ကမ္ဘာတစ်ဝန်း ရုပ်ကြွင်းလောင်စာများကြောင့် ဖြစ်ပွားသော လေထုညစ်ညမ်းမှုများကြောင့် တစ်နေ့လျှင် ဒေါ်လာရှစ်ဘီလျံ သို့မဟုတ် ကမ္ဘာ့စီးပွားရေး ထုတ်လုပ်မှု၏ အကြမ်းဖျင်း သုံးရာခိုင်နှုန်းအထိ ဆုံးရှုံးနေခဲ့ကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုတေသနအဖွဲ့ တစ်ဖွဲ့က ဖေဖော်ဝါရီ ၁၃ တွင် ထုတ်ပြန်ခဲ့သည်။ လေထုညစ်ညမ်းမှု အထူးသဖြင့် ရေနံ၊ ဓာတ်ငွေ့နှင် ့ကျောက်မီးသွေး လောင်ကျွမ်းမှုများကြောင့် ကမ္ဘာတစ်ဝန်း ဆုံးရှုံးမှုများအား စွမ်းအင်နှင့် သန့်စင်သောလေဆိုင်ရာ သုတေသနစင်တာ (CREA) နှင့် Greenpeace ၏ အရှေ့တောင်အာရှဆိုင်ရာ အဖွဲ့တို့က ပထမဆုံးအကြိမ် အစီရင်ခံစာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
တရုတ်ပြည်မကြီး၊ အမေရိကန်နှင့် အိန္ဒိယတို့သည် ရုပ်ကြွင်းလောင်စာကြောင့် နှစ်စဉ် ခန့်မှန်းခြေ ဒေါ်လာဘီလျံ ၉၀၀၊ ဒေါ်လာဘီလျံ ၆၀၀ နှင့် ဒေါ်လာဘီလျံ ၁၅၀ ခန့် အသီးသီး ဆုံးရှုံးနေခဲ့ပြီး လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာတစ်ဝန်း ဆုံးရှုံးမှု အများဆုံး ကြုံတွေ့ရသော နိုင်ငံများ ဖြစ်သည်ကို တွေ့ရှိခဲ့ရကြောင်း ထိုအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
ရုပ်ကြွင်းလောင်စာ လောင်ကျွမ်းမှုများမှ ထွက်ပေါ်လာသော အမှုန်အမွှားများကြောင့် နှစ်စဉ်အချိန်မတိုင်မီ သေဆုံးသူ အရေအတွက်သည် တရုတ်တွင် ၁.၈ သန်း နှင့် အိန္ဒိယတွင် တစ်သန်းအပါအဝင် ကမ္ဘာတစ်ဝန်း စုစုပေါင်း သေဆုံးသူ ၄.၅ သန်းရှိကြောင်းလည်း ထိုအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
ထိုပမာဏသစ်သည် ground-level လေထုညစ်ညမ်းမှုနှင့် ဆက်နွှယ်၍ အထူးသဖြင့် နှလုံးရောဂါ၊ လေသင်တုန်းဖြတ်ခြင်း၊ အဆုတ်ကင်ဆာ၊ ကလေးများတွင် ဆိုးရွားသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မှုများကြောင့် နှစ်စဉ်သေဆုံးနေရသူ ခန့်မှန်းခြေ ၄.၂ သန်း ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ထုတ်ပြန်ထားမှုနှင့် တူညီမှု ရှိနေသည်။
လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာ့စီးပွားရေးဆိုင်ရာ ဆုံးရှုံးမှုသည် ၂၀၁၈ ခုနှစ်တွင် ခန့်မှန်းခြေဒေါ်လာ ၂.၉ ထရီလျံရှိကြောင်း ထိုအစီရင်ခံစာက ဖော်ပြခဲ့သည်။
သို့သော် ယင်းသည် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ရင်းမြစ်များအား ပြောင်းလဲအသုံးပြုခြင်း၊ ဒီဇယ်နှင့် ဓာတ်ဆီသုံးကားများအား တဖြည်းဖြည်း ဖယ်ရှားခြင်းနှင့် အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်များ ထူထောင်ခြင်းတို့ဖြင့် ဖြေရှင်းနိုင်သည့် ပြဿနာဖြစ်ကြောင်း ထိုအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
စာမျက်နှာ ၄၄ မျက်နှာပါသော ထိုအစီရင်ခံစာတွင် ရုပ်ကြွင်းလောင်စာကြောင့် ကမ္ဘာကြီးအား ဝန်ထုပ်ဝန်ပိုးများ ဖြစ်ပေါ်စေသော လေထုညစ်ညမ်းမှုများကြောင့် စီးပွားရေးဆိုင်ရာ ဆုံးရှုံးမှုများနှင့် အချိန်မတိုင်မီ သေဆုံးရမှုများအား ညစ်ညမ်းမှု အမျိုးအစားနှင့် နိုင်ငံအလိုက် ခွဲခြားဖော်ပြထားသည်။
အဆုတ်ထဲအထိ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်မှု
လတ်တလောအထိ ထိခိုက်မှု အများဆုံးဖြစ်စေသော ညစ်ညမ်းစေသည့်အရာမှာ PM 2.5 ဟုခေါ်သော အလွန်အမင်း သေးငယ်သည့် အမှုန်များကြောင့်ဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ၊ အလုပ်ပျက်ကွက်သည့်ရက်များ၊ အချိန်မတိုင်မီ သေဆုံးရမှုများကြောင့် ထိခိုက်နစ်နာမှုများသည် နှစ်စဉ် ဒေါ်လာနှစ်ထရီလျံကျော် ရှိနေကြောင်း ထိုအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
ကမ္ဘာတစ်ဝန်း နှစ်စဉ်အချိန်မတိုင်မီ သေဆုံးရမှုများတွင် နိုက်ထရိုဂျင်အောက်ဆိုက် NO2 ကြောင့် သေဆုံးသူ ၅၀၀၀၀၀၊ အိုဇုန်းကြောင့် သေဆုံးသူ တစ်သန်းနှင့် PM 205 ကြောင့် သေဆုံးသူသုံးသန်း အသီးသီး ရှိကြသည်။
PM 2.5 ကြောင့် နှစ်စဉ် ကလေး ၄၀၀၀၀ ခန့်သည် ၎င်းတို့၏ ငါးနှစ်ပြည့်မွေးနေ့မတိုင်မီ သေဆုံးနေရသည်။ ထို့ပြင် PM 2.5 ကြောင့် နှစ်စဉ် လမစေ့မီ ကလေးမွေးဖွားမှု နှစ်သန်းရှိပြီး ပန်းနာဖြစ်မှုကိုလည်း နှစ်ဆမြင့်တက်စေကြောင်း သိရသည်။
PM 2.5 အမှုန်များသည် အဆုတ်ထဲထိ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်ပြီး ခန္ဓာကိုယ်တွင်း လှည့်ပတ်နေသော သွေးများထဲ ဝင်ရောက်ကာ နှလုံးရောဂါ ပြဿနာများအား ကြုံတွေ့စေသည်။ PM 2.5 သည် ကင်ဆာဖြစ်စေသော အရာတစ်ခု ဖြစ်ကြောင်း WHO က ၂၀၁၃ ခုနှစ်တွင် သတ်မှတ်ပေးခဲ့သည်။
ရုပ်ကြွင်းလောင်စာများကြောင့် ဖြစ်ပေါ်သော လေထုညစ်ညမ်းမှုများကြောင့် အချိန်မတိုင်မီ သေဆုံးမှု အလယ်အလတ် ပမာဏရှိမှုတွင် ဥရောပသမဂ္ဂ၌ သေဆုံးသူ ၃၉၈၀၀၀၊ အမေရိကန်၌ ၂၃၀၀၀၀၊ ဘင်္ဂလားဒေ့ရှ်၌ ၉၆၀၀၀ နှင့် အင်ဒိုနီးရှား၌ ၄၄၀၀၀ အသီးသီး ရှိကြသည်။
နှစ်စဉ် စီးပွားရေးအရ အကြီးမားဆုံး ဆုံးရှုံးသည့် နိုင်ငံများတွင် ဂျာမနီ၌ ဒေါ်လာဘီလျံ ၁၄၀၊ ဂျပန်၌ ဒေါ်လာဘီလျံ ၁၃၀၊ ရုရှား၌ ဒေါ်လာ ၆၈ ဘီလျံနှင့် ဗြိတိန်၌ ဒေါ်လာ ၆၆ ဘီလျံ အသီးသီးရှိကြသည်။
တစ်ကမ္ဘာလုံး အတိုင်းအတာအရ လေထုညစ်ညမ်းမှုသည် သေဆုံးမှု အားလုံး၏ ၂၉ ရာခိုင်နှုန်းကို ကိုယ်စားပြုခဲ့ပြီး ဆိုးရွားသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မှုများမှ သေဆုံးမှု ၁၇ ရာခိုင်နှုန်း၊ လေသင်တုန်းဖြတ်မှုနှင့် နှလုံးရောဂါများကြောင့် သေဆုံးမှုက လေးပုံတစ်ပုံ ရှိကြောင်း WHO က ထုတ်ပြန်ထားသည်။















