၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၇၁ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားသော်လည်း အောက်တိုဘာမှ ဒီဇင်ဘာအထိ ခန့်မှန်းနှုန်းထက် နှစ်ရာခိုင်နှုန်းကျော်မြင့်တက်

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၇၁ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားသော်လည်း အောက်တိုဘာမှ ဒီဇင်ဘာအထိ ခန့်မှန်းနှုန်းထက် နှစ်ရာခိုင်နှုန်းကျော်မြင့်တက်
ရန်ကုန်မြို့ရှိ စူပါမားကက်တစ်ခုတွင် ရောင်းချနေသော စားသောက်ကုန်များကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ စူပါမားကက်တစ်ခုတွင် ရောင်းချနေသော စားသောက်ကုန်များကို တွေ့ရစဉ်
Published 16 February 2020
စည်သူအောင်



၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၇၁ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားသော်လည်း အောက်တိုဘာမှ ဒီဇင်ဘာအထိ ခန့်မှန်းနှုန်းထက် နှစ်ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ထုတ်ပြန်သော စာရင်းများအရ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၆၅ ရာခိုင်နှုန်းနှင့် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၇၁ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာတွင် ၈ ဒသမ ၆၀ ရာခိုင်နှုန်း၊ နိုဝင်ဘာတွင် ၈ ဒသမ ၅၉ ရာခိုင်နှုန်း၊ ဒီဇင်ဘာတွင် ၈ ဒသမ ၈၁ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် တစ်နှစ်အတွင်း ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၈ ဒသမ ၈၁ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာရှိ ငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၅၉ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ငွေကြေးဖောင်းပွမှုနှုန်း အနည်းငယ် ပြန်လည်မြင့်တက်လာခြင်းဖြစ်ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။

၂၀၁၈ ခုနှစ် ဧပြီမှစ၍ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ ငွေကြေးဖောင်းပွမှုနှုန်း ၁၈ လ ဆက်တိုက် မြင့်တက်ခဲ့ပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာနှင့်  နိုဝင်ဘာ၌ အနည်းငယ် ပြန်ကျကာ ဒီဇင်ဘာတွင် ပြန်လည်မြင့်တက်လာခြင်း ဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှု နှုန်း ၄ ဒသမ ၈၁ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားသော်လည်း ဘဏ္ဍာနှစ် အစပိုင်းလများဖြစ်သော အောက်တိုဘာတွင် ၆ ဒသမ ၃၄ ရာခိုင်နှုန်း၊ နိုဝင်ဘာတွင် ၆ ဒသမ ၆၆ ရာခိုင်နှုန်း၊ ဒီဇင်ဘာတွင် ၆ ဒသမ ၈၆ ရာခိုင်နှုန်း၊ ဇန်နဝါရီတွင် ၆ ဒသမ ၉၄ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီတွင် ၇ ဒသမ ၀၇ ရာခိုင်နှုန်း၊ မတ်၌ ၇ ဒသမ ၂၈ ရာခိုင်နှုန်း၊ ဧပြီတွင် ၇ ဒသမ ၅၁ ရာခိုင်နှုန်း၊ မေတွင် ၇ ဒသမ ၈၂ ရာခိုင် နှုန်း၊ ဇွန်တွင် ၈ ဒသမ ၀၈ ရာခိုင်နှုန်း၊ ဇူလိုင်တွင် ၈ ဒသမ ၃၅ ရာခိုင်နှုန်း၊ သြဂုတ်တွင် ၈ ဒသမ ၅၃ ရာခိုင်နှုန်း၊ စက်တင်ဘာတွင် ၈ ဒသမ ၆၁ ရာခိုင်နှုန်းအထိ ရှိနေကာ ၂၀၁၈ ခုနှစ် ဧပြီမှ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ ၁၈ လဆက်တိုက် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်ခဲ့သည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂  ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူစျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာအထိ တစ်နှစ်ပျမ်းမျှ ၈ ဒသမ ၈၁ ရာခိုင်နှုန်းရှိပြီး နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation) မှာ ၉ ဒသမ ၄၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း မကွေးတိုင်းဒေသကြီး၌ ၁၂ ဒသမ ၂၃ ရာခိုင်နှုန်းဖြင့် ပျမ်းမျှငွေ ကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးဖြစ်ပေါ်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၁ ဒသမ ၉၈ ရာခိုင်နှုန်းဖြင့် ဒုတိယအမြင့်ဆုံးဖြစ်ကာ ဧရာဝတီတိုင်းဒေသကြီးတွင် ၁၁ ဒသမ ၀၃ ရာခိုင်နှုန်းဖြင့် တတိယအမြင့်ဆုံးဖြစ်ခဲ့ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းမှာ မန္တလေး မြို့၌ ၁၅ ဒသမ ၃၈ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှုအများဆုံး ဖြစ်ပေါ်ခဲ့ပြီး ရခိုင်ပြည်နယ်တွင် ၃ ဒသမ ၁၆ ရာခိုင်နှုန်းဖြင့်   ပြောင်းလဲမှု ရာခိုင်နှုန်း အနည်းဆုံးဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။

တစ်နိုင်ငံလုံးအတွက် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲတွက်ချက်တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာတွင်  ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာအိမ်ထောင်စု ၃၂၆၆၉ စုကို စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။

ယခင်က ၂၀၀၆ ခုနှစ်ကိုအခြေခံ၍ ငွေကြေးဖောင်းပွမှုနှုန်းကို တွက်ချက်ခဲ့သော်လည်း ယခုအခါ ၂၀၁၂ ခုနှစ်စစ်တမ်းအပေါ် အခြေခံ၍ အခြေခံနှစ် (Base Year)  ကို ပြောင်းလဲတွက်ချက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူစျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာအထိ တစ်နှစ်ပျမ်းမျှ ၈ ဒသမ ၈၁ ရာခိုင်နှုန်းရှိပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာအထိ တစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၅၉ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက သုညဒသမ ၂၂ ရာခိုင်နှုန်းမြင့်တက်လာကြောင်း သိရသည်။

၂၀၁၈ ခုနှစ် မေမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာအထိ ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းကို လေ့လာပါက ၂၀၁၈ ခုနှစ် မေ၌ ၄ ဒသမ ၂၉ ရာ ခိုင်နှုန်းရှိခဲ့ရာမှ တဖြည်းဖြည်းမြင့်တက်လာရာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ၈ ဒသမ ၆၁ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံး ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent