မြန်မာ့ကမ်းလွန်လုပ်ကွက် A-3 တွင် တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ ၃၈ သန်း ထွက်ရှိမည့် ရေနံဓာတ်ငွေသိုက်အသစ် “မဟာ” ကို တွေ့ရှိခဲ့ကြောင်း Posco International ထုတ်ပြန်ကြေညာ

မြန်မာ့ကမ်းလွန်လုပ်ကွက် A-3 တွင် တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ ၃၈ သန်း ထွက်ရှိမည့် ရေနံဓာတ်ငွေသိုက်အသစ် “မဟာ” ကို တွေ့ရှိခဲ့ကြောင်း Posco International ထုတ်ပြန်ကြေညာ
Photo: Posco International
Photo: Posco International
Published 17 February 2020
စည်သူအောင်

မြန်မာ့ကမ်းလွန်လုပ်ကွက် A-3 တွင် တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ ၃၈ သန်း ထွက်ရှိမည့် ရေနံဓာတ်ငွေသိုက်အသစ် “မဟာ” ကို တွေ့ရှိခဲ့ကြောင်း Posco International က ထုတ်ပြန်ကြေညာသည်။

တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံး ကုမ္ပဏီများထဲမှ တစ်ခုဖြစ်သော Posco သည် မြန်မာနိုင်ငံအတွင်း တူးဖော်ထုတ်လုပ်နေသည့် သဘာဝဓာတ်ငွေ့လုပ်ကွက် အနီးဝန်းကျင်တွင် နောက်ထပ် ဓာတ်ငွေ့သိုက်အသစ်  “မဟာ” ကို ထပ်မံတွေ့ရှိကြောင်း ဖေဖော်ဝါရီ ၁၇ ရက်တွင် အသိပေးကြေညာခဲ့ခြင်း ဖြစ်သည်။

ထုတ်လုပ်မှု စမ်းသပ်ချက်အရ မဟာဓာတ်ငွေ့သိုက်တွင် တစ်ရက်လျှင် ကုဗပေ ၃၈ သန်းထွက်ရှိပြီး သဲကြော အသားတင်အထူမှာ ၁၂ မီတာရှိသည်။ လာမည့် ၂၀၂၁ ခုနှစ်တွင် နောက်ထပ်အကဲဖြတ်တွင်း နှစ်တွင်း တူးဖော်ရန် လျာထားပြီး ၂၀၂၀ ပြည့်နှစ်အတွင်း A-3 လုပ်ကွက်အတွင်း ရှာဖွေရေးတွင်း ရန်အောင်မြင်- ၁ ကို ထပ်မံတူးဖော်မည် ဖြစ်သည်။

မြန်မာ့ကမ်းလွန်လုပ်ကွက် A-3 တွင် မြဓာတ်ငွေ့သိုက်မှ ထုတ်လုပ်နေပြီး ယခု မြဓာတ်ငွေ့သိုက်၏ အနောက်တောင်ဘက် ရေနက်ပိုင်းတွင် ဓာတ်ငွေ့သိုက်အသစ် ထပ်မံတွေ့ရှိခြင်း ဖြစ်သည်။ လုပ်ကွက် A-3 လုပ်ငန်းများတွင် Posco၊ MOGE၊ ONGC၊ GAIL၊ KOGAS တို့ ပူးပေါင်းပါဝင်ထားကြောင်း သိရသည်။

ယခုဓာတ်ငွေ့သိုက် တွေ့ရှိခြင်းသည် မြန်မာနိုင်ငံ၏ အနောက်ဘက် ပင်လယ်ပြင်အတွင်း အောင်မြင်မှုအသစ်အဖြစ် ထပ်မံတွေ့ရှိခြင်း ဖြစ်သည်။ ယင်းဓာတ်ငွေ့သိုက်ကို ဆက်လက်တူးဖော် လေ့လာကာ စီးပွားဖြစ် ထုတ်လုပ်နိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဓာတ်ငွေ့သိုက်အသစ် မဟာကို ဖေဖော်ဝါရီ ၁၇ ရက်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးနှင့်အဖွဲ့ သွားရောက် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မဟာဓာတ်ငွေ့သိုက်အသစ်သည် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ ကီလိုမီတာ ၃၀ အကွာတွင် တည်ရှိပြီး သဘာဝဓာတ်ငွေ့ စမ်းသပ်ထုတ်လုပ်ရာတွင် ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ် လျှော့ချနိုင်မည်ဖြစ်ပြီး တည်ဆောက်ရေးကာလ တိုတောင်းနိုင်သည့် အားသာချက်များ ရှိနေသည်။

မြန်မာနိုင်ငံသည် Posco ၏ စီးပွားရေး အချက်အချာနေရာ တစ်ခုဖြစ်ပြီး လက်ရှိ သဘာဝဓာတ်ငွေ့ လုပ်ကွက်နှစ်ခု ဖြစ်သော ရွှေ (A-1) နှင့် မြ (A-3) လုပ်ငန်း လည်ပတ်လျက် ရှိသည်။ ယင်းလုပ်ကွက်များမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံ နှင့် မြန်မာနိုင်ငံတို့ကို တင်ပို့ရောင်းချလျက် ရှိသည်။ Posco သည် ၂၀၁၉ ခုနှစ်အတွင်း လုပ်ငန်းစုအမြတ်ငွေ ဝမ် ၆၅၀ ဒသမ ၃ ဘီလျံ (ဒေါ်လာ ၅၄၉ ဒသမ ၈၄ သန်း) ရရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent