ကျောက်ဖြူစက်မှုဇုန် စီမံကိန်းကို တရုတ်နိုင်ငံဘက်မှ ရှယ်ယာ ၅၁ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံဘက်မှ ၄၉ ရာခိုင်နှုန်းဖြင့် ရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ သန်း ၃၀ ဖြင့် အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်နေကြောင်း စီးပွား/ကူးသန်း ဒုတိယဝန်ကြီး ပြောကြား

ကျောက်ဖြူစက်မှုဇုန် စီမံကိန်းကို တရုတ်နိုင်ငံဘက်မှ ရှယ်ယာ ၅၁ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံဘက်မှ ၄၉ ရာခိုင်နှုန်းဖြင့် ရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ သန်း ၃၀ ဖြင့် အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်နေကြောင်း စီးပွား/ကူးသန်း ဒုတိယဝန်ကြီး ပြောကြား
Published 15 February 2020

ကျောက်ဖြူစက်မှုဇုန်စီမံကိန်းကို တရုတ်နိုင်ငံဘက်မှ ရှယ်ယာ ၅၁ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံဘက်မှ ၄၉ ရာခိုင်နှုန်းဖြင့် ရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ သန်း ၃၀ ဖြင့် အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်နေကြောင်း စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

ဖေဖော်ဝါရီ ၁၄ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို မေးမြန်းသော သီလဝါ၊ ကျောက်ဖြူ၊ ထားဝယ် အထူးစီးပွားရေးဇုန်များနှင့် ပတ်သက်သည့်  မေးခွန်းအပေါ် စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ကျောက်ဖြူရေနက်စီမံကိန်း၏ မူဘောင်သဘောတူချက်ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် နေပြည်တော်၌ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနှင့် CITIC Consortium တို့ အပြန်အလှန် လက်မှတ်ရေးထိုး ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်စီမံကိန်းဆိုင်ရာ သဘောတူစာချုပ်နှင့် အစုရှယ်ယာများနှင့် သက်ဆိုင်သော သဘောတူစာချုပ်တို့ကိုလည်း လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး စာချွန်လွှာများကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၈ ရက်မှာ လဲလှယ်ခဲ့ကြကြောင်း၊ ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် စက်မှုဇုန်စီမံကိန်းတို့ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ CITIC Consortium နှင့် မြန်မာနိုင်ငံဘက်မှ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ၄၂ ခုပါဝင်သော မြန်မာကျောက်ဖြူအထူးစီးပွားရေးဇုန် ဟိုဒင်းကုမ္ပဏီအုပ်စု အများနှင့်သက်ဆိုင်သော ကုမ္ပဏီတို့ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ဆိုသည်။

“ ရေနက်စီမံကိန်းကို CITIC Consortium မှ ရှယ်ယာအချိုး ၇၀ ရာခိုင်နှုန်းဖြင့်လည်းကောင်း မြန်မာဘက်မှ ၃၀ ရာခိုင်နှုန်းဖြင့်လည်းကောင်း အဆင့်လို့် ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ  ၃ ဘီလျံဖြင့် စတင်အကောင်အထည် ဖော်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်လျက် ရှိပါတယ်။ စက်မူဇုန်စီမံကိန်းကိုလည်း CITIC ဘက်မှ ရှယ်ယာအချိုး ၅၁ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ မြန်မာဘက်က ၄၉ ရာခိုင်နှုန်းဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ သန်း ၃၀ ဖြင့် အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

အထက်ပါစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ပတ်ဝန်းကျင်ထိခိုက်မူ ဆန်းစစ်ခြင်း (EIA)၊ လူမူရေးထိခိုက်မူ ဆန်းစစ်ခြင်း (SIA) နှင့် ဘူမိဗေဒ မြေမျက်နှာသွင်ပြင် စစ်တမ်းကောက်ယူမှု (G.T Survey) လုပ်ငန်းများက တင်ဒါခေါ်ယူ ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းလျက်ရှိကြောင်း သိရသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို မြန်မာစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့က ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်ပါ  အမိန့်ကြော်ငြာစာဖြင့် ဧရိယာ ၄၂၈၉ ဒသမ ၃၂ ဧကကိုသတ်မှတ်ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းအနက် ရေနက်ဆိပ်ကမ်းအတွက် ၆၀၇ ဒသမ ၈၈ ဧက၊ စက်မှုဇုန်စီမံကိန်းအတွက် ၂၄၄၆ ဒသမ ၀၇ ဧကနှင့် အဆင်မြင့်အိမ်ရာ စီမံကိန်းအတွက် ၁၂၃၅ ဒသမ ၃၇ ဧကတို့ ပါဝင်ကြောင်း၊ အဆိုပါဧရိယာအနက် မြေသိမ်း ဆောင်ရွက်ရမည့် ၁၈၃၂ ဒသမ ၁၅ ဧကအတွက် မြေသိမ်းအက်ဥပဒေပုဒ်မ ၄၁ အရ ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်ပါ အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပြီး မြေသိမ်းကော်လိပ်တော် အရာရှိအနေဖြင့် အပ်နှင်းထားသည့် ခရိုင်အုပ်ချုပ်ရေးမှူးက ယင်းကိစ္စရပ်အပေါ် ကန့်ကွက်ရန်ရှိပါက ကန့်ကွက်နိုင်ကြောင်း အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားပြီးဖြစ်ဟု စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

 

Most Read

Most Recent