ဝူဟန်ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် မူဆယ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ပြတ်တောက်ကာ ရက်ပေါင်း ၂၀ ကျော်ကာလအတွင်း တရုတ်နိုင်ငံသို့ ဖရဲ၊ သခွား တင်ပို့မှုမှ ဒေါ်လာ သန်း ၅၀ ခန့် ဆုံးရှုံးသွားကြောင်းသိရ

ဝူဟန်ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် မူဆယ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ပြတ်တောက်ကာ ရက်ပေါင်း ၂၀ ကျော်ကာလအတွင်း တရုတ်နိုင်ငံသို့ ဖရဲ၊ သခွား တင်ပို့မှုမှ ဒေါ်လာ သန်း ၅၀ ခန့် ဆုံးရှုံးသွားကြောင်းသိရ
တညင်းကုန်းစျေးရှိ မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းရုံး၌ သတင်းစာရှင်းလင်းပွဲ ကျင်းပစဉ် (ဓာတ်ပုံ-နီလာ)
တညင်းကုန်းစျေးရှိ မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းရုံး၌ သတင်းစာရှင်းလင်းပွဲ ကျင်းပစဉ် (ဓာတ်ပုံ-နီလာ)
Published 22 February 2020
နီလာ

ဝူဟန်ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် မူဆယ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ပြတ်တောက်ခဲ့ကာ အဆိုပါဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့သည်မှ ရက်ပေါင်း ၂၀ ကျော်ကာလအတွင်း တရုတ်နိုင်ငံသို့ ဖရဲ၊ သခွား တင်ပို့မှုမှာ ဒေါ်လာသန်း ၅၀ ခန့် ဆုံးရှုံးသွားခဲ့ကြောင်း ဖေဖော်ဝါရီ ၂၂ ရက်က တညင်းကုန်းစျေးရှိ မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

“ဝူဟန်ဗိုင်းရပ်စ်ကြောင့် ၂၇ ရက်ကနေ ဒီနေ့အထိ ရက်ပေါင်း ၂၀ လောက်မှာ ဖရဲ၊ သခွားတွေဟာ အရင်တုန်းက ဝူဟန်းဗိုင်းရပ်စ် မပေါ်ခင်တုန်းက တစ်နေ့ကို ကားအစီးရေ ၇၀၀ လောက်တင်ပို့နေတဲ့ အခြေအနေကနေ ဝူဟန်ဗိုင်းရပ်စ် ပေါ်ပြီးတဲ့နောက်မှာ တစ်နေ့ကားအစီးရေ ၃၀ ၊၄၀ ပို့လိုက်၊ ၄၀၊ ၅၀ ပို့လိုက်နဲ့ပေါ့လေ။ အခုမှအစီးရေ ၁၀၀ ကျော်ပြန်ပို့တာပေါ့။ ပို့တဲ့အခါမှာလည်း စျေးကွက်က ဖရဲက 855 ဆိုရင် အဝယ်မရှိသလောက် ဖြစ်သွားတယ်။ နောက်ပြီး အစေ့မဲ့ဆိုရင်လည်း အဝယ်မရှိသလောက် ဖြစ်သွားတယ်။ ထိုင်ဝမ်အချိုသီးကတော့ ဟိုတလောက ကားခတောင်မရဘူးပေါ့လေ။ အခုကတော့ ကားခလေးရတယ်။ နည်းနည်း အကျိုးအမြတ်လေးရတယ်ပေါ့လေ။ ဖရဲအခြေအနေကတော့ မကောင်းသေးလို့ ပြောရမှာပေါ့” ဟု မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း၊ ဥက္ကဋ္ဌ ဦးနိုင်ဝင်းက ပြောကြားသည်။

သခွားမွှေးသည် ယခင်က တစ်တန်လျှင် ကျပ် ၆၅၀၀ ခန့်ရရှိခဲ့ရာမှ လက်ရှိတွင် ကျပ် ၃၅၀၀၊ ၄၀၀၀ ဝန်းကျင်ခန့်သာ စျေးရှိတော့ကြောင်း သိရသည်။ သို့သော် ယခင်စျေးနှင့် နှိုင်းယှဉ်ပါက ထက်ဝက်ခန့် ရရှိနေသေးသည့် အနေအထားဖြစ်သည်။

မူဆယ်နယ်စပ်မှ တရုတ်နိုင်ငံသို့ တစ်နေ့လျှင် ပုံမှန်အားဖြင့် ဖရဲကားအစီးရေ ၇၀၀ ခန့်တင်ပို့နိုင်ကြောင်း၊ လက်ရှိတွင် အမှန်တကယ် တင်ပို့နေရမှုမှာ ကားအစီးရေ ၃၀ ၊ ၄၀ ခန့်သာ တင်ပို့နေရသဖြင့် ဆုံးရှုံးနစ်နာမှု များစွာကြုံတွေ့နေရကြောင်း သိရသည်။

“မူဆယ် ၁၀၅ မိုင် သစ်သီးဝလံ ကုန်စည်ဒိုင်ရဲ့ တွက်ချက်မှုအရတော့ အမေရိကန် ဒေါ်လာ သန်း ၅၀ လောက် ဆုံးရှုံးသွားပြီလို့ ပြောပါတယ်။ အရင်တုန်းက ဒီကာလမှာ တချို့ရက်တွေဆိုရင် အစီး ၁၀၀၀ လောက် ရောက်ရင်တောင် ကုန်တဲ့ကာလ၊ အခုကျတော့ အစီးလေး ၁၀၀ ကျော်ရောက်တာတောင်မှ ဖရဲက ကားခနဲ့ ဂျပ်ဖာဖိုးပဲရသေးတယ်။ သခွားမွှေးက မဆိုးသေးဘူး၊ အခြေအနေက အကောင်းကြီးတော့ မဟုတ်သေးဘူး။ သခွားမွှေးလည်း အဝင်နည်းသေးလို့၊ အဝင်များရင် စျေးကွက်က ကျသွားနိုင်တယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ဖရဲသီး-သခွားမွှေး ထုတ်လုပ်တင်ပို့ ရောင်းချသူတောင်သူများ နစ်နာဆုံးရှုံးမှု မဖြစ်စေရေးအတွက် တရုတ်ဘက်မှ အဆိုပါရောဂါကို ထိန်းချုပ်နိုင်ပြီး အခြေအနေ တည်ငြိမ်သည်အထိ စောင့်ဆိုင်းပြီးမှသာ တင်ပို့ကြရန် နှိုးဆော်ထားသည်။

“အဓိကက တောင်သူတွေအနေနဲ့ တက်လာမယ်ဆိုရင် မူဆယ်က သတင်းတွေ သေချာမေးစေချင်တယ်။ စျေးကောင်းလား၊ မကောင်းဘူးလား၊ တကယ်ရော အရောင်းအဝယ်ရှိလား၊ တကယ်အရောင်းအဝယ် ရှိတယ်ဆိုရင် တက်ခဲ့၊ အရောင်းမဝယ်မရှိဘူးဆိုရင် မတက်ခဲ့နဲ့၊ ဘာလို့လဲဆိုရင် မူဆယ်ကို တက်လာပြီဆိုရင် ကားခရှိပြီ၊ အလုပ်သမားခရှိပြီ။ အဲဒါတင် သိန်း ၂၀ ကျော်၊ သိန်း ၃၀ လောက် အလကားနေရင်း ထပ်ရှုံးမယ်။ ကိုယ့်ခြံထဲမှာပဲထားရင် စရိတ်စကပဲရှုံးမှာ။ တစ်ရှုံးကနေ နှစ်ရှုံးမဖြစ်အောင်ပေါ့” ဟု ခွာညိုသစ်သီးပွဲရုံမှ ဒါရိုက်တာ ကိုစိုင်းမင်းသူနိုင်က ပြောကြားသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တစ်နှစ်လျှင် ဖရဲတန်ချိန် ရှစ်သိန်းကျော်တင်ပို့ပြီး သခွားမွှေးတန်ချိန် တစ်သိန်းခွဲခန့် တင်ပို့လေ့ရှိကြောင်း၊ လက်ရှိအချိန်တွင် ဖရဲတန်ချိန် သုံးသိန်းကျော်တင်ပို့ထားပြီး သခွားတန်ချိန် ၄၀၀၀၀ ကျော်သာ တင်ပို့ရသေးသဖြင့် များစွာကျန်ရှိနေသေးကြောင်း သိရသည်။

Most Read

Most Recent