ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းကို CITIC က ရှယ်ယာရာခိုင်နှုန်း ၇၀ ၊ မြန်မာဘက်က ရာခိုင်နှုန်း ၃၀ ဖြင့် အဆင့်လိုက်ဆောင်ရွက်မည်ဖြစ်ပြီး ပထမအဆင့် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံဖြင့် စတင်အကောင်အထည်ဖော်ရန် ညှိနှိုင်းလျက်ရှိ

ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းကို CITIC က ရှယ်ယာရာခိုင်နှုန်း ၇၀ ၊ မြန်မာဘက်က ရာခိုင်နှုန်း ၃၀ ဖြင့် အဆင့်လိုက်ဆောင်ရွက်မည်ဖြစ်ပြီး ပထမအဆင့် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံဖြင့် စတင်အကောင်အထည်ဖော်ရန် ညှိနှိုင်းလျက်ရှိ
ကျောက်ဖြူဒေသရှိ ဆိပ်ကမ်းကို တွေ့ရစဉ်
ကျောက်ဖြူဒေသရှိ ဆိပ်ကမ်းကို တွေ့ရစဉ်
Published 15 February 2020
နီလာ

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို တရုတ်နိုင်ငံ CITIC Consortium မှ ရှယ်ယာရာခိုင်နှုန်း ၇၀၊ မြန်မာဘက်က ရာခိုင်နှုန်း ၃၀ ဖြင့် အဆင့်လိုက်ဆောင်ရွက်မည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံဖြင့် စတင်အကောင်အထည်ဖော်ရန် ညှိနှိုင်းလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန် ကြီးဦးအောင်ထူးက ပြောကြားသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို မြန်မာစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့က ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် ဧရိယာ ၄၂၈၉ ဒသမ ၃၂ ဧကကို  သတ်မှတ်ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းအနက် ရေနက်ဆိပ်ကမ်းအတွက် ၆၀၇ ဒသမ ၈၈ ဧက၊ စက်မှုဇုန်စီမံကိန်းအတွက် ၂၄၄၆ ဒသမ ၀၇ ဧကနှင့် အဆင့်မြင့်အိမ်ရာ စီမံကိန်းအတွက်၁၂၃၅ ဒသမ ၃၇ ဧကတို့ ပါဝင်ကြောင်း၊ အဆိုပါဧရိယာအနက် မြေသိမ်းဆောင်ရွက်ရမည့် ၁၈၃၂ ဒသမ ၁၅ ဧကအတွက် မြေသိမ်းအက်ဥပဒေပုဒ် ၄ ပုဒ်မခွဲ (၁) အရ ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်စွဲပါ အမိန့်ကြော်ငြာစာ ထုတ်ပြန်ကြေညာခဲ့ပြီး မြေသိမ်းကော်လိတ္တော် အရာရှိအဖြစ် အပ်နှင်းထားသော ခရိုင်အုပ်ချုပ်ရေးမှူးက ယင်းကိစ္စအပေါ်တွင် ကန့်ကွက်ရန်ရှိပါက ကန့်ကွက်နိုင်ကြောင်း အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းမူဘောင် သဘောတူညီချက် (Framework Agreement) ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် နေပြည်တော်၌ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနှင့် CITIC Consortium တို့ အပြန်အလှန် လက်မှတ်ရေးထိုး ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းဆိုင်ရာ သဘောတူစာချုပ်နှင့် အစုရှယ်ယာများနှင့် သက်ဆိုင်သော သဘောတူစာချုပ်တို့ကိုလည်း လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး စာချွန်လွှာများကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၈ ရက်တွင် လဲလှယ်ခဲ့ကြကြောင်း၊ ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် စက်မှုဇုန်စီမံကိန်းတို့ကို တရုတ်နိုင်ငံ CITIC Consortium နှင့် မြန်မာဘက်မှ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ၄၂ ခုပါဝင်သော မြန်မာ- ကျောက်ဖြူအထူးစီးပွားရေးဇုန် ဟိုး (လ်) ဒင်းကုမ္ပဏီအုပ်စုများနှင့် သက်ဆိုင်သောကုမ္ပဏီတို့ ဆက်လက်အကောင် အထည်ဖော်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၏ အထူးစီးပွားရေးဇုန်သုံးခုဖြစ်သော ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်နှင့် ကျောက်တန်းမြို့နယ်ရှိ သီလဝါအထူးစီးပွားရေးဇုန်၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်ရှိ ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ရခိုင်ပြည်နယ် ကျောက်ဖြူအထူးစီးပွားရေးဇုန်တို့မှ ဆောင်ရွက်နေမှုအခြေအနေတို့ကို မေးမြန်းခဲ့ရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားသည်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းကို ပထမအဆင့် ဒေါ်လာ ၁ဒသမ ၃ ဘီလျံ ရင်းနှီးမြှုပ်နှံမှုဖြင့် စတင်ဆောင်ရွက်မည်ဖြစ်ပြီး စီးပွားရေးအရ တွက်ခြေကိုက်မှုအပေါ် မူတည်ပြီး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ယင်းအခြေအနေအပေါ် တရုတ်ဘက်က သဘောတူညီထားကြောင်း   အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

“ ရင်းနှီးမြှုပ်နှံမှုက အချိုးအစားအလိုက်ပဲ၊ ပထမအဆင့်က ဒေါ်လာ ၁ ဒသမ ၃ ဘီလျံပေါ့။ ဟိုတုန်းက ၇ ဒသမ ၃ ဘီလျံဆိုတာ သင်္ဘောဆိပ်ကြီးနှစ်ခု။ သင်္ဘောဆိပ်တစ်ခုကို ဆိပ်ခံတံတားခြောက်ခု၊ နောက်တစ်ခုက လေးခု၊ အဲလိုအကြီးကြီးပေါ့လေ။ အခုတော့ သင်္ဘောဆိပ်ကို ပထမသင်္ဘောဆိပ်မှာ ဆိပ်ခံ တံတားခြောက်ခုကနေ နှစ်ခုလောက်လုပ်ပြီးတော့ ကနဦးကုန်ကျစရိတ်ကို ဒေါ်လာ ၁ ဒသမ ၃ ဘီလျံလောက်ရှိမှာပေါ့။ နှစ်ခုစလုံးကို အပြည့်ဆောက်လိုက်ရင်တော့ ဒေါ်လာ ၇ ဒသမ ၃ ဘီလျံလောက် ကုန်မှာပေါ့။ အခုတော့ ကနဦး ကုန်ကျစရိတ်ကို ၁ ဒသမ ၃ ဘီလျံလောက် ကုန်မယ်လို့ ခန့်မှန်းပါတယ်။ Ward နှစ်ခုလုပ်ပြီးရင် ဒီမှာ Operation Costs ကိုက်တယ်ဆိုရင်တော့ ဆက်လုပ်မှာပေါ့။ အဆင့်ဆင့်သွားမှာ ဖြစ်ပါတယ်။ အရင်လုပ်တာ အရင်သုံးကြည့်မယ်၊ အသေးလေးတွေလေ။ စီးပွားရေးအခြေအနေအရပေါ့။ ကိုက်ရင် ဆက်လုပ်မယ်ပေါ့။ တရုတ်ဘက်ကလည်း သဘောတူပါတယ်။ ဆင့်ကဲဆင့်ကဲ သွားမှာပေါ့” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

 

 

Most Read

Most Recent