photos : Pianese
Published 29 February 2020

အီတလီတတိယတန်းအဆင့်ရှိ လိဂ်ပြိုင်ပွဲမှ Tuscany ဒေသခံကလပ် US ပီယာနီဆီအသင်းကစားသမား (၃)ဦးသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည်ဟု အသင်းမှ ပြီးခဲ့သည့်သောကြာနေ့က အတည်ပြုကြေညာခဲ့သည်။

'' လက်ရှိအခိုက်အတန့်မှာ ကူးစက်ခံထားရသူ (၄)ဦးရှိပါတယ်။ ကစားသမား(၃)ဦးနဲ့ အသင်းတာဝန်ရှိသူ(၁)ဦးပါ။ ပထမဆုံးကူးစက်ခံရသူက လူငယ်ကစားသမားတစ်ဦးဖြစ်ပါတယ်။ ပြီးခဲ့တဲ့စနေနေ့က အလက်ဇန်ဒရီယာအသင်းနဲ့ ချန်ပီယံရှစ်ပွဲကစားဖို့ရှိချိန်မှာ ကိုယ်အပူချိန် အနည်းငယ်မြင့်မားနေပြီး ခေါင်းကိုယ်ဝေဒနာလည်း ခံစားခဲ့ရပါတယ်။ ဒုတိယကစားသမားက သူ့အိမ်မှာ တစ်ကိုယ်တည်းနေတဲ့သူပါ။ ဘာလက္ခဏာမှတော့ မပြပါဘူး။ တတိယကစားသမားကတော့ အနည်းငယ်ဖျားနေပါတယ်။ စတုတ္ထမြောက်တွေ့ရှိသူက အခုနံနက်ပိုင်းမှာဖြစ်ပြီး ကလပ်တာဝန်ရှိသူတစ်ဦးပါ။ ပြီးခဲ့တဲ့ညကတော့ ဖျားခဲ့ပြီး သူ့ကို လူနာတင်ကားနဲ့ ဆီနာမြို့ရှိဆေးရုံကို ပို့ဆောင်လိုက်ပါတယ်'' ဟု ဆီနာမြို့ခံကလပ်အသင်းမှ သတင်းထုတ်ပြန်ခဲ့သည်။

ကျန်ကစားသမားများ၊ အသင်းဝန်ထမ်းများနှင့် တာဝန်ရှိသူများအားလုံးကို စောင့်ကြည့်ကာလ(၁၅)ရက်ထားရှိမည်ဖြစ်ကြောင်း သိရသည်။

အီတလီသည် ဥရောပတွင် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုအမြင့်ဆုံး နိုင်ငံဖြစ်နေပြီး WHOမှ တရားဝင်ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ(၂၈)ရက်အထိ လူပေါင်း(၆၅၀)ဦး ရောဂါကူးစက်ခံထားရကာ (၁၇)ဦးသေဆုံးခဲ့သည်။

ယခုတစ်ပတ် စီးရီးအေပွဲစဉ်များအနက် နိုင်ငံမြောက်ပိုင်း၌ကစားရမည့် ဂျူဗင်တပ်စ်-အင်တာမီလန်ပွဲအပါအဝင် စီးရီးအေပွဲစဉ်(၅)ပွဲကို တံခါးပိတ်ကစားစေမည်ဖြစ်သည်။

Most Read

Most Recent