နိုင်လွတ်လုံဥပဒေပါ ပြစ်မှုများကို အာမခံပေးနိုင်သော ပြစ်မှုများအဖြစ် သတ်မှတ်ရန်အချက် ထည့်သွင်းထားသော နိုင်လွတ်လုံဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း ပြည်သူ့လွှတ်တော်၌ တင်သွင်း

နိုင်လွတ်လုံဥပဒေပါ ပြစ်မှုများကို အာမခံပေးနိုင်သော ပြစ်မှုများအဖြစ် သတ်မှတ်ရန်အချက် ထည့်သွင်းထားသော နိုင်လွတ်လုံဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း ပြည်သူ့လွှတ်တော်၌ တင်သွင်း
Published 18 February 2020
အောင်မင်းသိန်း၊ ပြည့်ဖြိုးအောင်

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေပါ ပြစ်မှုများကို အာမခံပေးနိုင်သော ပြစ်မှုများအဖြစ် သတ်မှတ်ရန်အချက် ထည့်သွင်းထားသော နိုင်လွတ်လုံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား  ဖေဖော်ဝါရီ ၁၈ ရက် ပြုလုပ်သည့်  ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီက တင်သွင်းခဲ့သည်။

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ဥပဒေပြဋ္ဌာန်းချက် သုံးခုကို အဓိက ပြင်ဆင်ရန် အဆိုပြုထားသည်။

ကော်မတီ၏ အဆိုပြုပြဋ္ဌာန်းချက်တွင် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၁၃ ၏နောက်တွင် ပုဒ်မ ၁၄ နှင့် ပုဒ်မ ၁၅ တို့ကို ဖြည့်စွက်ရန် ပါဝင်ပြီး ပုဒ်မ ၁၄ (က) ၌ ဤဥပဒေပါ ပြစ်မှုတစ်ခုခုဖြင့် တရားစွဲဆိုရာတွင် သက်ဆိုင်ရာဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုချက်ကို ရယူရမည်၊ ပုဒ်မ ၁၄ (ခ) တွင် ဤဥပဒေပါ ပြစ်မှုများကို အာမခံပေးနိုင်သော ပြစ်မှုများအဖြစ် သတ်မှတ်သည် ဆိုသည့် အချက်များလည်း ပါဝင်လာသည်။

ထို့ပြင် ပုဒ်မ ၁၅ တွင် ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနသည် (က) လိုအပ်သော နည်းဥပဒေများနှင့် စည်းမျဉ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်၊ (ခ) လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည် ဆိုသော အချက်များလည်း အဆိုပြု ပြဋ္ဌာန်းချက်တွင် ထည့်သွင်းထားသည်။

 နိုင်လွတ်လုံ ဥပဒေတွင် ပါဝင်သည် ပုဒ်မ ၁၀ ကို အဓိက ပြင်ဆင်ခြင်းဖြစ်ပြီး ယင်းပုဒ်မတွင် ပါဝင်သည့် ပြဋ္ဌာန်းချက်သည် နိုင်လွတ်လုံဥပဒေဖြင့် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်က အခြားတစ်ယောက်အား လာရောက်တိုင်ကြားပါက ရဲစခန်းမှူးသည် အမှုမဖွင့်ပေး၍မရဘဲ ဖွင့်ပေးရကြောင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီဥက္ကဋ္ဌ၊ ဝေါမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေးက လွှတ်တော်အစည်းအဝေး အပြီးတွင် မီဒီယာများကို ပြောကြားသည်။

“ဘာလို့ မဖွင့်လို့မရဘူးလဲ ဆိုတော့ ပုဒ်မ ၁၁ အရ သူ မဖွင့်လို့ရှိရင် သူ့ကိုဟိုက ပြန်တိုင်လို့ရှိရင် သူကလည်း ထောင်ကျမယ်။ ထောင်ကျမယ်ဆိုတော့ သူက ဖွင့်လိုက်ရတယ်။  ဖွင့်ရတဲ့နေရာမှာ ထောင်ဒဏ် အနည်းဆုံး ခြောက်လကနေ အများဆုံး သုံးနှစ် လုပ်ထားတဲ့အခါကျတော့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ အာမခံပေးလို့မရတဲ့ ပုဒ်မ ဖြစ်နေတယ်။ အဲဒီတော့ အာမခံပေးလို့ မရတော့ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ လာတိုင်လို့ရှိရင် ချက်ချင်းတရားခံကို ချုပ်လိုက်ရတယ်”ဟု ဦးတင်ထွေးက ပြောကြားသည်။

ထိုသို့ ချုပ်နှောင်ထားပြီး စုံစမ်းသည့်အခါ စွပ်စွဲခံရသူသည် အချုပ်ထဲတွင် အနည်းဆုံး တစ်လခန့်နေရပြီး ဥပဒေအကြံပေး တောင်းချိန်တွင် မရသည့်အတွက် ချုပ်နှောင်ခံရသူအတွက် တစ်လသည် အစားပြန်မရနိုင်တော့သဖြင့် ပြင်ဆင်သင့်ကြောင်း ၎င်းက ပြောကြားသည်။

“နောက်တစ်ခုကလည်းပဲ  ဒီဥပဒေကို ပြဋ္ဌာန်းထားတဲ့ ရည်ရွယ်ချက်က ပုဂ္ဂိုလ်တစ်ယောက်ကို နိုင်ငံသားများရဲ့ မူလအခွင့်အရေးအရ ကြည့်မယ်ဆိုလို့ရှိရင် မထိခိုက်အောင် ပြဋ္ဌာန်းထားတာ။ ဒါပေမဲ့လို့ အခုက ပုဂ္ဂိုလ်တစ်ဦးနဲ့ တစ်ဦးက မသင့်မြတ်တဲ့ ကိစ္စလေးပေါ်မှာ တိုင်ကြတဲ့အခါကျတော့ လူပုဂ္ဂိုလ် ကာကွယ်တဲ့ ဥပဒေလို့ မဟုတ်တော့ဘဲနဲ့ ညစ်ပတ်တဲ့ ဥပဒေကြီးလို ဖြစ်လာလို့ ပြန်ပြင်ဖို့ ဥပဒေကြမ်းကို အဆိုတင်တာပါ” ဟု  ပြောကြားသည်။

နိုင်လွတ်လုံ ဥပဒေကို ၂၀၁၇ ခုနှစ် မတ် ၈ ရက်က စတင်ပြဋ္ဌာန်းခဲ့ခြင်းပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ ပြောဆိုမှုအရ ပြဋ္ဌာန်းချိန်မှစ၍ လက်ရှိကာလအထိ ယင်းဥပဒေဖြင့် အရေးယူခံရသည့် ဖြစ်စဉ် ၇၀ ခန့်ရှိပြီ ဖြစ်သည်ဟု သိရကြောင်း ဦးတင်ထွေးက ပြောကြားသည်။

“နှစ်နှစ်ကျော်အတွင်းမှာ အခြေအနေတွေက အရမ်းဆိုးလာတဲ့ အခါကျတော့ အန်ကယ်တို့ ကော်မတီအနေနဲ့ တရားစီရင်ရေးရာကော်မတီအနေနဲ့ ဒါကို ပြင်သင့်တယ်။ မပြင်လို့ရှိရင် ပြည်သူတွေအတွက်ပါ ခုနကပြောသလို ညစ်ပတ်တဲ့ ပုဒ်မကြီး ဖြစ်တဲ့ဟာမျိုး ဖြစ်သွားနိုင်တယ်ဆိုပြီးတော့ ပြင်တာပါ။ အဓိက ကတော့ နိုင်ငံသားအခွင့်အရေး ရရှိရေးအတွက် ဆောင်ရွက်ပေးတာကြီးက အဲဒါနဲ့ ပြောင်းပြန်ဖြစ်သွားတဲ့ အတွက်ကြောင့် အန်ကယ်တို့က ပြင်လိုက်တာပါ” ဟု ဦးတင်ထွေးက ပြောကြားသည်။

နိုင်လွတ်လုံ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်ပတ်သက်၍ ဥပဒေကြမ်းကော်မတီမှ အစီရင်ခံစာ ဖတ်ကြားမှုလည်း ပြုလုပ်ခဲ့ပြီး ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက ပြင်ဆင်လိုသည့် ဥပဒေကြမ်း၏ အပိုဒ်၊ အပိုဒ်ခွဲ အကြောင်းအရာကို တိတိကျကျဖော်ပြ၍ ဖေဖော်ဝါရီ ၂၀ ရက် နောက်ဆုံးထား၍  ပြည်သူ့လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းရမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အသိပေးကြေညာခဲ့သည်။

Most Read

Most Recent