အနာဂတ်နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွင် သမ္မတကို စစ်သေနာပတိချုပ်အဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပြဋ္ဌာန်းသင့်သည့် အချက်တစ်ခုအနေဖြင့် ထည့်သွင်းစဉ်းစားရန် MIPS ၏ သုတေသနစာတမ်း၌ ဖော်ပြ

အနာဂတ်နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွင် သမ္မတကို စစ်သေနာပတိချုပ်အဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပြဋ္ဌာန်းသင့်သည့် အချက်တစ်ခုအနေဖြင့် ထည့်သွင်းစဉ်းစားရန် MIPS ၏ သုတေသနစာတမ်း၌ ဖော်ပြ
နိုဗိုတယ်ဟိုတယ်တွင် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) ၏ သုတေသနစာတမ်း မိတ်ဆက်ပွဲအခမ်းအနား ပြုလုပ်စဉ်
နိုဗိုတယ်ဟိုတယ်တွင် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) ၏ သုတေသနစာတမ်း မိတ်ဆက်ပွဲအခမ်းအနား ပြုလုပ်စဉ်
Published 19 February 2020
မင်းနိုင်စိုး

မြန်မာနိုင်ငံ၏ အနာဂတ်နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများတွင် သမ္မတကို စစ်သေနာပတိချုပ်အဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပြဋ္ဌာန်းသင့်သည့် အချက်တစ်ခုအနေဖြင့် ထည့်သွင်းစဉ်းစားရန် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) ၏ သုတေသနစာတမ်းတွင် ဖော်ပြခဲ့သည်။

“ဖက်ဒရယ် ငါးနိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ အခြေခံဥပဒေနှင့် ပြဋ္ဌာန်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့် လုပ်ပိုင်ခွင့်နှင့် အာဏာများကို နှိုင်းယှဉ်သုံးသပ်ခြင်းနှင့် ထည့်သွင်းစဉ်းစားစရာများ” ဟူသော သုတေသနစာတမ်းကို MIPS က ဖေဖော်ဝါရီ ၁၅ ရက်တွင် ရန်ကုန်မြို့ ပြည်လမ်းပေါ်ရှိ နိုဗိုတယ်ဟိုတယ်တွင် မိတ်ဆက်ဖြန့်ဝေခဲ့ပြီး အဆိုပါသုတေသနစာတမ်းတွင် ထိုသို့ဖော်ပြထားခြင်းဖြစ်သည်။

MIPS က ရွေးချယ်ဖော်ပြခဲ့သည့် ဖက်ဒရယ်နိုင်ငံ ငါးခုတွင် အမေရိကန်၊ တောင်အာဖရိကနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ နီပေါနိုင်ငံနှင့် ဆွစ်ဇာလန်နိုင်ငံတို့ဖြစ်ပြီး အခြေခံအားဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော နိုင်ငံများတွင် နိုင်ငံတော်အစိုးရအဖွဲ့၏ အထွတ်အထိပ်ဖြစ်သူကသာ စစ်သေနာပတိချုပ်ဖြစ်သဖြင့် မြန်မာနိုင်ငံ၏ အနာဂတ်နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများတွင် သမ္မတကို စစ်သေနာပတိချုပ်အဖြစ် ဥပဒေတွင်ပြဋ္ဌာန်းရန် စဉ်းစားသင့်သည့် အချက်တစ်ခုအဖြစ် MIPS က ဖော်ပြခဲ့ခြင်းဖြစ်သည်။

“ ကျွန်တော်တို့ ဒီနိုင်ငံတွေကို လေ့လာတဲ့အခါမှာတော့ အရပ်သားထိန်းချုပ်မှုအောက်မှာ တပ်မတော်ရှိတယ်ဆိုတဲ့ သဘောတရားက အရပ်သားတွေက အကုန်လုံး လုပ်ချင်တာလုပ်မယ်ဆိုတဲ့ သဘောတရားတော့ မဟုတ်ဘူး။ အထူးသဖြင့် တပ်မတော်နဲ့ပတ်သက်တဲ့ မူဝါဒချမှတ်တဲ့ကိစ္စတွေ အကုန်လုံးလိုလိုမှာ တပ်မတော်ရဲ့ ခေါင်းဆောင်နဲ့ ညှိနှိုင်းဆွေးနွေးတိုင်ပင်ပြီးတော့မှ ဆုံးဖြတ်ချက်ချကြတာ ကျွန်တော်တို့ တွေ့ရတယ်။ အဲဒီတော့ ဒီအရပ်သား ထိန်းချုပ်မှုအောက်မှာ တပ်မတော်ရှိရေးဆိုတာကို တစ်ကြောင်းထိုး ပုံစံနဲ့တော့ ကျွန်တော်တို့ စဉ်းစားလို့ မရဘူး” ဟု MIPS ၏ အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ပြောကြားသည်။

အရပ်သားထိန်းချုပ်မှုအောက်တွင် တပ်မတော်ရောက်ရှိသွားပါက တပ်မတော်၏ လုံခြုံရေးဆိုင်ရာ အထူးသဖြင့် အမျိုးသားလုံခြုံရေးဆိုင်ရာ စဉ်းစားချက်များကို အရပ်သားများက စဉ်းစားနိုင်ပါမည်လော၊ အရပ်သားများ၏ ခိုင်းစေမှုကို တပ်မတော်က လုပ်ရမည်လောဟူသော အချက်များနှင့်ပတ်သက်၍ တပ်မတော်တွင် စိုးရိမ်ချက်ရှိကြောင်း ဒေါက်တာမင်းဇော်ဦးက ပြောကြားသည်။

တပ်မတော်အနေဖြင့် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရာတွင် အရပ်သား ထိန်းချုပ်မှုအောက်တွင် တပ်မတော်ရှိရေးဟူသော အချက်နှင့်ပတ်သက်၍ တပ်မတော်တွင် များစွာစိုးရိမ်စရာမရှိဟု ယေဘုယျအားဖြင့် သုံးသပ်ရကြောင်း၊ ယင်းအချက်သည် အရပ်ဘက်- စစ်ဘက် ဆက်ဆံရေးကို မည်မျှချောမွေ့ပြေပြစ်အောင် လုပ်ဆောင်နိုင်သည်ဟူသော အချက်ကသာ အဓိကဖြစ်ကြောင်း ဒေါက်တာမင်းဇော်ဦးက ပြောကြားသည်။

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် စစ်သေနာပတိချုပ် ခန့်အပ်ရေးနှင့်ပတ်သက်၍ မပါရှိသည့်အတွက် အခြေခံဥပဒေကို ပြင်ဆင်ရမည်ဖြစ်ကြောင်း၊ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့များအားလုံး၏ အကြီးအကဲဖြစ်သည်ဟုသာ ပါရှိကြောင်း ယခုစာတမ်း၏ သုတေသနဒါရိုက်တာဖြစ်သူ ဖွဲ့စည်းပုံအခြေခံဥပဒေပညာရှင် ဒေါက်တာဆလိုင်းငွန်ကျုံးလျန်က ပြောကြားသည်။

“ သမ္မတကို စစ်သေနာပတိချုပ် ခန့်လိုက်တော့ ဒီတပ်တွေကိုပါ သူကလိုက်ပြီးတော့ ထိန်းကွပ်အုပ်ချုပ်ရမယ်ဆိုတဲ့ အယူအဆကို ကျွန်တော်က လက်မခံဘူး။ တပ်ကို ထိန်းတာက တပ်ကလူပဲ ထိန်းမှာ။ သမ္မတက စစ်သေနာပတိချုပ်ဖြစ်ရင်တောင်မှ သူက ပေါ်လစီပဲ ချပေးရမှာ။ မဟုတ်ဘူးလား။ တပ်နဲ့ပတ်သက်တယ် ဒီဟာက။ အဲဒီဟာမျိုးကို ကျွန်တော်တို့က နည်းနည်းချဲ့ပြီးတော့ စဉ်းစားဖို့လိုတယ်” ဟု ဒေါက်တာဆလိုင်းငွန်ကျုံးလျန်က ပြောကြားသည်။

သမ္မတသည် စစ်သေနာပတိချုပ်ဖြစ်သော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်ကို နိစ္စဓူဝ ကိုင်တွယ်နေကြောင်း၊ ထို့ကြောင့် စစ်သေနာပတိချုပ်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အကြားတွင် မူဝါဒပိုင်းနှင့်ပတ်သက်၍သာ ဆွေးနွေးရန်ရှိကြောင်း၊ ဥပမာအားဖြင့် အမေရိကန်နိုင်ငံတွင် တပ်မတော်အငြိမ်းစား ဗိုလ်ချုပ်ကြီးတစ်ယောက်သည် အရပ်သားသက်တမ်း ခုနစ်နှစ်မပြည့်ပါက ကာကွယ်ရေးဝန်ကြီး၊ ကာကွယ်ရေးဒုဝန်ကြီးနှင့် အတွင်းရေးမှူး ရာထူးများရယူ၍မရကြောင်း၊ ထို့ကြောင့် အဆိုပါအခြေအနေမျိုးအထိ ထည့်သွင်းစဉ်းစားနိုင်ရန် ယခု သုတေသနစာတမ်းက လမ်းဖွင့်ပေးခြင်းဖြစ်ကြောင်း ဒေါက်တာဆလိုင်းငွန်ကျုံးလျန်က ရှင်းပြသည်။

 

 

Most Read

Most Recent