မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက အသင်းကွင်းလယ်လူ တွမ်မီးနေးအနေဖြင့် ဝက်ဖို့ဒ်အသင်းနှင့် ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပါဝင်လာဖွယ်ရှိနေကြောင်း ပြောကြားခဲ့သည်။
မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက အသင်းကွင်းလယ်လူ တွမ်မီးနေးအနေဖြင့် ဝက်ဖို့ဒ်အသင်းနှင့် ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပါဝင်လာဖွယ်ရှိနေကြောင်း ပြောကြားခဲ့သည်။
အသက် (၂၃)နှစ်အရွယ်ရှိ တွမ်မီနေးသည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ (၁၆)ရက်တွင် ကစားခဲ့သည့် နယူးကာဆယ်အသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဒူးဒဏ်ရာရရှိခဲ့ပြီး အသင်း၏ ပြိုင်ပွဲစုံ ပွဲစဉ် (၁၃)ပွဲကို လွဲချော်ခဲ့သည်။
ဆိုးလ်ရှားက အခုအခါ တွမ်မီနေးမှာ ဒဏ်ရာပြန်လာပြီဖြစ်ပြီး ဝက်ဖို့ဒ်အသင်းနှင့် ကစားမည့် မန်ယူအသင်း၏လူစာရင်းတွင် ပါဝင်လာဖွယ်ရှိနေကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆိုးလ်ရှားက "တွမ်မီနေး ဒဏ်ရာက ပြန်ကောင်းနေပါပြီ။ သူ့အနေနဲ့ ဒဏ်ရာကနေ အလျင်အမြန်သက်သာလာတဲ့အတွက် ကျွန်တော်ကတော့ မအံ့သြမိပါဘူး။ တွမ်မီနေးက ကွင်းလယ်မှာ မာတစ်နဲ့ရော၊ ဖရက်ဒ်နဲ့ပါ အကောင်းဆုံးတွဲဖက် ကစားနိုင်သူပါ။သူ့အနေနဲ့ ဝက်ဖို့ဒ်နဲ့ ကစားမယ့် အသင်းရဲ့လူစာရင်းမှာ ပါဝင်လာဖွယ်ရှိနေပါတယ်"ဟု ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၂၇)အဖြစ် ဖေဖော်ဝါရီ (၂၃)ရက်တွင် ဝက်ဖို့ဒ်အသင်းကို အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်၌ လက်ခံကစားရမည်ဖြစ်သည်။
တွမ်မီနေးသည် မန်ယူအသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံ (၂၁)ပွဲတွင် (၃)ဂိုး သွင်းယူထားသည်။















